Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် ဘီးလင်းတွင် ၂ ဦးဒဏ်ရာရ၊ ဓမ္မသရွာက စစ်ရှောင်များကို ပြန်လာခိုင်း
DVB
·
April 27, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသကျေးရွာက စစ်ရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်လာခိုင်းပြီး ဘီးလင်းမြို့နယ်မှာတော့ တိုက်ပွဲမရှိဘဲ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကေအဲန်ယူ သထုံခရိုင်တာဝန်ခံက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုဘက်ကို တိုက်ပွဲမဖြစ်ဘဲ ဧပြီ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ၃၁၄ အမြောက်တပ်က လက်နက်ကြီး ၄ လုံး၊ သထုံ ခမရ ၉ က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီးတွေဟာ ရွှေရောင်ပြကျေးရွာအုပ်စုက မရမ်းကုန်းကျေးရွာကို ၃ လုံး၊ မိချောင်းအိုင်ရွာဘေးကို ၁ လုံး နဲ့ မရမ်းကုန်းနဲ့ မိချောင်‌အိုင်ကြားမှာ ၃ လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၄၃ နှစ်အရွယ် စောသိန်းမြင့်နဲ့ စောမိုးသူ တို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၈ လုံးထိခိုက်ခဲ့ပြီး ရော်ဘာခြံတခြံ မီးလောင်ပျက်စီးခဲ့ပါတယ်။

ကေအဲန်ယူသထုံခရိုင်အ‌တွင်းရေးမှူး ပဒိုစောအေးနိုင်က “အမြောက်တပ်နဲ့ ခမရ ၉ ကနေ တိုက်ပွဲမရှိဘဲ ပြည်သူတွေကိုပစ်မှတ်ထားပြီး ရွာတွေဘက်ကို လှမ်းပစ်နေတာပါ။ ထိခိုက်မှုက မရမ်းကုန်းရွာသား ၂ ယောက်ကတော့ လက်နက်ကြီးစမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရခဲ့သလို အိမ် ၈ လုံးလည်း လက်နက်ကြီးစ မှန်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဘီးလင်းမြို့နယ်အတွင်းက KNU စိုးမိုးထားတဲ့ ကျေးရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါးပစ်ခတ်နေတယ်လို့ မရမ်းကုန်းရွာသားတဦးက ပြောပါတယ်။

“သူတို့က လက်နက်ကြီးတွေနဲ့ အမြဲပစ်နေကျပါ။ လက်နက်ကြီးအသံတွေက ရက်ခြားဆိုသလို ကြားနေပေမယ့် ကျနော်တို့ရွာဘက်က ကျတာအတော်ကိုနည်းပါတယ်။ ရွှေရောင်ပြအုပ်စု‌ထဲမှာရှိတဲ့ တခြားရွာတွေကတော့ ခဏ ခဏ ကျပါတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၂ ရက်နေ့ကလည်း သထုံ ခမရ ၉ က ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးထဲက တလုံးဟာ ဓနုကျေးရွာအုပ်စု၊ မရမ်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တလုံးထိခိုက်ပျက်စီးခဲ့ပါတယ်။

ကျိုက်မရောမြို့နယ်မှာတော့ ဓမ္မသကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီး စစ်ရှောင်တွေကို နေရပ်ပြန်လာခိုင်းသလို ရွာကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မီးရှို့တယ်ဆိုပြီး ဝါဒဖြန့်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဓမ္မသရွာအနီးနားတဝိုက်မှာ ဧပြီလအစကတည်းက စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး‌ ဧပြီ ၂၂ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ နောက်ဆုတ် ပေးလိုက်ရပြီးနောက် စစ်ကောင်စီက ဓမ္မသရွာကို ဝင်ရောက်တပ်စွဲခဲ့ပါတယ်။

စစ်ကောင်စီတပ်စွဲပြီးနောက် ဧပြီ ၂၅ ရက်နေ့ကစပြီး ဓမ္မသရွာ တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေနေရပ်ပြန်လာဖို့ ကျေးရွာအတွင်း ဗီနိုင်းပိုစတာတွေချိတ်တဲ့အပြင် နီးစပ်ရာတွေကတဆင့်  တိုက်တွန်းနေတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“စစ်တပ်က အိမ်တွေအကုန်မီးရှို့လိုက်ပြီးလေ။ သူတို့အခု ပြန်နေဖို့ခေါ်နေတာ ‌နေစရာအိမ်မှမရှိတာ ဘယ်မှာသွားနေရမလဲ။ ရွာထဲမှာလဲ ပြန်လာကြဖို့ ပိုစတာတွေချိတ်ထားတယ်။ မနက်က တယောက် တင်ထားတာတော့တွေ့တယ်။ ဟုတ် မဟုတ်တော့သေချာမသိဘူး။ ပြန်တဲ့သူတွေကို စစ်သားတွေက ငွေညှစ်နေသလို လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေလည်း ရှိနေတယ်ဆိုပြီးတင်ထားတာ” လို့ ပြောပါတယ်။

ဓမ္မသစစ်ရှောင်တွေဟာ ဂူတွေထဲမှာ နေထိုင်ကြရပြီး မီးလောင်ဗုံးကြဲခံရမှာစိုးတဲ့အတွက် နယ်စပ်ဘက်ကို ထပ်မံ‌စစ်ဘေးရှောင်နေကြသလို စစ်ရှောင်အများစုဟာလည်း စစ်တပ်မရှိမှ နေရပ်ပြန်ကြမယ်ဆိုပြီး ပြောတယ်လို့ မွန် ဖက်ဒရယ်ကောင်စီ လူသားစာနာနဲ့ ကယ်‌ဆယ်ရေးမှူး မိဆုတဂျိုက ပြောပါတယ်။

စစ်ကောင်စီက ဓမ္မသရွာကိုထိန်းချုပ်ပြီးနောက် သူတို့ပိုင်မီဒီယာတွေကနေ ဓမ္မသာရွာကို တော်လှန်ရေး အဖွဲ့တွေ မီးရှို့ခဲ့တယ်လို့ ဝါဒဖြန့်နေတာနဲ့ပတ်သက်ပြီး ဘယ်သူလုပ်တယ်ဆိုတာ ပြည်သူက သိနေပြီးသားလို့ မွန်လွတ်မြောက်ရေးတပ်မတော်(MLA) အတွင်းရေးမှူး နိုင်မာဃက ဆိုပါတယ်။

နိုင်မာဃက “သူတို့ ဝါဒဖြန့်တာနဲ့ပတ်သက်ပြီးပြောရရင် တော်လှန်ရေးက ၃ နှစ်တောင်ရှိပြီ ဖြစ်တဲ့အတွက် စစ်တပ်လုပ်ရပ်နဲ့ တော်လှန်ရေးအင်အားစုလုပ်ရပ်တွေကို ပြည်သူတွေ သိနေပြီးဖြစ်တဲ့အတွက် တကူးတက ရှင်းစရာမလိုပါဘူး။ ဓမ္မသရွာကို သူတို့ထိန်းချုပ်တာကတော့ ခဏပေးပျော်ထားတာဖြစ်သလို ပြည်သူအထိနာမှာစိုးလို့ပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဓမ္မသရွာ အိမ်အမြင့်တွေပေါ်မှာနေပြီး ကော့မိတ်ရွာနဲ့ အနီးနားရှိကျေးရွာတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တော်လှန်ရေးအဖွဲ့တွေ မီးရှို့ခဲ့တဲ့ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာနဲ့ ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာတို့ကို ပြန်လည်ထိန်းချုပ်ထားပြီး ပြည်သူတွေနေနိုင်ဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်‌ဆောင်နေတယ်လို့ ဧပြီ ၂၆ ရက်နေ့မှာ ဝါဒဖြန့်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၂၄ ရက်နေ့မှာ မွန်-ကရင်နယ်စပ်မှာရှိတဲ့ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို သိမ်းပိုက်ပြီးတဲ့ အချိန်ကစပြီး စစ်ကောင်စီက ဓမ္မသရွာကို မြေပြင်နဲ့ရေကြောင်းတို့က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာရဲ့ နေအိမ်ထက်ဝက်လောက် မီးလောင်ပျက်စီးခဲ့သလို လူ ၆,၀၀၀ ကျော်လည်း စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024