Home
အနုပညာ
အဆိုတော် လင်းလင်း၏ ‘ရောင်နီ”သီချင်း YouTube တွင် ကြည့်ရှုမှု ၁ သန်း ကျော်ရှိလာ (ရုပ်သံ)
DVB
·
April 26, 2024

တော်လှန်အနုပညာရှင်တဦးဖြစ်တဲ့ တေးရေးတေးဆို  လင်းလင်းရဲ့  “ရောင်နီ” သီချင်းဟာ YouTube မှာ သီတင်း ၂ ပတ်မပြည့်ခင်မှာပဲ  ဝင်ရောက်အားပေး ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

တယောသံတွေ၊ ဗုံသံ၊ ပတ်မတီးသံတွေနဲ့အတူ  စိတ်အားတက်ကြွစရာ တေးသွားစာသားတွေနဲ့ ဒီသီချင်းကတော့ သိပ်မကြာခင်က ကျင်းပခဲ့တဲ့ လင်းလင်းရဲ့ တော်လှန်ရေးရန်ပုံငွေ အွန်လိုင်းတကိုယ်တော်ရှိုးပွဲမှာ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းကို လွန်ခဲ့တဲ့ ၁၂ ရက်ကမှ   YouTube မှာတင်ခဲ့ရာမှာ ဧပြီ ၁၆ ရက် ဒီမနက် မြန်မာအချိန် မနက် ၁၀ နာရီခွဲလောက်အထိ  ကြည့်ရှုသည့်အကြိမ် အရေအတွက် ၁,၁၄၅,၀၀၀  ကျော်ရှိနေပြီ ဖြစ်ပါတယ်။

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဒီသီချင်းကို ကြည့်ရှုသူ ၁ သန်းကျော်ခဲ့ရင် မြောက်ပိုင်း ကချင်ပြည်နယ်အတွက် တော်လှန်တိုက်ပွဲဖော်ဆောင်ဖို့ လုပ်ဆောင်နေတဲ့ “ချစ်ခြင်းတည်စေ မနောမြေ” ကမ်ပိန်းမှာ ပါဝင်ကူညီကြဖို့ Challenge လုပ်ဆောင်နေကြကာ ငွေကျပ် ၁၀ သိန်း၊ ၅ သိန်း၊ ၂ သိန်း စသဖြင့် ပါဝင်နေကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က စတင်ကျင်းပခဲ့တဲ့ အဆိုတော် လင်းလင်းရဲ့ တကိုယ်တော်ရှိုးပွဲကို Delay Live အနေနဲ့ ပြန်လည်ပြသခဲ့ရာမှာတော့ ပရိသတ် ၂၂,၀၀၀ ကျော် လက်မှတ်ဝယ်ယူ ကြည့်ရှုအား ပေးခဲ့ကြပြီး လက်မှတ်တစောင်ကို မြန်မာကျပ်ငွေ ၃၀၀၀၀  သတ်မှတ်ထားကာ နိုင်ငံတကာကလည်း အားပေးနိုင်အောင် သက်ဆိုင်ရာငွေကြေးတွေနဲ့ သတ်မှတ်ရောင်းချခဲ့တာပါ။

ဒီရှိုးပွဲမှာ အဆိုတော် လင်းလင်းရဲ့ ဇနီးချစ်သုဝေ၊ ဝါရင့်အဆိုတော် တူးတူး၊ သရုပ်ဆောင် အောင်မြင့်မြတ်နဲ့  ဦးကျော်သက်လင်း (MRTV-CDM)တို့ အပါအဝင် တခြား တေးသံရှင်တွေလည်း ပါဝင်သီဆို ဖျော်ဖြေခဲ့ကြပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေ ကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၃ နှစ်ကျော် ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြပါတယ်။

Photo & YouTube Credit-Lynn Lynn

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024