Home
မြန်မာသတင်း
စစ်မှုထမ်းစာရင်းကောက်ယူမူကြောင့် စက်ရုံလုပ်ငန်းခွင်များတွင် လုပ်သားမတည်ငြိမ်မှု ပြဿနာများရှိလာ
DVB
·
March 16, 2024

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အကျုံးဝင်သူဦးရေ ကောက်ယူနေတာကြောင့် အလုပ်သမားတွေ နေရာပြောင်းရွှေ့လုပ်ကိုင်မှုတွေနဲ့အတူ လုပ်ငန်းခွင်အတွင်း လုပ်သား မတည်ငြိမ်မှု ပြဿနာတွေ စတင်ကြုံလာရတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

စက်ရုံလုပ်သားတွေအနေနဲ့ စစ်မှုမထမ်းလိုတာကြောင့် စာရင်းကောက်တဲ့ မြို့​နယ်ကနေ တခြားမြို့နယ်ကို ရွှေ့ပြောင်းတာ၊ နည်းမျိုးစုံနဲ့ ပြည်ပထွက်ခွာဖို့ ကြိုးစားတာ၊ သက်ဆိုင်ရာမွေးရပ်မြေ ပြန်တာမျိုးတွေရှိလာပြီး လုပ်ငန်းခွင်တွေမှာ လုပ်သား မတည်ငြိမ်မှု ရှိ လာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးက "အခုကစပြီး လုပ်သားမတည်ငြိမ်မှုတွေ စဖြစ်နေတာပေါ့။ ရှေ့ဆက်ပြီး ဒီထက်ဆိုးတဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်တယ်။ အဲဒါနဲ့ဆက်စပ်ပြီး လုပ်သားရှားပါးတာ၊ ကုန်ထုတ်လုပ်မှု ကျဆင်းတာမျိုးတွေ ဖြစ်လာနိုင်စရာရှိတယ်။ စစ်မှုထမ်းဥပဒေက လုပ်သားထုကြားမှာလည်း အတော်စိုးရိမ်နေကြတာ။ အဲဒီအတွက် နည်းမျိုးစုံနဲ့ ရှောင်ဖို့တော့ ကြိုးစားကြမှာပဲ" လို့ ပြောပါတယ်။

အဲဒီလိုလုပ်သားတွေအနေနဲ့ စစ်မူမထမ်းလိုတာကြောင့် ပြည်ပကို တရားမဝင်နည်းလမ်းနဲ့ ထွက်ခွာမှုတွေ ပိုများလာတာနဲ့အမျှ လူကုန်ကူးမှု ပြဿနာတွေလည်း ကြီးထွားလာနိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေရဲ့စာရင်းက ခပ်စိတ်စိတ်ကောက်ယူနေပြီး စက်မူဇုန်ရှိရာ မြို့နယ်တွေမှာလည်း အလားတူ ကောက်ယူနေပါတယ်။

ဧည့်စာရင်းနဲ့နေထိုင်တဲ့ အဆောင်နေလုပ်သားတွေကို စာရင်းကောက်တာ မကြားရသေးဘဲ ရန်ကုန်သန်းခေါင်စာရင်းနဲ့ နေသူတွေကို ကောက်တာတွေ့ရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ လိုသလို ပြောင်းလဲတတ်တဲ့ လုပ်ရပ်တွေကြောင့် အဆောင်နေလုပ်သားတွေအနေနဲ့ စိတ်မအေးနိုင်ကြဘူးလို့ သူတို့က ​ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှ အလုပ်သမားအရေးလှုပ်ရှားသူတဦးက “စာရင်းကောက်တဲ့ နေရာက ကောက်နေပြီ။ အခုက အလုပ်သမားတွေ ကြောက်နေကြတယ်။ ရှောင်ဖို့ပြင်တဲ့သူတွေက ပြင်နေပြီ" လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေကို ပစ်မှတ်ထားစုဆောင်းတာတွေ လုပ်လာရင် လုပ်ငန်းခွင်စွန့်ခွာမှုတွေများပြီး စက်ရုံလုပ်ငန်းတွေပါ ထိခိုက်လာနိုင်တယ်လို့ သူတို့က ပြောပါတယ်။

လက်ရှိ ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူတွေ စာရင်းကောက် မဲနှိုက်ရွေးချယ်တာတွေပါ လုပ်နေကာ မဲပေါက်ပြီး စစ်မူမထမ်းလိုသူတွေဆီက ငွေညှစ်တာတွေပါ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည့်သူ့စစ်မှုထမ်းဥပဒေအရ ပထမအသုတ် စစ်သင်တန်းပေးတာကို မေလဆန်းမှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024