Home
မြန်မာသတင်း
ဘူးသီးတောင်တိုက်ပွဲ၌ ထွက်ပြေးနေသည့် စစ်ကောင်စီ ဒုတပ်ရင်းမှူးကို အေအေ ဖမ်းမိ
DVB
·
April 8, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် ခမရ (၅၆၄) တပ်ရင်းကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း လက်နက်မချဘဲ ထွက်ပြေးနေတဲ့ ခမရ(၅၆၅)တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို လက်ရဖမ်းမိခဲ့ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်ဟာ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်း ဌာနချုပ်ကို AA တပ်တွေတိုက်ခိုက်သိမ်းပိုက်စဥ်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထဲက တဦးဖြစ်ပြီး ဧပြီ ၅ ရက်မှာ ဘူးသီးတောင်မြို့နယ် ဘဒနာကျေးရွာ အနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။

ဗိုလ်မှူး ဇော်ဇော်အောင်ကို ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိတာဖြစ်ပြီး ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့ဝင်တွေက  လူသားချင်းစာနာစွာနဲ့ ဆေးကုသပေးနေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ထွက်ပြေးမယ့်အစား လက်နက်ချအညံ့ခံတာက အသက်ရှင်ဖို့ အခွင့်အရေးပိုရှိတယ်လို့ ရခိုင်စစ်ရေးအကဲခတ်သူတဦးက ပြောပါတယ်။

"ရခိုင်တိုက်ပွဲ လေးလကျော်မှာ ဗျူဟာစခန်း၊ တပ်ရင်းဌာနချုပ်နဲ့ တပ်စခန်းပေါင်း ရာနဲချီပြီး သိမ်းပိုက်ထားတဲ့ အထဲက လက်နက်ချ အညံ့ခံသူတွေ ထောင်နဲ့ချီပြီးရှိကြတယ်။ အဲဒီအထဲမှာ တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးတွေက အစပါကြတယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ အညံ့မခံဘဲ ထွက်ပြေးကြဖို့အစား လက်နက်ချ အညံ့ခံလိုက်တာက အသက်ရှင်ဖို့ အခွင့်အရေး ပိုရှိတယ်။”

ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိထားတဲ့ ခမရ ၅၆၄ စခန်းက လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ကလိုက်လံ ချေမှုန်းနေတာမှာ ဧပြီ ၇ ရက်အထိ ၁၀ ယောက် ကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပြီး တခြားလွတ်မြောက်နေသူတွေကို ဆက်လက်လိုက်လံ တိုက်ခိုက် ချေမှုန်းနေပါတယ်။

ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းကို ဧပြီ ၅ ရက်မနက်မှာ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့တာဖြစ် ဘူးသီးတောင်အခြေစိုက် ခမရ  ၅၅၂ တပ်ရင်းကိုလည်း မတ် ၂၅ ရက်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

လက်ရှိမှာ ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ မြေပုံမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အေအေတို့ စစ်ရေးပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024