Home
အာရှဒေသ
တရုတ်ငါးဖမ်းသမားတွေကို ဖမ်းဆီးမှုက တောင်တရုတ်ပင်လယ် တင်းမာမှုကို မီးမောင်းထိုးပြ
DVB
·
September 13, 2014
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်က ကျောက်တန်းတွေ ရေပိုင်နက်တွေအပေါ် အရှေ့ တောင်အာရှနိုင်ငံတွေနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒေသတွင်း အာဏာပိုင်တွေဟာ သူတို့ပိုင်တယ်လို့ဆိုထားတဲ့ရေပြင်မှာ ငါးခိုးဖမ်းတဲ့ တရုတ်တံငါသည်တွေ ကို မကြာခဏ ဖမ်းဆီးနေပါတယ်။ ဒီတပတ်မှာတော့ တံငါသည်အချို့ လာရောက်ပြီး အမှုရင်ဆိုင်ကြပါတယ်။ ဒီအမှုဟာ ဒေသတွင်းတင်းမာမှုတွေကို မီးမောင်းထိုးပြလိုက်တာပဲလို့ ဂျေဆန်စ ထရော့သာ ကဆိုပါတယ်။ Philippines_Chinese_Fishremen_Trial_web_140906_672ချီတိုဗစ်လာရင်က သူ့ငါးဖမ်းလှေလေးကို စက်နှိုးလိုက်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ သူဟာ လှေဝမ်းနင့်အောင် ငါးတွေမိမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ပါလာဝန် အနောက်ဘက် ကမ်းလွန်က တောင်တရုတ်ပင်လယ်ပြင်ကိုထွက် ငါးဖမ်းပြီး အသက်မွေးနေသူပါ။ “ကျနော်က ငါးတွေ ရေဘ၀ဲတွေ အရွယ်စုံဖမ်းတယ်။ ကျနော့်ငါးဖမ်းစက်လှေနဲ့ ပင်လယ်ထဲ ကီလိုမီတာ ၂၀ ထိ ထွက်တယ်”လို့ ချီတိုဗစ်လာရင်ကဆိုပါတယ်။ ဒါပေမယ့် ဗစ်လာရင်လို တံငါသည်တွေတင် ဒီရေပြင်ကိုထွက်ပြီး ငါးဖမ်းကြတာ မဟုတ်ပါဘူး။ ပါလာဝန်ကမ်းလွန်မှာ နိုင်ငံခြားမှောင်ခိုငါးဖမ်းသမားတွေကိုပါ တွေ့နေရပါတယ်။ ဒါကြောင့် ဒီနိုင်ငံအာဏာပိုင်တွေက ဟန့်တားဖို့ကြိုးစားနေရပါတယ်။ ရေယာဉ်အုပ် အော့စ်မွန်ဒိုဆလစ်တိုက “ကျနော်က အခု ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ အထူးရေယာဉ်တပ်ဖွဲ့ဦးစီးတဲ့ မြန်နှုန်းမြင့် ရေယာဉ်ပေါ် ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒီရဲတပ်ဖွဲ့ကို ရာဇ၀တ်မှုအမျိုးမျိုးတိုက်ဖျက်ဖို့ ရေယာဉ် ၆ စင်းထောက်ပံ့ပေးထားတယ်”လို့ ရှင်းပြ ပါတယ်။ “မူးယစ်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ ပင်လယ်ဓားပြမှု၊ တရားမ၀င်ငါးခိုးဖမ်းမှုနဲ့ အခြားရာဇ၀တ်မှုတွေပါပါတာပေါ့”လို့ ဆလစ်တိုက ဆက်လက်ပြောဆိုပါတယ်။ ခုဆိုရင် တရားမ၀င်ငါးဖမ်းတဲ့ နိုင်ငံခြားသားတံငါသည်တွေကိုဖမ်းဆီးရတာ ပိုများလာပါတယ်။ အထူးရေယာဉ်တပ်ဖွဲ့စခန်းရဲ့ ဆိပ်ကမ်းမှာ ကျောက်ချထားတာကတော့ မီတာ ၃၀ အလျားရှိတဲ့ သင်္ဘောကြီးပါ။ တရုတ်လူမျိုး ၁၁ ဦးနဲ့ ကာကွယ်ထားတဲ့ ပင်လယ်လိပ်တွေ ဖမ်းရာမှာ ကြံရာပါဖြစ်တဲ့ ဖိလစ်ပိုင်လူမျိုး ၅ ဦးကို ဖမ်းဆီးထားကြောင်း အဏ္ဏ၀ါရဲ့တပ်ဖွဲ့က ပြောပါတယ်။ သူတို့ကို တောင်တရုတ်ပင်လယ် လခြမ်းသောင်စွယ်နားက ရေပြင်မှာ တွေရှိ့ခဲ့တာဖြစ်ပြီး အဲဒီနေရာက တရုတ်နဲ့ ဖိလစ်ပိုင် ပိုင်နက်အငြင်းပွားရာ စပရက်တလီကျွန်းစုဧရိယာဖြစ်ပါတယ်။ မေလက ဖမ်းဆီးလိုက်တဲ့လုပ်ရပ်အပေါ် ပေကျင်းအစိုးရက တုံ့ပြန်တဲ့အနေနဲ့ ရေလုပ်သား တွေရော ရေယာဉ်ကိုပါ ပြန်လည်ပေးအပ်ဖို့ မနီလာအစိုးရကို ရာဇသံပေးခဲ့ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်အာဏာပိုင်တွေက တရုတ်ရေလုပ်သားတွေကို တရားစွဲဆိုခဲ့ပါတယ်။ ခုဆိုရင် အမှုရင်ဆိုင် နေရပြီး စီရင်ချက်ချခဲ့ရင် မျိုးစိတ်ကာကွယ်ရေးဥပဒေကို ချိုးဖောက်တဲ့အတွက် ထောင်ဒဏ် ၁၂ နှစ်ကနေ အနှစ် ၂၀ ထိ ကျခံရမှာဖြစ်ပါတယ်။ ကာကွယ်ထားတဲ့သန္တာကျောက်တန်းဇုန်မှာငါးခိုးဖမ်းခဲ့တဲ့ပြစ်မှုအတွက် နောက်ထပ်တရုတ်လူမျိုး ၁၂ ဦးကို ပါလာဝန်တရားရုံးက နောက်လမှာ စီရင်ချက်ချသွားမှာပါ။ သူတို့က ထောင်ဒဏ် ၆ နှစ်ကနေ ၁၂ နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။ အရင်ကဆိုရင် သူတို့က တန်းတွေ ပိုက်တွေချပြီး ငါးဖမ်းကြတာဖြစ်ပေမယ့် အခုဆိုရင် ခေတ်မီနည်းတွေနဲ့ဖမ်းလာကြပါပြီ။ ပါလာဝန်မြို့ရဲ့ အစိုးရရှေ့နေချုပ် အယ်လန်ရော့ဒရီဂူးဇ်က “သူတို့ငါးဖမ်းလှေတွေမှာ ဂျီပီအက်စ်တွေ ဆိုနာတွေတောင် ပါတယ်။ သူတို့က ဖိလစ်ပိုင်တွေဆီက ရှားပါးမျိုးစိတ်တွေလည်း ၀ယ်ကြသေးတယ်”လို့ ဆိုပါတယ်။ အာဏာပိုင်တွေက တရုတ်တံငါသည်တွေကိုပဲ ပစ်မှတ်ထားနေတာတော့မဟုတ်ဘူးလို့ ရော့ဒရီဂူးဇ် ကဆိုပါတယ်။ ဒါပေမယ့် သူတို့အားလုံးက ဖိလစ်ပိုင်နိုင်ငံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာပါလို့ အယ်လန်ရော့ဒရီဂူးဇ်က အခိုင်အမာ ဆိုပါတယ်။ “အထောက်အထားက အရမ်းခိုင်လုံတယ်။ သူတို့ကို ပေးလွှတ်ဖို့မဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ တရားစီရင်မှုကို ခံယူရမယ်လို့ ကျနော်အခိုင်အမာယုံကြည်တယ်။” တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေမြင့်တက်လာနေပါပြီ။ ဒီနှစ်မှာ ဗီယက်နမ်နိုင်ငံ ပိုင်နက်ပါ လို့ဆိုထားတဲ့ရေပြင်မှာ တရုတ်က ရေနံတူးစင်ဆောက်ဖို့ ကြီးစားခဲ့ပါတယ်။ ဖိလစ်ရေတပ်က သူတို့ရဲ့ထောက်ပို့ရေယာဉ်တွေကို တရုတ်တပ်ဖွဲ့တွေက ပိတ်ဆို့ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ မကြာခင်ကဒီရေပြင်ရဲ့လေပိုက်နက်မှာ အမေရိကန်ပိုင် လေယာဉ်တစီးကို တရုတ်တိုက်လေယာဉ် တစီးက ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်လို့ ၀ါရှင်တန် အစိုးရက ဆိုပါတယ်။ တရုတ်တံငါသည်တွေရဲ့ ရေပိုင်နက်ကျူးလွန်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေတာတွေဟာ ပေကျင်းအစိုးရရဲ့ နယ်မြေချဲ့ ထွင်ရေးစီမံကိန်းရဲ့ ပြယုဂ်ပဲလို့ မနီလာမှ လေ့လာသုံးသပ်သူအချို့က ပြောပါတယ်။ ''တံငါသည်တွေက တရုတ်အစိုးရရဲ့ တပိုင်းချင်းဝါးမြိုရေး(ပါးပါလှီး)ဗျူဟာ salami slice strategy ရဲ့ တစိတ်တဒေသပဲလေ။ သူတို့က ငါးဖမ်းရေယာဉ်အုပ်တွေ၊ တံငါသည်တွေ၊ အရပ်ဘက် သင်္ဘောတွေကို အသုံးချပြီး ငါးခိုးဖမ်းဖို့ ရေပြင်ကိုမောင်ပိုင်စီးဖို့ ကြိုးစားနေတာ။ သူတို့က အရပ်ဘက်အင်အားကိုသုံးနေတာ။ တံငါသည်တွေက ရှေ့ပြေးတပ်တွေပဲလေ။ ကျနော်တို့ ကလည်း ရှေ့ဆက်ကျူးကျော်လာရင် ခြေလှမ်းလာရင် ရိုက်ချိုးပစ်မယ်ဆိုတာ တရုတ်အစိုးရ သိအောင် ပြနေတာပါ။ ဒါက အပြတ်ကြေညာလိုက်တာပဲ။'' ပေကျင်းအစိုးရကလည်း ဖိလစ်ပိုင်ဘက်က ဖမ်းဆီးထားတဲ့ ငါးဖမ်းသမားတွေက တရုတ်ရဲ့ အချုပ်အခြာ အာဏာပိုင်ရေပြင်ထဲမှာရှိတယ်လို့ အခိုင်အမာဆိုထားပါတယ်။ လုံခြုံရေးကို ထိပါးရုံတင်မက တရုတ်တံငါသည်တွေဟာ ပါလာဝန်ရဲ့စီးပွားရေးနဲ့ ပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်နေတယ်လို့ ပူအာတိုပရင်စက်ဆာက သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဥပဒေ စိုးမိုးရေး စင်တာမှ ဒါရိုက်တာ ဂရစ်ဇယ်လ်ဒါအန်ဒါက ဆိုပါတယ်။ မှတ်တမ်းမှတ်ရာတွေ မရှိပေမယ့် နိုင်ငံခြားသားငါးခိုးဖမ်းသူတွေ ကြောင့် ဒေသတွင်းဂေဟစနစ်ကို ဘယ်လောက် ထိခိုက်နေပြီဆိုတာ တွေးကြည့်ဖို့လွယ်ပါတယ်လို့ သူမကပြောပါတယ်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဥပဒေ စိုးမိုးရေး စင်တာမှ ဒါရိုက်တာ ဂရစ်ဇယ်လ်ဒါအန်ဒါက ''ပင်လယ်လိပ်ရာပေါင်းများစွာကို သူတို့ခိုးဖမ်းတာပဲကြည့်လေ။ အခြားအဏ္ဏ၀ါသက်ရှိတွေဆိုရင် သန်းချီပြီး ရှိမှာပဲ။ သူတို့က ဂေဟစနစ်ဟန်ချက်ကို ထိန်းပေးတဲ့သတ္တ၀ါတွေ။ သူတို့ရှိနေမှ သန္တာ ကျောက်တန်းတွေမပျက်စီးမှာ။ ဒီကျောက်တန်းတွေက အဏ္ဏ၀ါသက်ရှိတွေ မှီတင်းရာနေရာတွေ ပဲ။ အဲတော့ သူတို့လုပ်ရပ်ဟာ ပါလာဝန်နဲ့တခြားဒေသတွေက ရေလုပ်သားတွေရဲ့ အသက်မွေးမှုကို ဘယ်လောက်ထိခိုက် သွားမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့''လို့ ပြောပါတယ်။ အရင်ကဆိုရင် နိုင်ငံခြားသားငါးဖမ်းသမားအချို့ဟာ ဥပဒေအရအပြစ်ပေးမခံရအောင် လာဘ်ထိုး ပြီး အလွတ်ရုန်းခဲ့ကြပေမယ့် အခုတော့ လုပ်လို့မရတော့ဘူးလို့ အန်ဒါကဆိုပါတယ်။ ခုဆိုရင် တရုတ်တံငါသည် ၉ ယောက်ကို တရားစွဲထားပြီမို့ စီရင်ချက်ချတဲ့အချိန်မှာ သမ္မတဆီ အသနားခံစာ တင်မှပဲ ထောင်ဒဏ်ကလွတ်မယ်လို့ အယ်လန်ရော့ဒရီဂူးဇ်က ပြောပါတယ်။ ဒါပေမယ့် ဒီလို့လုပ်လည်း ရမှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ ရော့ဒရီဂူးဇ်က “အရင်သမ္မတအာရိုယိုလက်ထက်တုန်းကတော့ တရုတ်တံငါသည်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နေရပ်ကိုပြန်ခွင့်ပြုခဲ့ဖူးတယ်။ ဒါပေမယ့် အကွီနိုရဲ့အစိုးရ လက်ထက်မှာ ခုချိန်ထိ အဲလိုလုပ်တာ မကြားဖူးသေးဘူး”လို့ ဆိုပါတယ်။ ဒီတရားခွင်ဟာ လာမယ့်စက်တင်ဘာလကုန်လောက်မှာပြီးမယ်လို့ ရော့ဒရီဂူးဇ်က မှန်းထားပါ တယ်။ Asia Calling အစီအစဉ်အတွက် ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်မြို့မှ သတင်းထောက် ဂျေဆန်စ ထရော့သာ က သတင်းပေးပို့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024