Home
ဆောင်းပါး
တိုက်ခိုက်ခံနေရသော အိန္ဒိယ အရပ်ဘက်အဖွဲ့အစည်း
DVB
·
March 29, 2024

ဖိနှိပ်ဖြိုခွဲနေမှုတွေက မူဝါဒချမှတ်မှုဆိုင်ရာတွေအပေါ် ထိခိုက်စေကာ ဆင်းရဲသူ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာတို့ရဲ့ ဘဝကိုလည်း ထိခိုက်နေစေတယ်။

အဲန်ဂျီအို (NGO) တွေက အိန္ဒိယနိုင်ငံမှာ အကြီးဆုံး လုပ်ငန်းနယ်ပယ်တခုပါ။ Industries လို့တောင် သုံးနှုန်းကြပါတယ်။ မှတ်ပုံတင်ထားတဲ့ အဲန်ဂျီအိုချည်း နှစ်သိန်းကျော် ရှိပါတယ်။ အိန္ဒိယရဲ့ စိုက်ပျိုးရေးနဲ့ ငွေကြေးကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီ အရေအတွက်ထက်ကို ပိုပါတယ်။ ဒီလို အလှူပေးရေးနဲ့ အကျိုးအမြတ်မယူတဲ့ လုပ်ငန်းတွေက အငယ်စားကနေပြီး အိန္ဒိယတနိုင်ငံလုံး ကွန်ရက်တွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအထိ ပါဝင်ပါတယ်။ လူဆင်းရဲ သန်းပေါင်းများစွာကို ကူညီပေးနိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရဖို့ တက်ကြွလှုပ်ရှားသူတွေက ကူညီပေးခဲ့ကြပြီး အဲဒီအချိန်ကစလို့ အိန္ဒိယနိုင်ငံအစိုးရရဲ့ အလွန်အကျူး အာဏာသုံးမှုတွေကို ကန့်သတ် ထိန်းချုပ်နိုင်ဖို့ ကူညီပေးခဲ့ကြပြီး အားနည်းချက်တွေကို အစားထိုး ဖြည့်ဆည်း ကူညီနိုင်ခဲ့ကြပါတယ်။

အိန္ဒိယကို ပံ့ပိုးကူညီရေး (Care India) အဖွဲ့က ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းတွေနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် တခြားဝန်ဆောင်မှုတွေ ပေးခဲ့ကြပါတယ်။ ၂၀၂၁-၂၂ ခုနှစ်မှာ လူပေါင်း ၈၄ သန်းကို ကူညီပေးနိုင်ခဲ့ပါတယ်။ သုတေသန အဖွဲ့အစည်းလိုမျိုးဖြစ်တဲ့ မူဝါဒသုတေသနဆိုင်ရာစင်တာ (Centre for Policy Research- CPR) က ဒေလီအခြေစိုက် ဉာဏ်ကြီးရှင် think-tank အဖွဲ့အစည်းဖြစ်ပြီး မူဝါဒ အများအပြားကို မူကြမ်းရေးပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဆင်းရဲမွဲတေမှုစီမံကိန်းတွေအတွက် စမ်းသပ်ဓာတ်ခွဲခန်းတွေလို ဖြစ်စေခဲ့ပါတယ်။ မှတ်ပုံတင်ထားတဲ့ အဲန်ဂျီအိုတွေက အဖွဲ့တွေကြားမှာ အနည်းစုဖြစ်ပေမဲ့ လူပေါင်း ၂ ဒသမ ၇ သန်းကို အလုပ်ပေးထားနိုင်ပါတယ်။ အဲန်ဂျီအိုလောကနဲ့ ပတ်သက်လို့ နာမည်ကျော်လှတဲ့ ဘင်္ဂလားဒေ့ရှ်မှာဆို ပိုများပါသေးတယ်။ ခုတော့ အဲန်ဂျီအိုတွေကို BJP ပါတီ (Bharatiya Janata Party) ပါတီက ဆယ်စုနှစ်ကျော်ကြာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတော့ အန္တရာယ်များလာသလို တန်ဖိုးလည်း ပေးကြရပါတယ်။

၂၀၁၄ ခုနှစ် အာဏာရလာချိန်ကစလို့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ အစိုးရက အလှူပေးရေးအဖွဲ့အစည်း (တနည်း NGO) ထောင်နဲ့ချီပြီး ပိတ်ပစ်ခဲ့ပါတယ်။ ဒါမှမဟုတ်ရင်လည်း ရှင်သန်မနေနိုင်အောင် လုပ်ခဲ့ပါတယ်။ ဒီကဏ္ဍက အခုဆိုရင် “ကြောက်ရွံနေရတဲ့ ဝန်းကျင်” မှာ အလုပ်လုပ်နေကြရတယ်လို့ ခေါင်းဆောင်တဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ပစ်မှတ်ထားခံရတဲ့ သားကောင်တွေထဲမှ Care India လည်း ပါဝင်ပါတယ်။ သူတို့က နိုင်ငံခြားက ရန်ပုံငွေ လက်ခံရယူနိုင်တဲ့ လိုင်စင်ကို ပိတ်သိမ်းခဲ့ပါတယ်၊ တနည်း ဆိုင်းငံ့ထားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ Care အဖွဲ့က လူပေါင်း ၄,၀၀၀ ကျော်ကို အလုပ်နားခဲ့ရပါတယ်။ ပါတီစွဲမရှိတဲ့ CPR လို သုတေသီအဖွဲ့အစည်းက ၂၀၂၂-၂၃ ခုနှစ်တွေမှာ ဆောင်းပါး၊ မူဝါဒစာတမ်း၊ မှတ်တမ်းမှတ်ရာပေါင်း ၆၀၀ ကျော် ထုတ်ဝေနိုင်ခဲ့ပေမဲ့လည်း သူ့ရဲ့ရုံးခွဲတွေ အခုတော့ လူလျှော့ရပါတယ်။ သုတေသီ ၂၀၀ ကျော် ဆက်ပြီး မထားနိုင်တော့ပါဘူး။ ဆွီဒင်နိုင်ငံက ဉာဏ်ကြီးရှင်အဖွဲ့တခုဖြစ်တဲ့ V-DEM ကနေ စုဆောင်းတိုင်းတာနေတဲ့ အရပ်ဘက်အဖွဲ့အစည်းများရဲ့ ကျန်းမာရေးအခြေအနေအရ အိန္ဒိယက ၂၀၁၄ ခုနှစ်နဲ့ယှဉ်ရင် ရမှတ် တဝက်ကျော် ကျဆင်းသွားခဲ့ပါတယ်။

အဖွဲ့အစည်း ဘယ်မျှထိခိုက်ရတယ်ဆိုတာ အတိအကျ ပြောဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရပ်ဘက်အဖွဲ့တွေကို ဆန့်ကျင်ဖိနှိပ်ဖို့ ဥပဒေနည်းလမ်းအမျိုးမျိုး သုံးနေတာကြောင့်ပါ။ တချို့အဖွဲ့တွေကို အခွန်ကိစ္စနဲ့ ကိုင်ပါတယ်။ တက်ကြွလှုပ်ရှားသူ လူတဦးချင်းကိုကျတော့ အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေနဲ့ ဖမ်းတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအမှုတွေက ပြစ်ဒဏ်ချတဲ့အထိတော့ မရောက်ပါဘူး။ သူတို့အရင်းအမြစ်တွေကို ကန့်သတ်ဖို့နဲ့ လုပ်ငန်းဆောင်တာတွေကို သွက်ချာပါဒ လိုက်သွားအောင် နေပူလှမ်းထားတာမျိုးပါ။ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကိုယ်၌က ပြစ်ဒဏ်ပေးတာပါပဲ။ အစိုးရက အသုံးများတာကတော့ နိုင်ငံခြားအလှူငွေ လက်ခံရယူရေး ထိန်းချုပ်မှုဥပဒေ Foreign Contribution Regulation Act (၁၉၇၆) ပါပဲ။ အိန္ဒိယနိုင်ငံကိစ္စတွေမှာ မလိုလားအပ်တဲ့ “နိုင်ငံခြားလက်မဲ” တွေကို ကန့်သတ်ဖို့လုပ်ထားတဲ့ ဥပဒေပါ။ (အများစုကတော့ အမေရိကန်ကို ရည်ညွှန်းတာပါ) ဒီဥပဒေအရ အစိုးရက နိုင်ငံခြား ရန်ပုံငွေတွေကို ငြင်းပယ်နိုင်ပါတယ်။

ဥပဒေကို စည်းကြပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံခြားငွေ လက်ခံနေတဲ့ အဖွဲ့အစည်းလိုင်စင် ၁၇,၀၀၀ ကျော်ကို ၂၀၁၄ ခုနှစ်ကစလို့ လိုင်စင်ရုပ်သိမ်းခဲ့ပါတယ်။ လိုင်စင်လျှောက်ဖို့ဆိုရင်လည်း ပိုခက်ခဲလာတာ သေချာပါတယ်။ ဒီအချက်က ပြင်းထန်တဲ့ ထိုးနှက်ချက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဩဇာတိက္ကမကြီးမားတဲ့ အိန္ဒိယအဖွဲ့အစည်းတွေက နိုင်ငံခြားငွေကို မှီခိုနေကြရလို့ပါ။ အကြီးဆုံးအဖွဲ့ ၂၀၀ မှာ တဝက်နီးပါးက နိုင်ငံခြားရန်ပုံငွေကို သူတို့ဝင်ငွေ တဝက်လောက်တောင် မှီခိုအားထားကြရတယ်လို့ အကြံပေးအဖွဲ့ Sattva Consulting အဖွဲ့က သုံးသပ်ထားပါတယ်။ မူဝါဒနဲ့ သုတေသနလုပ်ငန်း လုပ်နေတဲ့ အဖွဲ့တွေက ပိုလို့ မှီခိုအားထားနေကြရပါတယ်။ CPR အဖွဲ့ဆိုရင် သူတို့ရဲ့ရန်ပုံငွေ ၇၅ ရာခိုင်နှုန်း လောက်က နိုင်ငံရပ်ခြားက ရနေတာပါ။

ခုလို တိုက်ခိုက်မှုတွေကို ဘယ်လိုရှင်းပြနိုင်မလဲ။ အခု အဲန်ဂျီအိုလောကကို စောင့်ကြည့်နေကြသူတွေ (သူတို့က နာမည် ထုတ်ဖော်ပြောဖို့တောင် ရွံ့နေကြပါတယ်) ပြောတာက အိန္ဒိယအစိုးရရဲ့ ဟိန္ဒူပထမဦးစားပေး မူဝါဒနဲ့အတူ ဖြစ်လာတဲ့ အတိုက်အခံ အမြင်ဆိုရင် သည်းညည်းမခံနိုင်တော့တဲ့ အခြေအနေပါပဲ။ သူတို့ ပစ်မှတ်ထား တိုက်ခိုက်ခံရသူတွေကို ကြည့်ရင် ဒီအချက်ကို ထောက်ခံနေပါတယ်။ အထူးသဖြင့် အမျိုးအစား ၂ ခု ပါဝင်ပါတယ်။ တခုကတော့ ဟိန္ဒူ မဟုတ်သူတွေနဲ့ ဘာသာရေးအခြေပြု အဖွဲ့တွေပါ။ ဒီအဖွဲ့တွေက ဟိန္ဒူဘာသာဝင်တွေကို ဘာသာပြောင်းအောင် ဆွဲဆောင်နေတယ်လို့ BJP ခေါင်းဆောင်တွေက စွပ်စွဲကြပါတယ်။ ဒီအချက်ကြောင့် စိုးရိမ်ကြောက်ရွံ့မှု ဖြစ်လာစေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) ပြောတာက အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ဖော်ပြနေမှုကို အပြောင်းအလဲလုပ်ဖို့ ကြိုးစားလာသူတွေကို “အညှာအတာ မထားနိုင်ဘူး” လို့ ဆိုပါတယ်။ ဒီလို ဦးတည်ချက်နဲ့ လုပ်နေတာ ရှင်းပြစရာ သိပ်မလိုအပ်လှပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်မှာ နိုင်ငံခြားက ငွေကြေးဆုံးရှုံးခဲ့ရသူတွေမှာ တဝက်ကျော်လောက် အဖွဲ့တွေက ခရစ်ယာန် သို့မဟုတ် မွတ်စလင် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

World Vision အဖွဲ့အစည်းရဲ့ အိန္ဒိယဌာနခွဲက ခရစ်ယာန်အသင်းတော်ပေါင်းစုံ ညီညွတ်ရေးဂိုဏ်း (ecumenical) အဖွဲ့သားတွေပါ။ သူတို့က ကလေးတွေ သာယာဝပြောရေးကိစ္စ ထောက်ပံ့ပေးနေကြတာ ဆယ်စုနှစ် ၇-ခု ရှိပါပြီ။ ကလေး ၃ သိန်းကျော်ကို ကူညီထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လက လိုင်စင်ရုပ်သိမ်းခံလိုက်ရပါတယ်။ BJP ပါတီက ကျောထောက်နောက်ခံရှိတဲ့ Sangh Parivar အုပ်စုဆိုရင် မိသားစုအခြေခံ အဖွဲ့အစည်းတခုပါ။ ဒီလို ဟိန္ဒူအဖွဲ့အစည်းကျတော့ တခါမှ တိုက်ခိုက်အပြစ်ရှာတာ မခံရပါဘူး။ သူတို့က နိုင်ငံခြားအလှူငွေ အများအပြား လက်ခံရရှိနေကြပါတယ်။

ဒုတိယပစ်မှတ်ထားခံနေရတဲ့ အုပ်စုကတော့ BJP ပါတီက အတွေးအခေါ်အရ အတိုက်အခံ ပြုနေကြတယ်လို့ ယူဆခံရသူတွေပါပဲ။ ဒီအုပ်စုထဲမှာ အကျယ်အပြန့်ပါဝင်ပြီး မစ္စတာမိုဒီ ပါတီရဲ့ အတိုက်အခံပါတီ ကွန်ဂရက်ပါတီနဲ့ နီးတဲ့သူတွေ ဖြစ်ပါတယ်။ သံသယရှိနေတဲ့ အတိုင်းလည်း မှန်နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Amnesty International ဌာနခွဲရဲ့ အရင် ခေါင်းဆောင် အာကာပတေး (Aakar Patel) ပြောတာကတော့ မစ္စတာမိုဒီက ဒီလိုကဏ္ဍတခုလုံးကို “ရောဂါ” လို့ ထင်မြင်နေတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နေတာကြောင့် ပစ်မှတ်ထားခံနေရပါတယ်။ ဒီအဖွဲ့က ၂၀၂၀ ခုနှစ်မှာ သူတို့ကို ငွေကြေးခဝါချတယ်လို့ စွပ်စွဲခံရပြီး ရန်ပုံငွေ လက်ခံနိုင်ဖို့ ဆိုင်းငံ့ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ အိန္ဒိယနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။

ခုလို ပိတ်ပင်ကန့်သတ်တာတွေက BJP အစိုးရနဲ့ အတိုက်အခံ အပြိုင်တွေကြားမှာ ဖွံ့ဖြိုးမှု သဘောသဘာဝတွေအပေါ် အမြင်ကွဲပြား မတူညီကြတာအပေါ် တစုံတရာ ထင်ဟပ်နေပါတယ်။ ကွန်ဂရက်ပါတီအနေနဲ့ မိုဟန်ဒတ်စ် ဂန္ဓီကြီးရဲ့ လူမှုတက်ကြွလှုပ်ရှားမှု အပေါ်မှာ အခြေပြုထားပြီးတော့ လွတ်လပ်ရေးအကြိုကာလ အခြားခေါင်းဆောင်တွေရဲ့ အမြင်အပေါ်လည်း ဆက်ခံပါတယ်။ အဲန်ဂျီအိုတွေနဲ့ အလွမ်းသင့်ပါတယ်။ ဥပမာအားဖြင့်- အရင် ကွန်ဂရက်ပါတီက ဦးဆောင်တဲ့ အစိုးရကာလမှာ အမျိုးသားအကြံပေးကောင်စီ (National Advisory Council) ဖွဲ့စည်းခဲ့ပြီး ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဥပမာအားဖြင့် ယန်းဒရေ့စ် (Jean Dreze) လို စီးပွားရေးပညာရှင်တွေ ပါဝင်ခွင့်ပေးထားပြီး အစိုးရကို အကြံပြုနိုင်ကြပါတယ်။ သူတို့က အရေးပါတဲ့အခန်းက ရှိခဲ့ပါတယ်။ နှိုင်းယှဉ်ချက်အရဆိုရရင် ကွန်ဂရက်ပါတီနဲ့ ဆယ်စုနှစ်များစွာ ပူးပေါင်းဆောင်ရွက်မှုက ပြောရရင် ထင်သလောက် ရလဒ်ကောင်းတော့ မထွက်ခဲ့ပါဘူး။ ဖြစ်နိုင်တာက အချို့သော အဲန်ဂျီအိုအဖွဲ့တွေက သူတို့အုပ်ချုပ်စီမံ အသုံးစရိတ်တွေ များနေတာရယ်၊ လုပ်ငန်း မထိရောက်တာတွေကြောင့်ပါ။ သူတို့ အကြံပေးနေကြတာတွေကလည်း နည်းပညာပိုင်း သိပ်ဆန်ပြီး ဗဟိုချုပ်ကိုင်မှုများတဲ့ အစိုးရလိုမျိုး ဖြစ်စေရေး အကြံပြုချက်တွေ ဖြစ်နေပါတယ်။ ပြင်ပကလူတွေ အကြီးအကျယ် ဝင်ရောက်စွက်ဖက်နေသလိုမျိုး မြင်ခဲ့ကြပါတယ်။ မစ္စတာမိုဒီ အနေနဲ့ ဒီလိုချဉ်းကပ်မှုမျိုးကို “ဟားဗတ်တက္ကသိုလ်ထက် ပိုကြိုးစားထားတဲ့ အလုပ်မျိုး” လို့ ဆိုလေ့ရှိပါတယ်။

ဒါပေမဲ့ အိန္ဒိယမှာ နိုင်ငံတော် (အစိုးရ) ရဲ့ အားနည်းချက်တွေက ကွယ်ပျောက် ပျက်ပြယ်မသွားနိုင်ပါဘူး။ ပြည်နယ်အစိုးရတွေက အထူးသဖြင့် အခြေခံဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အဲန်ဂျီအိုတွေကို မှီခိုအားထားနေကြရပါတယ်။ ဥပမာ ပညာရေးလို ကိစ္စမျိုးမှာ Pratham လို အဲန်ဂျီအိုအဖွဲ့အစည်းက ကလေး ၅ ဒသမ ၆ သန်းကို ကူညီ ပံ့ပိုးပေးနေပါတယ်။ ဒီလိုပံ့ပိုးမှုတွေက လူဆင်းရဲတွေအတွက် များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။ ဗဟိုအစိုးရက လွှဲပြောင်းလာတဲ့ ဘတ်ဂျက် (transfers) တွေနဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေကို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရတွေက ပညာရေး၊ ကျန်းမာရေး ထောက်ပံ့ပေးမှု ပိုကောင်းအောင်လုပ်ဖို့က အကန့်အသတ် ရှိနေတုန်းပါပဲ။

အဲဒါအပြင် အမြင်သဘောထား မတူသူတွေကို ဖိနှိပ်နေတာက အသေးစိတ် အချက်အလက်တွေကို ကြည့်ရင် သဘောတရားအရ ကွဲပြားမှုထက်စာရင် ညစ်ပတ်တာမျိုးနဲ့ ပိုလို့တူနေပါတယ်။ ကွန်ဂရက်ပါတီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့သူ မစ္စတာ ဒရီးဇီး (Mr Dreze) ဆိုရင် အခုအခါ ဖျက်သိမ်းပြီးဖြစ်တဲ့ NAC အဖွဲ့က နုတ်ထွက်ခဲ့ရတာမျိုးအထိ ဖြစ်စေခဲ့ပါတယ်။ ကွန်ဂရက်နဲ့ ဆက်စပ်သူမှန်သမျှကို ရန်လိုနေတဲ့ပုံပါပဲ။ ဒီအချက်တွေက အမြင်ကွဲပြားတဲ့ အတိုက်အခံတွေကို အကျယ်အပြန့်အားဖြင့် သည်းညည်းမခံနိုင်တဲ့သဘော၊ ဆန့်ကျင်တဲ့သဘော သက်ရောက်နေပါတယ်။ နိုင်ငံရေးအရ တိုက်ခိုက်မှုလို ဖြစ်နေပါတယ်။ ဒေလီအခြေစိုက် နောက်ထပ် သုတေသန အဖွဲ့အစည်းတခုဖြစ်တဲ့ တန်းတူညီမျှမှုဆိုင်ရာ လေ့လာမှုစင်တာ (Centre for Equity Studies) ကိုလည်း FCRA (နိုင်ငံခြားငွေယူခွင့်လိုင်စင်) ကို ဆိုင်းငံ့ထားခဲ့ပါတယ်။ အကြောင်းက ဒီအဖွဲ့ကို တည်ထောင်သူ ဟာ့ရှ် မန်ဒါ (Harsh Mander) က အစိုးရကို ဝေဖန်နေလို့ပါပဲ။ ဒေလီမှာရှိတဲ့ သူ့အိမ်ကို ထောက်လှမ်းရေးတွေက ဝင်ရောက်ရှာဖွေခဲ့ပါသေးတယ်။ ဒီလိုမျိုး အိမ်ဝင်ရောက်ရှာဖွေခံရဖူးတဲ့ သတင်းထောက်တဦး ဖြစ်တဲ့၊ News-Click အဖွဲ့ကို ဦးဆောင်သူ ပါရန်ဂျွိုင်း ဂူဟာ သာကုတာ (Paranjoy Guha Thakurta) က “လက်စားချေတာမျိုး” လို့ ပြောပါတယ်။ ဒီအဖွဲ့က လက်ဝဲယိမ်းတဲ့ သတင်းစာတစောင်ဖြစ်ပြီး တရုတ်အစိုးရက ငွေကြေးထောက်ပံ့တာယူပြီး ထုတ်ဝေနေတယ် ဆိုပြီး စုံစမ်းစစ်ဆေးခံနေရပါတယ်။

အဖွဲ့ကြီးတွေကို ကန့်သတ်ချုပ်ချယ်မှုဟာ အဖွဲ့ငယ်များစွာကို ထိခိုက်သက်ရောက်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရန်ပုံငွေ လက်ခွဲရနေကြပြီး အထူးသဖြင့် ဆင်းရဲတဲ့ ဒေသတွေမှာ ရှိနေကြတာပါ။ အထူးသဖြင့် ဆပ်ဂရန့် အထောက်အပံ့ တဆင့်ခံ ရယူနေကြတဲ့ အဖွဲ့တွေအတွက် သေလောက်အောင် ထိုးနှက်ချက်ပါပဲ။ အင်စတိကျုတွေမှာ ဦးနှောက်အင်အား တဖြည်းဖြည်း ယုတ်လျော့ကျဆင်းလာတာက တချိန် ပြန်ပြင်လို့ မရနိုင်လောက်အောင် ပျက်စီးစေပါတယ်။ အရင်က ပညာရှင်တွေက ပြည်ပကို ထွက်ကုန်ကြပါပြီ။ ဒါမှမဟုတ် လစာပိုကောင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို ရွှေ့ပြောင်းကုန်ကြပါပြီ။ ဒီလိုအဖွဲ့အစည်းတွေ အားနည်းချည့်နဲ့လာတာနဲ့အမျှ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ပိုချို့တဲ့လာဖို့ပဲ ရှိပါတယ်။ ညံ့ဖျင်းတဲ့ မူဝါဒတွေနဲ့ စောင့်ကြည့်လေ့လာနေမှုတွေ မရှိ ဖြစ်ကုန်ပါတော့မယ်။

တချိန်တည်းမှာ အရေးပါတဲ့ သတင်းထောက် ဂျာနယ်လစ်တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို (အလားတူ ဥပဒေတွေကိုပဲ အသုံးချနေပြီး) ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အင်စတီကျူးရှင်း အဖွဲ့အစည်းတွေကို ထိခိုက်ပျက်စီးစေပါမယ်။ အုပ်စုလိုက် တို့တွေးတာမှန်တယ်ဆိုတဲ့ အခြေအနေမျိုး ရောက်စေပါမယ်။ ခုတင်ပဲ အဆင့်မြင့်အရာရှိကြီးတွေ ပြောနေကြတာက “ဆုံးဖြတ်ချက်တွေက ဗဟိုက ချုပ်ကိုင်လာတယ်” ဆိုတာမျိုး ဖြစ်နေပါပြီ။ ပြင်ပက ထည့်သွင်း အကြံပေးမှုတွေ မရှိနိုင်တော့ပါဘူး။ စိုးရိမ်ရတာက အကယ်၍ အခုမေလ ရွေးကောက်ပွဲမှာ နာရင်ဒြာ မိုဒီသာ တတိယအကြိမ် အနိုင်ရခဲ့ရင် ပိုဆိုးလာတော့မှာပါပဲ။ ဒီလိုနိုင်ဖို့လည်း များနေပါတယ်။

အောင်သူငြိမ်း

Ref:  India’s civil society is under attack - (The Economist)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024