Home
ဆောင်းပါး
ခရီးဆောင်အိတ်များနဲ့ လေဆိပ်ထဲက လူငယ်တွေ
DVB
·
April 25, 2024

ခရီးသွားသူနဲ့ ခရီးဆောင်အိတ်ဆိုတာ လမ်းခရီးတခုမှာ ဖယ်ခွာလို့မရတဲ့ မိတ်ဆွေတွေ ဖြစ်ကြတယ်။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီတဲ့သဘော။ ခေါ်‌ဆောင်ရာနောက်ကို အသံမထွက်ဘဲ တိတ်တဆိတ် လိုက်ပါလာသူဖြစ်တယ်။ သွားမယ်၊ လာမယ်၊ နေရာရွှေ့မယ်၊ အပြောင်းအလဲလုပ်မယ်ဆို ခရီးဆောင်အိတ်‌တွေက တနည်းမဟုတ်တနည်း ကပ်ပါလာတတ်ပါတယ်။ သက်မဲ့ခရီးသွားသူတွေလို့ တင်စားလို့ရနိုင်မယ်။ သက်ရှိတွေ သွားရာနောက် လိုက်ပါတတ်ကြတယ်။

လူငယ်တွေက ကုန်တိုက်ကြီးတွေကနေ ခရီးဆောင်အိတ်တွေဝယ်ပြီး ထွက်ထွက်လာကြတယ်။ ဘယ်အရပ် ဘယ်ဌာနေကို ရွက်လွှင့်ပျံသန်းကြမလဲတော့ မသိပါဘူး။ ခက်တာက ဒီရေ ဒီမြေမှာ သူတို့ကို သေနတ်ကိုင်ခိုင်းဖို့အတွက် ဥပဒေနဲ့ အတင်းအကျပ် စီစဉ်နေတာကို သူတို့လည်း သိနေကြပါတယ်။ သိနေကြလို့လည်း ခရီးဆောင်အိတ်တွေဝယ်ပြီး တနေရာရာကို ခေါင်းတိုး ထွက်ခွာသွားကြတော့မှာပါ။

ရန်ကုန်လေဆိပ်မှာ လူငယ်တွေ ခရီးဆောင်အိတ်ကြီးတွေတွန်းပြီး သွားလိုရာနေရာတခုခုကို စူးစမ်းငေးမောလို့ပါ။ လူငယ်တွေကို လေဆိပ်လိုက်ပို့ကြတဲ့ မိသားစုဝင်တွေ လိုက်ပါလာကြတယ်။ လေယာဉ်စီးရမယ့် အပေါ်ထပ်ကို ဓာတ်လှေကားနဲ့တက်ရင်း အနောက်မှာ ကျန်ခဲ့ကြတဲ့ သွေးသားအရင်းအချာတွေကို လက်ပြ နှုတ်ဆက်ကြတယ်။ နှုတ်ဆက်ထွက်ခွာသွားတော့မယ့်သူနဲ့ အနောက်မှာ ကျန်ခဲ့တဲ့သူတွေရဲ့ မျက်နှာတွေက နီမြန်းလို့။

“ကံမကုန်ရင် ပြန်ဆုံကြတာပေါ့” ဘယ်ကနေ ဘယ်သူက လှမ်းပြောလိုက်တဲ့ စကားလဲတော့ မသိပါဘူး။ မြန်မာပြည်ရဲ့လေဆိပ်မှာ ဒီစကားကြောင့် ဆွံ့အနေကြမှာပါ။ ဒီစကားသံကို ကြားလိုက်ရတဲ့သူတွေလည်း အခုလို ပြောချင်ကြလိမ့်မယ်။ ပြောမထွက်တာဘဲ ဖြစ်မှာပါ။ မိဘဘိုးဘွားတွေကို နှုတ်ဆက် ဦးချကန်တော့နေကြသူတွေလည်း ကိုယ့်ကမ်း ကိုယ်ပြန်ကပ်ချိန် ဒီအဘိုး ဒီအဘွား သက်ရှိထင်ရှား ရှိပါ့ဦးမလား ဆိုတာလဲ ‌မသေချာပါဘူး။ ကံမကုန်ရင်တော့ ပြန်ဆုံကြမှာပါလို့ပဲ လေပူတချက် မှုတ်ထုတ်လိုက်ရပါတော့တယ်။

လူကောင်သေးသေး အိတ်ထုပ်ကြီးကြီး။ ခရီးသွားသူဆိုတာ တနိုင်တပိုင် ခရီးဆောင်အိတ်နဲ့ဆို လုံလောက်နိုင်ပြီ မဟုတ်လားလို့ တွေးမိတယ်။ တချို့က လူတယောက် အိတ်ထုပ်တွေက နှစ်ထုပ် သုံးထုပ်ကို ထပ်လို့။ မိသားစုတစုစာ အသုံးအဆောင်တွေက လူတယောက်စာအတွက် လိုအပ်သလား အတွေးလွန်နေခဲ့ပါတယ်။

ဘယ်နေရာ ဘယ်အရပ်မှာ အလုပ်လက်မဲ့ဘဝနဲ့ ဘယ်လိုရပ်တည်ရမလဲ ဆိုတာမျိုးနဲ့ တကိုယ်စာအတွက် လပေါင်းများစွာ ကြိုတင်ပြင်ဆင် ထုပ်ပိုးလာတာမျိုးလည်း ဖြစ်နိုင်သေးတာကိုး။ အိတ်များများနဲ့ သယ်ပိုးလာတာဟာ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေကို တနေရာမှာ အချိန်ယူ အကောင်အထည်ဖော်ကြဖို့လည်း ဖြစ်မှာပါ။

တနေရာမှာ အကောင်အထည်ဖော်ခွင့် မရခဲ့တာတွေ တနေရာမှာ ဖွင့်ဟထုတ်ဖော်ဖို့အတွက် တနင့်တပိုး ထုတ်ပိုးသယ်ဆောင်လာကြတာမျိုး ဖြစ်နိုင်ပါတယ်။

အိပ်မက်တွေကို အချိန်တိုတိုနဲ့ အကောင်အထည် ဖော်နိုင်ကြပါစေ၊ လူငယ်တို့လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိပါတယ်။

နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်က အဓိကသွေးကြော ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးနဲ့ အလုပ်အကိုင် နေရာချထားရေးတွေမှာ အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံတာတွေကို အဓိကထား လုပ်ကိုင်ကြပါတယ်။

ထိရောက်တဲ့ စီမံခန့်ခွဲခြင်း မလုပ်နိုင်တဲ့အခါ ပြုန်းတီးမှုအများဆုံးနဲ့ ထိရောက်တဲ့ အသုံးချခြင်းကို မဆောင်ရွက်နိုင်ဘဲ ယိုပေါက်ဖြစ်ရတာဟာလည်း လူ့စွမ်းအားအရင်းအမြစ်ပဲ ဖြစ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်အပြင် မြေပေါ်မြေအောက် သယံဇာတ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ အသုံးချ စီမံနိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်ဟာ အရေးပါတဲ့ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ တိုင်းပြည်ရဲ့ လူစွမ်းအားအရင်းအမြစ် သွေးကြောဖြစ်တဲ့ လူငယ်တွေက ရရာနည်းနဲ့ ပြည်ပကို ထွက်ခွာလာကြရပါတယ်။ တချို့က အလုပ်ခွင်ထဲ အလုပ်လုပ်ဖို့၊ တချို့က စစ်မှုထမ်းဥပဒေကို ရှောင်ဖို့နဲ့ တချို့က မလုံခြုံတဲ့နေရာကနေ လုံခြုံရာနေရာကို ခဏတဖြုတ် တိမ်းရှောင်နေကြရင်း ဖြစ်ချင်တဲ့အိပ်မက်တွေကို မေ့ထားရတဲ့ အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့နေကြတာဟာ လူငယ်တွေပဲ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ မိုးတွေရွာထားပါတယ်။ လူအယောက်ပေါင်းရာကျော် တင်ဆောင်လာတဲ့ လေယာဉ်ကြီးက လေဆိပ်ကို ဆင်းသက်နေပြီ ဆိုတဲ့အကြောင်း ခရီးသည်အားလုံးကို အကြောင်းကြားပါတယ်။

မိုးရွာတယ်ဆိုတော့ အေးချမ်းခြင်းတဲ့။ အတိတ်ကောင်း နိမိတ်ကောင်းပဲဆိုပြီး ကောက်ယူလိုက်ပါသေးတယ်။ လေယာဉ်ဆိုက်တော့ အလျှိုအလျှို ထွက်ခွာသွားကြပါတယ်။ “သွားလမ်းလာလမ်း ဖြောင့်ဖြူးကြပါစေ”၊ “လိုရာခရီး အဆင်ပြေချောမွေ့ပါစေ” လေယာဉ်မောင်မယ်တို့က လေယာဉ်ပေါ်က ထွက်ခွာသွားကြမယ့်သူတွေကို နှုတ်ဆက်လို့။

လေယာဉ်စီးတိုင်း ခရီးစဉ်တခု ဆိုက်ရောက်ရင် အပြုံးချိုချိုနဲ့ ကြားရလေ့ရှိတဲ့ စကားသံပေါ့။ စကားတခွန်းကို မကြားရတော့ ရင်ထဲဟာတာတာကြီး ဖြစ်မိတယ်။ အခုတော့ ဒီလိုပြောခွင့် မရှိတော့တာလားပေါ့။ ပြောရမှာ ပြောမထွက်လို့လားလို့လည်း တွေးမိတယ်။ “ပြန်လည်ဆုံဆည်းကြပါစို့”၊ “နောက်များမှာ လေယာဉ်နဲ့ခရီးသွားတိုင်း ကျနော် ကျမတို့ရဲ့ လေကြောင်းလိုင်းကို ရွေးချယ်ဖို့ ဖိတ်ခေါ်ပါတယ်”၊ နောက်များဆိုတာ မသေချာလို့ပဲ နေမှာပါ။ ထွက်ခွာသွားသူ‌တွေရဲ့ နောက်ကျောမှာ မရွှင်ပျတဲ့ မျက်နှာတွေ။ ဒီမျက်နှာတွေက ပျော်စရာမကောင်းတဲ့ အပြန်ခရီးများ ဖြစ်နေမလားပေါ့။ ထိုင်ခုံအလွတ်များစွာနဲ့ ဒီလေယာဉ်ကြီးက သူ့အပြန်ခရီးကို ပျံသန်းသွားမှာပါ။ ပြီးတော့ အနောက်မှာ တနေရာရာ ထွက်ခွာသွားမယ့်သူတွေကို ခေါ်ဆောင်လာဦးမှာပါ။

ပြည်ပထွက်ခွာကြမယ့်သူတွေကို တင်ဆောင်ပျံသန်းပြီး လိုရာခရီး ပို့ပေးကြဦးမှာပါ။ သူတင်ဆောင်လာတဲ့ ခရီးသည်တွေ သွားလိုရာခရီးတွေတိုင်း အဆင်ပြေချောမွေ့စွာနဲ့ ဆိုက်ရောက်ကြပါစေလို့လည်း ဆုတောင်းပေးနေဦးမှာ ဖြစ်ပါတယ်။

လေဆိပ်ကြီးထဲ သူ့အထုပ်သူဆွဲ ကိုယ့်အထုပ်ကိုယ်ဆွဲ သွားလိုရာအရပ်ကို ဦးတည်နေကြပါတယ်။ ဒီနေရာက ဂိတ်ပေါက်ကို ကျော်လွန်ရဦးမှာမို့ တကြိမ် တန်းစီနေကြပါတယ်။ လူအုပ်ကြီးက တန်းစီနေကြတယ်။ နောက်ကြောင်းကို ပြန်လှည့်ကြည့်မိတော့ ရေခြားမြေခြားအရပ်ကို ရောက်ရှိလို့နေပါပြီ။ မျှော်လင့်ချက်တွေ အိပ်မက်တွေ ထုပ်ပိုးသယ်ဆောင်လာကြတဲ့ လူငယ်တွေကိုလည်း မတွေ့ရတော့ပါ။ သူတို့‌တွေ လွတ်မြောက်သွားကြပြီထင်တယ်။ “လိုရာခရီး ရောက်ကြပါစေ”၊ “လိုရာဆန္ဒကို အကောင်အထည် ဖော်နိုင်ကြပါစေ။”

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024