Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံ အုပ်စုဖွဲ့အရိုက်ခံရ
DVB
·
March 29, 2024

ထိုင်းနိုင်ငံ ဘန်ကောက်  ဘန်းနားနယ်မြေ ဆုခိုဝိတ် ၁၀၅ လမ်းထဲမှာ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံကို လူပေါင်း ၁၀ ယောက်ကျော်လောက်က အုပ်စုဖွဲ့ ရိုက်နှက်ခဲ့လို့ ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။

သူတို့အနေနဲ့  မတရားခံရတာဖြစ်လို့ သက်ဆိုင်ရာကို တိုင်တန်းပေးဖို့ ပြီးခဲ့တဲ့ မတ် ၂၇ ရက်က ဖုန်းဆက်အကူအညီတောင်းလာတာကြောင့် ဘန်းနားနယ်မြေရဲစခန်းမှာ တိုက်ချက်ဖွင့်ပေးခဲ့သလို ချင်းမိုင်မှာရှိတဲ့ ဆွေမျိုးတွေနဲ့လည်း ဆက်သွယ်ပေးခဲ့တယ်လို့ ဖရားဒွန်းဖ်က် ထိုင်းနိုင်ငံရေးပါတီမှ ခွန်စူရချတ် ဖြူဒဲန်းက DVB ကို ပြောပါတယ်။

“ကျနော်က ဒုက္ခရောက်နေသူတွေ လိုက်ကူညီတတ်တယ်ဆိုပြီး တနေ့က ဖုန်းဆက် အကူအညီ တောင်းလာတယ်။ သူတို့လင်မယားက ရေခဲစက်ရုံမှာ အလုပ်လုပ်တယ်၊ မတ်လ ၂၃ ရက် မနက် လေးနာရီခွဲလောက်မှာ ရေခဲရောင်းနေတုန်း ဟိုင်းလပ်ကားတစီးက ဖြတ်သွားဖြတ်လာလုပ်ပြီး ခဏနေတော့ လူ ၁၀ ယောက်လောက်ဆင်းလာပြီး တုတ်တွေ ဓားတွေနဲ့ ရိုက်တာတဲ့။ မိန်းမက မျက်နှာတွေမှာ ဒဏ်ရာရပြီး ယောကျ်ားက ကိုယ်မှာရော ခေါင်းမှာရော ဒဏ်ရာရလို့ ကယ်ဆယ်ရေးကားရောက်လာပြီး ဆေးရုံတင်ပေးရတယ်။ သူတို့ အရမ်းကြောက်သွားတယ်၊ ပြီးတော့ ကျနော့်ဆီ ဖုန်းဆက်လာတယ်၊ ကျနော်လည်း ဘန်းနားနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ပေးခဲ့ပါတယ်။ သူတို့က ဘန်ကောက်မှာနေရမှာ ကြောက်လို့ဆိုပြီး သူတို့အဖေရှိတဲ့ ချင်းမိုင်ကို ပြန်ပါရစေလို့ ပြောတော့ ကျနော်လည်း ဆက်ပြီး ပို့ပေးလိုက်တယ်၊ အခု ချင်းမိုင်မှာ ဆေးကုနေတယ်။”

အစကတော့ ထိုင်းလူငယ် လူရမ်းကားတစုက သူတို့ကို သက်သက်အနိုင်ကျင့်တာလို့ ထင်မိကြောင်း၊ ဆက်လက်စုံစမ်းကြည့်ရာမှာတော့ အခင်းမဖြစ်ခင် ညဦးပိုင်းက သူတို့စက်ရုံမှာ မွေးနေ့ပွဲလုပ်တယ်၊ မိန်းကလေးက ပွဲသွားတော့ အလုပ်ရှင်က ပေးမဝင်ဘူး။ အလုပ်မပြီးလို့လား၊ တခြားဘာအကြောင်းကြောင့်လားတော့ မသိဘူး။ အဲဒါ သူ့ယောကျ်ားကို လာတိုင်တယ်။ သူ့ယောကျ်ားနဲ့ သူငယ်ချင်းက အဲဒီမှာ ပြန်လာပြောပြီး စကားများကြတယ်၊ သူ့သူငယ်ချင်းက စက်ရုံတံခါးကို ဘီယာဘူးနဲ့ ပေါက်ထည့်လိုက်တယ်။ သူတို့အိမ်ပြန်လာပြီး မနက်စောစော ဆိုင်ဖွင့်မလို့လုပ်တော့ ဟိုဘက်က အုပ်စုနဲ့ လာရိုက်သွားတာ။

ဘယ်ဘက်က မှားတယ် မှန်တယ် ဆိုတာ မသိရပေမဲ့ အလုပ်ရှင်အနေနဲ့ အုပ်စုဖွဲ့ရိုက်တာ အားမပေးသင့်ဘူး၊ ညှိနှိုင်းဖြေရှင်းပေးသင့်တယ်။ တရားဥပဒေလည်းရှိတယ်။ အခုက ဒဏ်ရာအကြီးအကျယ်ရတာ ဆေးရုံလည်းလာမကြည့်၊ ဆေးဖိုးဝါးခလည်း တပြားမှ လာမကူဘူး။ ရဲစခန်းကလည်း ငြိမ်နေတယ်။ အလုပ်ရှင်က ရပ်ကွက်ထဲမှာ ဩဇာညောင်းတယ်လို့လည်း သိရတယ်။ ဝိုင်းရိုက်တဲ့လူတွေက သူတို့ ရွှေ့ပြောင်းအလုပ်သမားချင်းတွေပါပဲလို့ ဆိုပါတယ်။

အရိုက်ခံရတဲ့ လင်မယားမှာ စိုင်းစံလူ (၂၄ နှစ်) နဲ့ နန်းအောင်ဆာ (၂၀ နှစ်) တို့ဖြစ်ပြီး အမျိုးသမီးထက် အမျိုးသားမှာ ပိုပြီး ဒဏ်ရာပြင်းထန်ကြောင်း၊ ဦးနှောက်ထဲဝင်နေတဲ့ သွေးတွေ ခွဲထုတ်ရမယ်၊ သူတို့မှာ ကျန်းမာရေးအာမခံကတ်လည်း မရှိတဲ့အတွက် ဆေးကုသစရိတ်ပါ ခက်ခဲနေတယ်၊ သူ့အနေနဲ့တော့ ရဲစခန်းကို ထပ်သွားပြီး တရားမျှတမှုရ‌ရေး ဆက်လက်ကူညီပေးသွားမယ်လို့ ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024