Home
ဆောင်းပါး
သေမင်းတမန် ဆင့်ခေါ်စာနဲ့ နိုင်ငံတကာ ဘယ်လဲ
DVB
·
March 28, 2024

မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ ကုလသမဂ္ဂ ဘယ်ရောက်နေလဲလို့ မြန်မာပြည်သူတွေရဲ့ ကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်တယ်။ မတ်လ ၁၃ ရက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်အစည်းအဝေးတခုမှာ သံအမတ်ကြီးက မိန့်ခွန်းပြောကြားစဉ် အဲဒီလို မေးခွန်းထုတ်လိုက်တာပါ။ ကူကယ်ရာမဲ့နေတဲ့ မြန်မာပြည်သူတွေက လုံခြုံရေးကောင်စီအနေနဲ့ အကူအညီပေးဖို့ ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့ပေမဲ့ အလေးထားအာရုံစိုက်မှုတောင် မရတဲ့အတွက် တောင်းဆိုနေရတာ စိတ်ပန်းလူပန်း ဖြစ်လာပြီလို့လည်း သံအမတ်ကြီးက ဆိုပါတယ်။

သံအမတ်ကြီးမိန့်ခွန်းရဲ့ အဓိကအကြောင်းရင်းက လက်ရှိမှာ မြန်မာပြည်သူတွေ သောကပွေနေရတဲ့ အဓမ္မစစ်မှုထမ်းဥပဒေပါ။ တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုက တရားမဝင်ပြဋ္ဌာန်းကာ မြန်မာလူငယ်တွေကို သေတွင်းထဲတွန်းပို့နေတာကို သံအမတ်ကြီးက ကုလရင်ပြင်ထက်ကနေ တကမ္ဘာလုံးကြားအောင် ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံကို ပြည်ပနိုင်ငံတွေကလည်း ကျူးကျော်နေခြင်းမရှိ၊ မြန်မာပြည်သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်းလည်း မရှိဘဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုကသာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မိနစ်တိုင်း၊ စက္ကန့်တိုင်း ခြိမ်းခြောက်နေကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။

ဆက်လက်ပြီး မတ်လ ၁၈ ရက်၊ ကုလအစည်းအဝေးတရပ်မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ် မြန်မာလူငယ်တွေဟာ စစ်တပ်ရဲ့ တရားမဝင် အဓမ္မ စစ်သားစုဆောင်းမှုကြောင့် အလွန်အမင်း စိုးရိမ်ရတဲ့ အခြေအနေသို့ ကျရောက်နေကြောင်း၊ စစ်တပ်ရဲ့ တခုတည်းသော ဆိုးရွားတဲ့ ရည်မှန်းချက်မှာ လူငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့နဲ့ ပေါ်တာဆွဲဖို့ဖြစ်ကြောင်း၊ စစ်တပ်ရဲ့ တရားမဝင် စစ်သားစုဆောင်းနေမှုကို တားမြစ်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လိုအပ်တဲ့ စီမံဆောင်ရွက်မှုတွေ ချမှတ်လုပ်ဆောင်ဖို့ NUG အစိုးရနဲ့ ပြည်သူတွေက တောင်းဆိုလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပြန်ပါတယ်။

သံအမတ်ကြီး ပြောသလို မြန်မာလူငယ်တွေဟာ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် အလွန်အမင်း စိုးရိမ်ရတဲ့ အခြေအနေသို့ အမှန်တကယ် ကျရောက်နေပြီလား။ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့၊ ရေတွင်းချောင်းရွာက အမျိုးသားတဦး စစ်မှုထမ်းဖို့ မဲနှိုက် အရွေးခံရပြီးနောက် အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု မတ်လ တတိယပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းက အဖြေပါပဲ။

ပြီးတော့ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ဒုက္ခသည်စခန်းတွေထဲ ချောင်ပိတ်မိနေတဲ့ လူငယ်တွေကို အဓမ္မခေါ်ယူကာ နှစ်ပတ်လောက် စစ်သင်တန်းခေါ်ပေး၊ ပြီးတော့ စစ်သင်တန်းဆင်း မွတ်စလင်လူငယ်တွေရဲ့ အလောင်းတွေ ရသေ့တောင်အခြေစိုက် တပ်ရင်းတွေကို မတ်လ ၁၇ ရက်က သိမ်းပိုက်အပြီး တွေ့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်ကလည်း စိုးရိမ်ရေမှတ်ရောက်နေတဲ့ လူငယ်တွေရဲ့ အခြေအနေကို ဖော်ပြနေပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ တရားမဝင် အဓမ္မ စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက အသက်သွင်းပြီး တပတ်မကြာလိုက်တဲ့ အချိန်ကစလို့ စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ် ခြွင်းချက်မရှိ ယုံကြည်ကြတဲ့ လူငယ်များစွာဟာ အိမ်နီးချင်းနိုင်ငံတွေထဲ ထွက်ပြေးကြတယ်။ နောက်ခံ ငွေကြေးအင်အားရှိတဲ့ လူငယ်တွေအတွက် နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်လိုက်ရုံနဲ့ ကိစ္စပြတ်ပေမဲ့ လူလတ်တန်းစား လူငယ်တွေအတွက်တော့ ကြုံရာကျရာ အလုပ်တခုခုနဲ့ အသက်ဆက်နိုင်ဖို့ ကြိုးစားရတယ်။ တရားမဝင် ပြည်ပထွက်လာတဲ့ လူငယ်တွေအတွက် နယ်စပ်ဖြတ်ကျော်စဉ် အဖမ်းခံရလို့ ထောင်ထဲရောက်ရ။ အန္တရာယ်ကင်းစွာနဲ့ နယ်စပ်မြို့တွေဆီ ရောက်လာတော့လည်း အလုပ်ကြမ်းအလုပ် ရဖို့တောင် မလွယ်။ ပြည်ပထွက်ခွာလာကြတဲ့ လူငယ်များစွာဟာ မြန်မာနိုင်ငံတွင်း တည်ဆောက်ထားပြီးသား ဘဝကို လွှတ်ချကာ ပြည်ပမှာ အသစ်ပြန်စဖို့ ကြိုးစားရ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်လက်ထဲကနေတော့ လွတ်ခဲ့ပါတယ်။

အဓမ္မစစ်မှုထမ်းဥပဒေကို လုံးဝလက်မခံပေမဲ့ PDF ထဲလည်း မဝင်နိုင်၊ နိုင်ငံရပ်ခြားသို့လည်း မသွားနိုင်တဲ့ လူငယ်တွေကတော့ အခု ဒုက္ခပင်လယ်ဝေနေကြရသူတွေပေါ့။ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ဆိုတာ အဆက်အသွယ်ရှိဦးမှ၊ ဝန်ဆောင်ခငွေ တတ်နိုင်ဦးမှ။ အလုပ်မပါဘဲ ဒီအတိုင်း နောက်ခါလာနောင်ဈေး နယ်စပ်မြို့တွေဆီ ထွက်သွားဖို့ဆိုတာလည်း အရင်းအချာ လူခံရှိဦးမှ။ တနှစ်လောက် ထိုင်စားနိုင်မယ့် ငွေစကြေးစလေး ပါသွားဦးမှ မဟုတ်လား။ လက်ရှိ အေးအေးဆေးဆေး ဖြစ်နေသေးတဲ့ ဘဝကို မစွန့်လွှတ်နိုင်၊ စွန့်စားဖို့ကိုလည်း အတွေးပေါင်းများစွာနဲ့ ချာလပတ်ယမ်း တွေဝေနေဆဲ လူငယ်တွေဟာ အခု မတ်လ ဒုတိယပတ်က စတင်ကာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ လက်ခံလိုက်ရ၊ မဲနှိုက်ရွေးချယ်ခြင်းခံရနဲ့ နောက်ဆုံး စစ်တပ်ထဲ အသက်မဆုံးရင်တောင် ဘဝဆုံးရမယ့် ဘဝတွေလား။ နေရင်းထိုင်ရင်း ငရဲထဲ နက်နက်ဆင်းနေရတော့မှာလား။

အခု မီဒီယာပလက်ဖောင်းပေါ် တက်လာတဲ့ သတင်းတွေအရ စစ်မှုထမ်း ဆင့်ခေါ်စာရပြီး ခေါ်တဲ့နေရာကို ရောက်မလာတဲ့သူတွေနဲ့ မဲနှိုက်ရွေးချယ်ခံရပြီး တိမ်းရှောင်သွားသူတွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးမယ်လို့ စစ်တပ်က ခြိမ်းခြောက်နေကြောင်း သိရပါတယ်။

ဒါ့ကြောင့် အဓမ္မစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး တနေရာရာကို ရောက်ရှိသွားတဲ့ လူငယ်တွေဟာ မင်းအောင်လှိုင်ရဲ့ အစွယ်တဖားဖားအောက်ကနေ လွတ်မြောက်သွားပြီ ဖြစ်ပေမဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေက ငွေညှစ်ခံရတာနဲ့ အဖမ်းခံရတာမျိုးတွေ ဖြစ်လာနိုင်တာကြောင့် ထွက်သွားတဲ့လူငယ်ရော ကျန်ခဲ့တဲ့မိသားစုပါ အပြန်အလှန် စိတ်မချမ်းမသာနဲ့ တထိတ်ထိတ် ဖြစ်နေရပါဦးမယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်မှာနေတဲ့ အသက် ၁၇ နှစ်အရွယ် ကျနော့်တူတယောက်နဲ့ စကားပြောဖြစ်တော့ “သားတို့ လူငယ်တွေရဲ့ လက်ဖက်ရည်ဝိုင်းတိုင်းမှာ ဒီအကြောင်း (အဓမ္မစစ်မှုထမ်းဥပဒေ) ပဲ ပြောဖြစ်ပြီး အားလုံး စိတ်ညစ်နေကြတယ်” လို့ ဆိုပါတယ်။ ဆိုလိုတာက ဒီအဓမ္မစစ်မှုထမ်းဥပဒေဟာ ၁၈ နှစ်ပြည့်ပြီး လူငယ်တွေတင်မက ၁၈ နှစ်ပြည့်ဖို့ သိပ်မဝေးတော့တဲ့ လူငယ်တွေအတွက်ပါ သောကရောက်စရာ ဖြစ်နေတာပါ။

အခုဆိုရင် ခရီးသွားခွင့်ကိုပါ စစ်အုပ်စုက ထပ်မံကန့်သတ်လိုက်ပြန်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း တိုင်းဒေသကြီးတချို့နဲ့ ရှမ်းပြည်နယ်ဘက်သွားတဲ့ အောင်မင်္ဂလာ အဝေးပြေးဝင်းထဲက ကားဂိတ်တွေကို စစ်အုပ်စုရဲ့ ညွှန်ကြားချက်က လက်မှတ်ရောင်းရာမှာ မှတ်ပုံတင်၊ စမတ်ကတ်နဲ့ ခရီးသွားထောက်ခံစာပါမှ ရောင်းဖို့နဲ့ ရခိုင်ပြည်နယ်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်ထားသူတွေကို မရောင်းဖို့လို့ ဆိုပါတယ်။

ပြောရရင် စစ်အုပ်စုဟာ သူတို့ရဲ့ သတ်မှတ်ချက်အရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ် ၁၄ သန်းကို သေနတ်နဲ့ထောက်၊ လက်ထိပ်ပြ ခြိမ်းခြောက်ရုံတင်မက ခရီးသွားလာခွင့် ကန့်သတ်ခြင်းနဲ့ပါ မဖြစ်မနေ စစ်တပ်ထဲရောက်အောင် ပြုလုပ်နေခြင်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကတော့ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ဘယ်လို အကောင်းဆုံး ကိုင်တွယ်ကြမလဲလို့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၅ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးသံတမန်နဲ့ တက်ရောက်လာတဲ့ နိုင်ငံတွေကို မေးခွန်းထုတ်လိုက်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စတိုင်အတိုင်း ကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်ပေးကြရင်ကို မြန်မာပြည်သူတွေက ကျေးဇူးတင်ရမယ့်ပုံပါပဲ။

မြန်မာပြည်သူတွေက စစ်မှုထမ်းဆင့်ခေါ်စာကို သေမင်းရဲ့ဆင့်ခေါ်စာလို ထုနဲ့ထည်နဲ့ ခံစားနေကြရတာပါ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024