Home
ဆောင်းပါး
စိတ်ကူးယဉ် မဟုတ်တရုတ်
DVB
·
March 10, 2024

ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်အစိုးရရဲ့ ကြီးကြီးကျယ်ကျယ် မြတ်စွန်းသွားမှုက လောက်ကိုင်အခြေစိုက် ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) ရာဇဝတ်သားတွေကို ပိုင်ပိုင်နိုင်နိုင် ရှင်းထုတ်လိုက်နိုင်ခြင်းနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အသက်ကို အချိန်မရွေး ဆွဲနုတ်ပစ်နိုင်ကြောင်း သက်သေပြလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

လောက်ကိုင်ကျားဖြန့်ဂိုဏ်းဟာ တရုတ်ပြည်သူတွေရဲ့ ငွေပေါင်းမြောက်မြားစွာကို သိမ်းကျုံးလိမ် လည်ခဲ့ပြီး အဲဒီဂိုဏ်းကို မဖြိုခွင်းနိုင်ဘူးဆိုရင် ရေရှည်မှာ နောက်ထပ်ပိုမိုဆိုးရွားတဲ့အခြေအနေထိ ရောက်ရှိတော့မယ်ဆိုတာ တရုတ်အစိုးရက ကောင်းကောင်းသိတာကြောင့် “မင်းတို့ ဖြိုခွင်းပေးမှာလား” လို့ စစ်ဗိုလ်ချုပ်တွေကို လေသံမာမာနဲ့ မေးခဲ့ပုံရတယ်။

စစ်ဗိုလ်ချုပ်တွေကလည်း သူတို့ထုံးစံအတိုင်း လောက်ကိုင်ဆိုတာ သူတို့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေ၊ ကိုးကန့်ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ သူတို့တင်မြှောက်ထားတဲ့ သူတို့ရဲ့ သစ္စာခံတွေဖြစ်ရုံတင်မက လောက်ကိုင်ကနေ ပုံမှန်ရောက်လာနေတဲ့ ဆက်ကြေးတွေကလည်း တနင့်တပိုးကြီးဆိုတော့ အခုပဲဖြိုခွင်းပေးမှာလိုလို၊ စုံစမ်းစိစစ်ရဦးမှာမို့ ခဏတော့စောင့်ပါဦးလိုလို၊ လောက်ကိုင်မှာ တကယ်ရော  ကျားဖြန့်ဆိုတာ ရှိရဲ့လားလို့ ဟိုလိုလို ဒီလိုလို။

အဲဒီလို ဟိုလိုလို ဒီလိုလိုလုပ်နေတုန်းမှာပဲ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဘယ်တုန်းကမှ စာရင်းထဲမထည့်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်ဆင်ရေးကာလ တစ်ပတ်၊ ၁၀ ရက်လောက်အတွင်းမှာတင် မမျှော်လင့်ထားတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကိုယ့်အရှုံးကိုယ် မြင်အောင်မကြည့်တတ်တဲ့ စစ်အုပ်စုဟာ တရုတ်ကို လက်ညှိုးထိုးတော့တယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ စစ်အုပ်စုက သူတို့လက်ဝေခံ စစ်ကျွန်မျိုးချစ်တစုကို ရန်ကုန်မှာ ဆန္ဒပြပွဲပြုလုပ်စေကာ တရုတ်အစိုးရဟာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း အတိအလင်းစွပ်စွဲတော့တယ်။

သိပ်မကြာပါဘူး။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအတွင်းမှာပဲ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ ဘေဂျင်းမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပြီး ၁၀၂၇ စစ်ဆင်ရေးကို တရုတ်ဩဇာနဲ့ တားဆီးပေးဖို့ ခြေသလုံးဖက် တောင်းပန်ရတော့တယ်။

စစ်အုပ်စုဟာ တရုတ်အလိုကျ လောက်ကိုင်ကျားဖြန့်ဂိုဏ်း ရှင်းလင်းရေးမှာ မဖြစ်မနေ ပါဝင်လာရ တော့တယ်။ ၁၀၂၇ စစ်ဆင်ရေးက ပြင်ဦးလွင်နားကပ်လာချိန်မှာ တရုတ်ကယ်ပါဆိုတဲ့စကားကို အထပ်ထပ်ရေ ရွတ်ရတော့တယ်။ ဇန်နဝါရီ ၄ ရက်နေ့၊ ထောင်နဲ့ချီတဲ့ လောက်ကိုင်အခြေစိုက်စစ်တပ်ရဲ့ နာမည်ကျော် လက်နက်ချပွဲကြီး ကျင်းပပြီးစီးချိန်မှာတော့ မင်းအောင်လှိုင်စစ်တပ် မျက်ဖြူလန်တော့တယ်။

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ဇန်နဝါရီ ၁၁ ရက်၊ ယာယီအပစ်ရပ်သဘောတူညီချက် ထွက်လာချိန် မှာ ရှမ်းမြောက်ဒေသ ၁၆ မြို့ကို ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထားပြီးဖြစ်တယ်။ တရုတ်ရဲ့ ဖိအားကြောင့်သာ ညီနောင် ၃ ဖွဲ့က ယာယီအပစ်ရပ်လိုက်ခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသိခဲ့လေတော့ တရုတ်ကို ကလန်ကဆန်လုပ်ဖို့ မပြောနဲ့ တရုတ်ရဲ့ ခြေသလုံးကို ဖက်ထားရုံတင်မက တရုတ်ကို လက်အုပ်ချီ ဦးခိုက်ဖို့လိုပြီဖြစ်ကြောင်းလည်း အမှန်တရားဟာ ခါးပေမဲ့ ကြိတ်မှိတ်မျိုချလိုက်ရတော့တယ်။

အဲဒါကြောင့်လည်း လောက်ကိုင် ကျားဖြန့်ဂိုဏ်းချုပ်တွေအဖြစ် တရုတ်က ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်အုပ်စု သစ္စာခံ ကိုးကန့်အုပ်ချုပ်ရေးခေါင်းဆောင်ဟောင်း၊ ပြည်ခိုင်ဖြိုးအမတ်ဟောင်း ပယ်ဆောက်ချိန်တို့ တသိုက်ကို စစ်ဗိုလ်ချုပ်တွေက လောက်ကိုင်ကနေ ကယ်ထုတ်ခဲ့ပြီးဖြစ်ပေမဲ့ တရုတ်ကိုကြောက်လို့ တရုတ်လက်ထဲ ဇန်နဝါရီ ၃၀ ရက်မှာ ထိုးအပ်လိုက်ရတယ်။

တရုတ်အလိုမကျရင် ရှမ်းမြောက်ဒေသမှာ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်ကြောင်းနဲ့ ရှမ်းမြောက်မှာပါ တိုက်ပွဲပြန်ဖြစ်ရင် ရုရှားဆီ အထုပ်ပိုက်ပြေးရမယ့်ရက်ကိုရောက်ဖို့ သိပ်မြန်သွားမှာဖြစ်ကြောင်း နေပြည်တော် စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသိကြတယ်။ ပြောရရင် တရုတ်ဟာ စစ်အုပ်စုကို ကောင်းကောင်းစီးမိနေပြပဲဖြစ်တယ်။

တဖက်က ပြန်ကြည့်ရင်တော့ တရုတ်ဟာ သူ့ရဲ့ မြန်မာ့အရေး မျှော်လင့်ချက်အတွက် မြန်မာပြည်သူ တို့ရဲ့ဆန္ဒကို လျစ်လျူရှုကာ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် ကျားကန်ပေးနေတာပါပဲ။ တရုတ်ကျားကန်ပေးနေတဲ့ စစ်အုပ်စုဆိုတာ မြန်မာပြည်သူတွေ လုံးဝလက်မခံတဲ့ တရားမဝင် စစ်အာဏာသိမ်းထားတဲ့အဖွဲ့၊ မြန်မာပြည်သူတွေကို စစ်ရာဇဝတ်မှုမျိုးစုံ ကျူလွန်သတ်ဖြတ်နေတဲ့ အဖွဲ့၊ အချိန်မရွေး နိုင်ငံတကာရာဇဝတ်ခုံရုံး ရောက်သွားနိုင်တဲ့အဖွဲ့ဆိုတာ တရုတ်အစိုးရက ကောင်းကောင်းသိပါတယ်။ အထူးသဖြင့် လောက်ကိုင်ကျားဖြန့်လုပ်ငန်းရဲ့ အကျိုးအမြတ်ကနေ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ ဆက်ကြေးကောင်းကောင်းရနေ‌ကြောင်း တရုတ်အစိုးရက အခုဆို စေ့စေ့ပေါက်ပေါက်သိနေလောက်ပါပြီ။ တရုတ်အစိုးရဟာ နိုင်ငံကြီးတနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဦး ဆောင်နိုင်ငံကြီး တနိုင်ငံလည်း သိပ်ဖြစ်ချင်နေပေမဲ့ အခုလို ရာဇဝတ်မှုတွေနဲ့ လုံးထွေးနေတဲ့ စစ်အုပ်စုကို အကာအကွယ်ပေးနေတာဟာ နိုင်ငံတကာအလယ်မှာ အရှက်ရစရာပါ။ ဒါပေမဲ့၊ တရုတ်က သူဖြစ်ချင်တာနဲ့ သူ့အကျိုးစီးပွားကိုသာ ဦးစားပေးတာမို့ သူ့အလိုအတိုင်း ဆက်ရွေ့မှာပါပဲ။

တရုတ်က စစ်အုပ်စု ပြုတ်ပြုတ်ပြုန်းသွားပြီးနောက် မြန်မာ့အနာဂတ်ကို အကောင်းမြင်လို့ မရခြင်း ဟာ မြန်မာ့အရေး တရုတ်ရပ်တည်ချက်ကို ပြဋ္ဌာန်းနေပါတယ်။ စစ်အုပ်စု လုံးဝပြုတ်ပြီး တော်လှန်ရေးအင်အားစုတွေ ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့ပါက လက်နက်ကိုင်အဖွဲ့တွေ သူတလူငါတမင်းနဲ့ အခုထက်ပိုဆိုးတဲ့ အခြေအနေတခုဆီ ရောက်သွားမယ်လို့ တရုတ်က ယူဆနေပါတယ်။ တရုတ်လိုအမြင်မျိုးကို နိုင်ငံတကာအသိုက်အဝန်းကလည်း ရှုမြင်ထားပုံပါပဲ။ (တရုတ်နဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ရှုမြင်ချက်ကို တော်လှန်ရေး အင်အားစုတွေက အလေးအနက် ဆင်ခြင်ကြဖို့လိုပါမယ်) အဲဒါကြောင့်လည်း တရုတ်ဟာ စစ်တပ်မပြိုလဲရေးအတွက် ရှမ်းမြောက်မှာတိုက်ပွဲတွေ ရပ်အောင် ညီနောင် ၃ ဖွဲ့ကို ဖိအားပေးခြင်းဖြစ်ပါတယ်။

တရုတ်ဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း အရင်ကတည်းက အတိအလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမူ ၅ ရပ်ဆိုတာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့အထိုင်ကနေ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး နောက်တလှမ်း ထပ်တွေးလိုက်ရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆီပြန်သွားဖို့ ဦးတည်ပါတယ်။ စစ်အုပ်စုက မူ ၅ ရပ်ကို လုံးဝလက်မခံကြောင်း တရုတ်သိသွားတဲ့အချိန်မှာတော့ စစ်အုပ်စုလည်း ရွေးကောက်ပွဲလုပ်၊ NLD ပါတီကိုလည်း ရွေးကောက်ပွဲပေးဝင်ကာ တော်လှန်ရေးအင်အားစုတွေ ချန်ထားဆိုတဲ့ လိုင်း ဖြစ်ပေါ်လာရေးအတွက် တရုတ်ဆက်ကြိုးစားခဲ့ပြန်တယ်။ အဲဒီလိုင်းကို စစ်အုပ်စုကိုယ်တိုင် ပယ်ချလိုက်တော့ တရုတ် အမျက်ထွက်ရပြန်တယ်။

မင်းအောင်လှိုင်ဆိုတာ ဘယ်လိုမှ ညှိလို့နှိုင်းလို့မရတဲ့ မိုက်တိမိုက်ကန်း စစ်ဗိုလ်ချုပ်တဦးမျှသာ ဖြစ် ကြောင်း တရုတ်ကောင်းကောင်းသိခဲ့တယ်။ တရုတ်မြေပေါ် မင်းအောင်လှိုင်ကို ခြေချခွင့် မပေးခြင်းနည်းနဲ့ တရုတ်ရဲ့ သဘောထားကို ပြသခဲ့တယ်။ တရုတ်က အကြမ်းဖက်စစ်အုပ်စု လုံးဝဇာတ်သိမ်းသွားမှာကို မလိုလားပေမဲ့ မင်းအောင်လှိုင်ကိုလည်း လိုလားဟန်မရှိပါဘူး။ ပြီးတော့ တိုက်တိုင်းရှုံးနေတဲ့ အခြေအနေအရ မင်းအောင်လှိုင်ကို တပ်တွင်းမလိုလားသူ များလာသလို မင်းအောင်လှိုင် အရှုံးကြောင့် ဘုံပျောက်စီးပွားပျက်မှာ စိုးရိမ်နေကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေလည်း မနည်းဘူးဆိုတာ သိမှာပါပဲ။ ဒါ့ကြောင့် မင်းအောင်လှိုင်နေရာမှာ မြထွန်းဦးတို့လို တရုတ်နဲ့လည်း အဆင်ပြေပြီး ညှိနှိုင်းလို့ရမယ့် သူနဲ့  အစားထိုးချင်ပုံပါပဲ။ ဒါပေမဲ့ အဲဒါဟာ တရုတ်ရဲ့ စိတ်ကူးယဉ်ချက်ဖြစ်ပြီး မင်းအောင်လှိုင်ကို ပြန်အာဏာသိမ်းဖို့ဆိုတာ အခုထက်ပို တပ်ပျက်မှသာ မျှော်လင့်နိုင်မှာပါ။

တရုတ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ကြား ဆက်ဆံရေးကရော ဘယ်လိုရှိနေပါသလဲ။ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်ဘက်က မြန်မြန်ဆန်ဆန် ပြန်ဖွင့်လိုပေမဲ့ စစ်တပ်နဲ့ ညီနောင် ၃ ဖွဲ့ရဲ့ တပ်နေရာချထားရေးဆိုင်ရာ ညှိနှိုင်းမှု အဆင်မပြေသေးတာကြောင့် ဘာမှလုပ်မရပါဘူး။ ညီနောင် ၃ ဖွဲ့ဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရေးအတွက် သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ပြန်ဆုတ်ပေးမယ့် သဘောထား ရှိမယ်မထင်ပါဘူး။ ဆိုလိုတာက တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်အစိုးရက အတန်အသင့် လွှမ်းမိုးမှုရှိပေမဲ့ တရုတ်အလိုကျ အကုန် လိုက်လုပ်ပေးမှာမဟုတ်ကြောင်း ကုန်သွယ်ရေးလမ်းကြောင်း မဖွင့်နိုင်သေးခြင်းက သက်သေခံနေ ပါတယ်။

လက်ရှိမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တရုတ်၊ ယူနန်ပြည်နယ်အစိုးရကြား တရားမဝင်ဆက်ဆံရေးရှိနိုင်ပြီး တရုတ်ရဲ့သဘောထားအပေါ် အလေးထားချိန်ညှိမှု ရှိနိုင်ပေမဲ့ တရုတ်ဖြစ်ချင်သလို ဖြစ်မှာတော့မဟုတ်ပါဘူး။

တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့သာဆိုရင် မင်းအောင်လှိုင်မပါတဲ့ စစ်အုပ်စုနဲ့ သူနိုင် ကိုယ်နိုင်ပုံစံ ပြန်ပေါင်းထုပ်လို့ ရနိုင်မယ်လို့လည်း တွက်ဆပုံရပါတယ်။ နိုင်ငံရေးမှာ လာဗိုလ်ကျနေတဲ့ စစ်တပ်ကို လုံးဝမမြင်ချင်တော့တဲ့ဒီနေ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်လည်း တတ်နိုင်မှာမဟုတ်ပါဘူး။

ပြောရရင် မြန်မာ့အရေး တရုတ်ရဲ့ ရပ်တည်ချက်ဟာ ပစ္စက္ခမြေပြင်အခြေအနေနဲ့ သိပ်ကင်းကွာနေပြီး စစ်အုပ်စုကိုသာ သက်ဆိုးရှည်စေနေပါတယ်။ အဲဒါတွေရဲ့ အကျိုးဆက် မြန်မာပြည်သူတွေရဲ့ တရုတ်အစိုးရအပေါ်  မုန်းတီးမှုဟာ နက်သထက်နက်လာစေပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024