Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ အမှတ် ၂ ကုန်သွယ်ရေးလမ်းကြောင်းကို အိန္ဒိယဘက်က ပိတ်
DVB
·
April 21, 2024

အိန္ဒိယ-မြန်မာ နယ်စပ် အမှတ် ၂ ကုန်သွယ်ရေးလမ်းကြောင်း ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့တံတားကို အိန္ဒိယနိုင်ငံဘက်က ပိတ်ပစ်လိုက်တယ်လို့ ရိခေါဒါရ်မြို့ခံတွေဆီက သိရပါတယ်။

ဧပြီ ၁၇ ရက်နေ့ကစလို့ ပိတ်ထားတာဖြစ်ပြီး ၁၉ ရက်နေ့ ညနေ ၅ နာရီကစပြီး အိန္ဒိယဗဟိုအစိုးရရဲ့ လမ်းညွှန်မှုနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က ကုန်သွယ်ရေးကိုရော ပြည်သူတွေ သွားလာတာကိုပါ ပိတ်ပစ်လိုက်တာလို့ သိရပါတယ်။

ချင်းပြည်နယ်နဲ့ ရခိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အဲဒီနေရာက ပြည်သူတွေဟာ အိန္ဒိယနိုင်ငံဘက်က တင်သွင်းတဲ့ ကုန်ပစ္စည်းကိုသာ အဓိက ဝယ်ယူ အသုံးပြုနေရတာဖြစ်ပါတယ်။

ဟွာငိုးလ်ဒေသ ရိခေါဒါရ်မြို့ အုပ်ချုပ်ရေးမှုးက “စပိတ်တာတော့ ၁၇ ရက်နေ့ကတည်းကပါ။ ၁၉ ရက်နေ့မှာ ရွေးကောက်ပွဲရှိလို့ ပိတ်တာ။ ညနေ ၅ နာရီကျော်ကစပြီး လုံးဝကို ပိတ်ချလိုက်တာပါ။ ဗဟိုအစိုးရကနေ Free Movement Regime ဖျက်သိမ်းတာကြောင့်ဖြစ်မယ်လို့တော့ ယူဆရတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့တော့ ဒီလိုမျိုး လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်တာကို ကန့်ကွက်ထားပေမယ့်လည်း နိုင်ငံတကာနယ်စပ်ကိုတော့ ဗဟိုအစိုးရရဲ့ ထိန်းကျောင်းမှုရှိတော့ ဗဟိုအစိုးရရဲ့လုပ်ဆောင်ချက်တွေကို တားဆီးဖို့ခက်မယ်လို့ ယူဆရတယ်။ ဒီပုံစံနဲ့ဆို စစ်ရှောင်တွေ၊ ဆေးကုသဖို့လိုတဲ့ လူနာတွေအတွက်ရော နယ်စပ်တလျှောက် နေထိုင်စိုက်ပျိုး လုပ်ကိုင် စားသောက်ကြတဲ့ ပြည်သူတွေအများစုအတွက်တော့ ကြီးကြီးမားမား သက်ရောက်မှုကြီးစေမယ်လို့ ယူဆရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပြီး ဟွာငိုလ်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေဖြစ်တဲ့ ရိခေါဒါရ်မြို့မှာ ချင်းပြည်နယ်အတွင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ပြည်သူတွေ သွားရောက်စစ်ဘေးရှောင်နေကြရပြီး နယ်စပ်တံတားကို အိန္ဒိယဘက်က ပိတ်ပင်ထားတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ စားသောက်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024