Home
မြန်မာသတင်း
 ‘ပ’ ၃ လုံးပြဿနာ အမြန်မဖြေရှင်းနိုင်ပါက တော်လှန်ရေးပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်နိုင်
DVB
·
May 2, 2024

စစ်ကိုင်းနဲ့ မကွေးတိုင်းက အခွန်ငွေအရများတဲ့ မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့အကြား  အကျိုးစီးပွားပြဿနာတွေ အဓိကဖြစ်ခဲ့ပြီး အချိန်တိုအတွင်း မဖြေရှင်းနိုင်ရင် ‘ပ’ ၃ လုံးပြဿနာဟာ တော်လှန်ရေးပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်လာနိုင်တယ်လို့ ဒေသတွင်း နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်း မြို့နယ်တွေမှာ ငွေကြေးနဲ့ လုပ်ပိုင်ခွင့် အကျိုးစီးပွား တွန်းတိုက်မှု ပြဿနာတွေ အများဆုံးဖြစ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အချိန်နဲ့တပြေးညီ မဖြေရှင်းနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။

လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလကစပြီး စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်အစုအဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် အသက်ဆုံးရှုံးရတဲ့အထိ ပြဿနာတွေ ကြီးထွားခဲ့ပြီး နောက်ပိုင်းမှာလည်း အလားတူ ပြဿနာတွေ မကြာမကြာ ဖြစ်ပေါ်ခဲ့တာပါ။

‘ပ’ ၃ လုံး အဖွဲ့အကြား ရှင်းလင်းတဲ့ အာဏာခွဲဝေတဲ့ ပုံစံတခု မတည်ဆောက်နိုင်ခဲ့တာက ပြဿနာတွေကို မထိန်းချုပ်နိုင်ခဲ့တဲ့ အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။

မကွေးဒေသခံ နိုင်ငံရေးသမားတဦးက “ပ သုံးလုံး ပြဿနာတွေကတော့ အခွန်ကောက်လို့ရတဲ့ နေရာတွေမှာ ပြဿနာပိုရှိတာပေါ့။ ပိုများတာပေါ့။ ရာခိုင်နှုန်း အချိုးအစားအရ ပြည်ထောင်စုကိုအပ်ရမယ့် အပ်ငွေကို လျှော့ပြတာတို့ အဲဒီပြဿနာတွေကလည်း နေရာတိုင်းလိုလို ကြားနေရတယ်၊ ကြုံနေရတယ်။ မကွေးတိုင်းထဲမှာ ပခုက္ကူခရိုင်တို့၊ ဂန့်ဂေါခရိုင်တို့က လက်နက်ကိုင်တော်လှန်တာလည်း စောတယ်၊ အခွန်နဲ့ပတ်သက်လို့ကြတော့လည်း ပခုက္ကူခရိုင်က ရေနံလက်ယက်တွင်းတွေ ရှိတယ်၊ ဂန့်ဂေါကြတော့ သစ်ဝါး အခွန်ကိစ္စတွေ ရှိတယ်ဆိုတော့ အဲဒီနေရာတွေမှာတော့ ပြဿနာများတယ်ပေါ့။ ကျန်တဲ့နေရာမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ခေါင်းဆောင်လုချင်တဲ့ ပြဿနာလောက်ပဲ ရှိတာပါ” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း NUG ထိန်းချုပ်နယ်မြေ ၄၂ မြို့နယ်ထဲက အခွန်ကောက်ခံရရှိငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၈၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာ မြို့နယ်တွေမှာ သုံးစွဲဖို့ NUG က တိုက်ရိုက်ပြန်ချပေးခဲ့ပြီး ၂၀ ရာခိုင်နှုန်းကိုသာ ဗဟိုက လက်ခံရယူခဲ့တယ်လို့ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဧပြီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ကုန်စည်လမ်းကြောင်းတွေကို ဂိတ်ဖွင့်အခွန်ကောက်ခံတာ၊ သစ်ကုန်ကူးတာတွေကနေ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက အဓိက ဝင်ငွေရှာဖွေခဲ့ကြပြီး မြေပြင်မှာ နယ်မြေလုကြတာတွေကြောင့် မကျေလည်မှုတွေဟာ တစစ ကြီးထွားလာနေပါတယ်။

စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမား ဦးစိုးဝင်းဆွေက “ပ သုံးလုံးပြဿနာတွေက ပစ်ထားတာ ကြာပြီပေါ့ဗျာ၊ မဖြေရှင်းဘဲနဲ့ပေါ့။ ဒါမှမဟုတ်ရင် ဖြေရှင်းသော်လည်းပဲ ထိထိရောက်ရောက် ဖြစ်မလာတာပေါ့။ တော်လှန်ရေးထဲမှာတော့ တော်တော်လှိုက်စားနေတဲ့ ပြဿနာတွေလို့ ပြောလို့ရပါတယ်။ ဆိုတော့ ဖြေရှင်းမယ်ဆိုရင်လည်း ၁ နှစ်မကြာဘူးဗျ။ ဝန်ထမ်းယန္တရားကောင်းကောင်း တည်ဆောက်ပြီးတော့ ဖြေရှင်းမယ်ဆိုရင်၊ နည်းမှန်မယ်ဆိုရင် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ့် ပြဿနာတွေလို့ မြင်တယ်။ မဖြေရှင်းနိုင်ဘူးဆိုရင်လည်း နောက်တနှစ်အတောအတွင်းမှာကို ဆိုးရွားစွာ ပုံရိပ်ထိခိုက်ပြီးတဲ့ အခါကျတော့ တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို အများကြီး အနှောင့်အယှက်ပြုနိုင်တဲ့ ပြဿနာတွေ ဖြစ်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ရပ်ကျေးနဲ့ မြို့နယ်အလိုက် လက်နက်ကိုင်အစုအဖွဲ့ ထောင်နဲ့ချီ ပြန့်ကျဲနေတာကို မစုစည်းနိုင်တာ၊ အစုအဖွဲ့ တခုချင်းစီက ရှင်သန်ရေးအတွက် နည်းလမ်းစုံနဲ့ ဖြေရှင်းကြတာ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စည်းကမ်းတွေကို မလိုက်နာတာတွေကြောင့် အချိန် ၂ နှစ်ကျော်တွင်းမှာ NUG တိုင်ကြားစာကော်မတီ ၃ ခုကို ရောက်လာတဲ့ NUG ဝန်ကြီးဌာန ၁၇ ခုဆီကို လိပ်မူထားတဲ့ တိုင်ကြားစာပေါင်း ၈၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

စစ်ကိုင်းယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “ပ သုံးလုံး ပြဿနာတွေက ပြည်ထောင်စုအဆင့်ကနေပြီးတော့ မြို့နယ်အဆင့်အထိ တိုက်ရိုက်ကိုင်တွယ်တာ ဖြစ်တဲ့အတွက် အလှမ်းဝေးလွန်းတယ်။ အုပ်ချုပ်မှုလေဟာနယ် ဖြစ်တယ်လို့ ကျနော်တို့ အမြဲတမ်းပဲ ပြောတာ ဖြစ်ကြတယ်။ ခေတ်ကာလအခြေအနေနဲ့ ကိုက်ညီမယ့် ကြားခံအဖွဲ့အစည်းတခု လိုတယ်။ တော်တည့်မှန်ကန်တဲ့ ယူနစ်အုပ်ချုပ်ပုံစနစ်တခု အများပါဝင်တဲ့ ယူနစ်အုပ်ချုပ်ရေးတခု တည်ဆောက်ပေးနိုင်မှ ဒီပြဿနာတွေရဲ့ ရာခိုင်နှုန်း လျော့ကျသွားပြီးတော့ ဖြေရှင်းနိုင်မယ်လို့ မြင်တယ်။ ဒါတော်လှန်ရေးကာလဖြစ်တဲ့အတွက် အားလုံးက ရောထွေးနေတဲ့ အခြေအနေတွေလည်း ဖြစ်တတ်တာရှိတယ်” လို့ ပြောပါတယ်။

လတ်တလောမှာ ကြားကာလအုပ်ချုပ်မှုဗဟိုကော်မတီ တိုင်ကြားစာကော်မတီကို တိုင်ကြားထားတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိနေပြီး အဲဒီအထဲက အမှုပေါင်း ၃၀ ကျော်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖြေရှင်းနေပါတယ်။ အမှုပေါင်း ၂၀ ကျော်ကို ပြည်ထဲရေးက ဖြေရှင်းနေရတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ပြဿနာတွေကို ဖြေရှင်းဖို့ အချိန် ၁ လ ၂ လအတွင်း စုံစမ်းစစ်ဆေးရေး ကော်မတီတခု အမြန်ဖွဲ့စည်းသွားမယ်လို့ သူကဆိုပါတယ်။

NUG ဝန်ကြီး ဦးလွင်ကိုလတ်က “ကာကွယ်ရေးဝန်ကြီးဌာနဆိုရင် ဖြေရှင်းကိုင်တွယ်နေတဲ့အမှု ၃၀ ကျော်လောက်ရှိတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဆိုရင်လည်း အမှုပေါင်း ၂၀ ကျော်လောက်ကို ကိုင်တွယ်ပြီးတော့ စစ်ဆေးနေတာတွေ ရှိပါတယ်။ ဒီကိစ္စတွေ ပစ်မထားဘူး။ တိုင်ကြားစာ လုပ်ငန်းယန္တရားတွေ ရှိနေတယ်။ ခုံရုံးဖွဲ့ပြီး စစ်နေတာတွေလည်း ရှိတယ်။ ကြားကာလအုပ်ချုပ်မှု Update ပြီးသွားပြီဆိုရင် မြေပြင်မှာ NUG ရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီတခုကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေထဲမှာ သေသေချာချာ ဖွဲ့ပြီးတော့ မြေပြင်ကိုပါ လိုက်ပြီး ထိန်းကျောင်းနိုင်တဲ့ ယန္တရားတခု နောက် ၁ လ ၂ လအတွင်းမှာ မဖြစ်မနေ ပေါ်ပေါက်အောင် လုပ်ပြီးတော့ အမှုတွေကို ချက်ချင်းဖြေရှင်းနိုင်အောင် NUG ရဲ့ တိုင်းအဆင့်၊ NUG ဗဟိုကို ကိုယ်စားပြုတဲ့ ထိန်းကျောင်းရေး လုပ်ငန်းစဉ်တခုကို အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

ဧပြီ ၄ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာကတည်းက ‘ပ’ သုံးလုံးပြဿနာကို ဖြေရှင်းဖို့၊ ‘ပ’ သုံးလုံးတွေကို စွမ်းဆောင်ရည်မြှင့်တင် ထိန်းကျောင်းဖို့ စတဲ့ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အဓိကထား ဆွေးနွေးစရာဖြစ်ခဲ့ပြီး ပြည်သူ့ညီလာခံ အတည်ပြု ဆုံးဖြတ်ချက်ထဲမှာ ‘ပ’ ၃ လုံး ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ပါဝင်ခဲ့ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024