Home
ဆောင်းပါး
နေကြာ တပြေးညီစိုက်ပြီး စားသုံးဆီ ဖူလုံစေမယ့် စစ်ကောင်စီအိပ်မက် ပျက်ပြယ်
DVB
·
March 5, 2024

ပြီးခဲ့တဲ့ ၂၀၂၂ ဆောင်းသီးနှံရာသီမှာ ချမှတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဆီဖူလုံရေးအိပ်မက်က အခုနှစ် ၂၀၂၄ ဆောင်းသီးနှံပေါ်ချိန်မှာ ရည်မှန်းကာလ ပြည့်မြောက်သွားပေမဲ့ စားသုံးဆီဖူလုံရေး အိပ်မက်က ပြည့်စုံလာတာ မရှိပါဘူး။

အနေကြာဖို့ နေကြာစိုက်ခိုင်းသလား ထင်ရလောက်အောင် ပြည်တွင်း စားသုံးဆီဖူလုံဖို့ တောင်ပေါ် မြေပြန့်မကျန် နေကြာတွေ စိုက်ခိုင်းခဲ့ပေမဲ့ ရေမြေရာသီဥတုနဲ့ စိုက်ပျိုးနည်းပညာတွေအပြင် ကာလတူ စိုက်ပျိုးနိုင်တဲ့ အခြားသီးနှံတွေက ဈေးပိုကောင်းနေတာကြောင့် စိုက်ပျိုးဖို့ အခက်အခဲရှိသလို တချို့ဒေသတွေမှာ နေကြာပန်းတွေ ပွင့်လာပေမဲ့ ဆီဖြစ်ဖို့အတွက် အစေ့အဆံတွေ မတည်ဘဲ ရည်မှန်းထားသလို နေကြာစိုက်ဧကတွေ မပြည့်မီခဲ့ပါဘူး။ အဲဒီနောက်မှာတော့ နေကြာအိပ်မက်ကို ဆက်မက်ပေးဖို့ စစ်ကောင်စီရဲ့ အဖွဲ့ဝင်တွေကိုယ်တိုင် တွန့်ဆုတ်လာခဲ့ကြတယ်လို့ ပဲခူးတိုင်းက နေကြာစိုက်ပျိုးရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“၂၀၂၂ စတဲ့ ကနဦးနှစ်မှာ လုပ်ငန်းစီမံကိန်း စတာဖြစ်တဲ့အတွက် အရှိန်အဟုန်နဲ့ မျိုးစေ့ ဖြန့်ဝေတာတွေရော အကုန်လုံး အားလုံးကို မောင်းနှင်လိုက်တာ။ လုပ်ခဲ့ပြီးတော့ နေကြာ စစိုက်ကြတယ်။ စိုက်ကြတဲ့အခါမှာ ဒီစီမံကိန်းတခုလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် ဒီမှာတင် မဟုတ်ဘူး၊ တိုင်းနဲ့ပြည်နယ်မှာလည်း ကျနော်တို့ မအောင်မြင်ဘူး။ ကိန်းဂဏန်း ကြည့်ရင်လည်း သိတယ်။ အထွက်နှုန်းတွေကို ကြည့်ရင်လည်း သိတယ်။ မအောင်မြင်ဘူး။ တဧကကို ၇ တင်း၊ ၈ တင်း၊ ၁၀ တင်းဝန်းကျင်ပဲ ပျမ်းမျှ။ ကျနော်တို့မြို့နယ်တောင် ၁၀ တင်းကျော်လောက်ပဲ။ ပြောချင်တာက နေကြာက အဓိက အထွက်နဲ့ ဘယ်လိုမှ စီးပွားရေး တွက်ခြေမကိုက်နိုင်ဘူး။ အဲဒါ နံပါတ်တစ်၊ ရလဒ်ကိုပြောတာ၊ ပြောင်းပြန် ပြန်ပြီးတော့ ပြောမယ်ဆိုရင် အဲဒီနှစ်ရဲ့ ရာသီဥတုကလည်း လတိုင်း မိုးရွာတယ်၊ အောက်တိုဘာလည်း မိုးရွာတယ်၊ နိုဝင်ဘာလည်း မိုးရွာတယ်၊ ဒီဇင်ဘာလည်း မိုးရွာတယ်။ လတိုင်း မိုးရွာတယ်။ ခပ်ကြမ်းကြမ်းပြောရင် လတိုင်း လတိုင်းက နှစ်ရက် သုံးရက် ရွာတယ်။ အဲဒီ နှစ်ရက်၊ သုံးရက် ဆက်ရွာတိုင်း ရွာတိုင်းက မိုးဖွဲဖွဲလေးရွာတာ မဟုတ်ဘူး၊ မိုးသက်လေ ပါတယ်၊ ခဏလေးပဲ ဖြစ်ရင် ဖြစ်လိမ့်မယ်။ ဝုန်းဝုန်းနဲ့ မိုးသက်လေတွေ ပါတယ်၊ အဲဒီတော့ ပြောချင်တာက မနှစ်တုန်းက အဲဒီလိုရာသီဥတုကြောင့် နေကြာ မအောင်မြင်တာ တပိုင်းပါတယ်။ ဒုတိယ တပိုင်းကျတော့ ‌တောင်သူက သူတို့ မျက်ဝါးထင်ထင်၊ စီးပွားဖြစ် တွက်ခြေကိုက်တဲ့ အနေအထားမျိုးထိ ဒီကောင် ထဲထဲဝင်ဝင် စိုက်ပျိုးထားတာ မရှိဘူး။ မလုပ်နိုင်ဘူး၊ အဲဒါကြောင့် နေကြာက ဒီနှစ်မှာ တွန်းအားပေးမှုတွေ လျော့လာတယ်။ ၂၀၂၃ ပေါ့။ အဲဒီတော့ အရင်တုန်းက မျိုးစေ့ဖြန့်ဝေတဲ့ လုပ်ငန်းတွေ ကျနော်တို့ သိပ်စိတ်ပူစရာမလိုဘူး။ ကျနော်တို့ သိုင်းဝိုင်းပြီး ကျနော်တို့ တမြို့နယ်လုံးက အုပ်ချုပ်ရေးမှူးတွေ ဝိုင်းရှာပြီးလုပ်တယ်။ ဒီနှစ်ကျတော့ နေကြာကို စီမံကိန်းစတဲ့အချိန်မှာ ဘယ်သူမှမပါဘူး။”

စစ်ကောင်စီရဲ့ ဆီဖူလုံရေးအိပ်မက်က တနိုင်ငံလုံး ဆီလိုအပ်ချက်ဖြစ်တဲ့ တန်ချိန် ၁၁ သိန်းမှာ မိသားစုဝမ်းစာအဖြစ် အသုံးပြုနေတဲ့ တန်ချိန် ၇ သိန်းကျော်ကို ပြည်တွင်းဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကနေ ဖူလုံအောင် စိုက်ပျိုးဖို့ ရည်ရွယ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ အဓိက စိုက်ပျိုးထုတ်လုပ်နေတဲ့ ဆီထွက်သီးနှံတွေထဲက နေကြာကို မြေမျက်နှာသွင်ပြင်၊ ရာသီဥတု မတူကွဲပြားတဲ့ ဒေသအသီးသီးမှာ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တောင်ပေါ်၊ မြေပြန့် ဒေသအလိုက် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံတွေကို အဓိကထား စိုက်ပျိုးထုတ်လုပ်ကြပြီး စုစုပေါင်း စိုက်ဧကက ၇ သန်းကျော် ရှိပါတယ်။ အဲ့ဒီထဲမှာ နေကြာစိုက်ဧက ၆ သိန်းကျော်ရှိပြီး ဆီဖူလုံရေး စီမံကိန်းအရ စားသုံးဆီဖူလုံစေဖို့ နေကြာသီးနှံစိုက်ကြစို့ ဆိုတဲ့ ဆောင်ပုဒ်ကို စိုက်ထူပြီး ဧကတသန်းခွဲအထိ နေကြာကို တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ နေကြာစိုက်ဧကကို ၂ သန်းအထိ တိုးမြှင့်ခဲ့ပေမဲ့ မျှော်မှန်းထားတဲ့အထိ ဧကကုန် စိုက်ပျိုးနိုင်ခဲ့တာတော့ မရှိခဲ့ပါဘူး။ ရေမြေ ရာသီဥတု မတူညီတဲ့ ဒေသအသီးသီးနဲ့ နေကြာပင်ရဲ့ ဖြစ်ထွန်းမှုသဘောကို ကျွမ်းကျင်သူ သုတေသီတဦး ကတော့ နေကြာနဲ့ ဆီဖူလုံဖို့ ရည်မှန်းချက်က မရောက်နိုင်သေးဘူးလို့ ဆိုပါတယ်။

“တကယ့်တကယ် နေကြာနဲ့တော့ ဖူလုံဖို့အထိတော့ မရောက်နိုင်သေးဘူးဗျ။ ဘာဖြစ်လို့လဲဆို ဒီဘက်မှာလည်း အတူပဲ၊ ဖြစ်ထွန်းတဲ့ကာလ အဲ့ဒီအချိန်မှာ ဒီမှာဆိုလည်း မိုးကျ သိပ်အဆင်မပြေဘူးဗျာ။ ကျနော်တို့ဘက်ကျတော့ မိုးမှာ သိပ်အဆင်မပြေဘူး။ သူပန်းပွင့်တဲ့အချိန် ၈ လပိုင်း၊ ၉ လပိုင်းကျတော့ မိုးအကြီးကြီးရွာတာလေ။ အဲ့ခါကျတော့ နေကြာမှာ ရောဂါကျတာမျိုး၊ မိုးကြောင့်မို့ အစေ့ကန်းသွားတာမျိုး၊ အစေ့အ တည်တာမျိုး၊ အဲ့ဒါမျိုးလည်း ဖြစ်တယ်။ အဲ့ခါကျတော့ နေကြာကလည်း ပြောသာပြောတယ်၊ ထွက်သလောက် တားဂတ်ကြီးကို ရဖို့ကတော့ မလွယ်သေးဘူး။ တောင်သူတွေက အကောင်းဆုံး စိုက်ချိန်မှာ တခြားဝင်ငွေရ သီးနှံတွေကို စိုက်ကြသေးတာပဲ။ အခုစိုက်တယ် ဆိုတဲ့လူတွေကလည်း ရချင်သလောက်ရ၊ သူ အဲ့လိုပဲ စနစ်တကျကြီးစိုက်တာ မဟုတ်ဘူး။ တောင်သူတွေကလည်း အဲ့ခါကျတော့ သူ့ရဲ့ အထွက်နှုန်း၊ ပန်းတိုင်အထွက်နှုန်းဆိုတာ ရလောက်အောင် လုပ်တာမဟုတ်ဘူး။ ရသလောက်ပဲ ယူတာကိုး၊ အဲ့ဒါနဲ့ကျတော့ နေကြာနဲ့က လိုတော့ လိုသေးတယ်။”

နေကြာသီးနှံရဲ့ သဘာဝက မိုးနှောင်းရာသီမှာ စိုက်ပျိုးပြီး ဆောင်းရာသီမှာ ရိတ်သိမ်းနိုင်အောင် ချိန်ဆ စိုက်ပျိုးနိုင်မှ အရည်သွေးပြည့်မီတဲ့ အစေ့ဆံကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မိုးနှောင်းရာသီ စိုက်ပျိုးချိန်က လယ်စပါးပြီးချိန် သီးထပ်စိုက်ပျိုးသူ တောင်သူတွေအတွက် မတ်ပဲ၊ ပဲတီစိမ်း စတဲ့ သီးနှံတွေက ဈေးပိုကောင်းပြီး ဝင်ငွေရသီးနှံတွေ ဖြစ်နေတဲ့အတွက် ဈေးကွက်မတွင်ကျယ်တဲ့ နေကြာထက် ဝင်ငွေရ သီးနှံတွေကိုပဲ ဆက်လက်စိုက်ပျိုးလိုကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မန္တလေးကုန်စည်ဒိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ဆီနေကြာ ၂၇ ပိဿာဈေးက ကျပ် ၁၀၀,၀၀၀ သာရှိပြီး မတ်ပဲ ပိဿာ ၂၀ ဈေးက ကျပ် ၁၀၁,၀၀၀ နဲ့ ပဲတီစိမ်းပိဿာ ၂၀ ဈေးက ကျပ် ၇၀,၀၀၀ မှာ  ရှိနေပါတယ်။ ဒါ့ကြောင့် ဆောင်းသီးနှံအတွက် စိုက်ပျိုးကြရာမှာ အသင့်တော်ဆုံးအချိန်ဖြစ်တဲ့ မိုးနှောင်းရာသီမှာ နေကြာကို မစိုက်ပျိုးလိုကြဘဲ ဝင်ငွေရသီးနှံတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲတီစိမ်းကိုသာ စိုက်ပျိုးလိုကြတာ ဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးလိုကြပေမဲ့ အစိုးရစီမံကိန်း အဆက်ဆက်မှာ ပါဝင်ခဲ့တဲ့ အကျိုးဆောင် တောင်သူတွေကတော့ နေကြာနဲ့ စီးပွားမဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

လူဦးရေအများဆုံးဖြစ်လို့ ဆီစားများတဲ့ဒေသ ဖြစ်တဲ့အပြင် စပါးစိုက်ဧက တသန်းကျော်ရှိတဲ့ ရန်ကုန်ဆင်ခြေဖုံးဒေသက နွေစပါးနဲ့ ပဲသီးထပ်စိုက်ပျိုးသူ တောင်သူကတော့ စီမံကိန်းစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် နေကြာစိုက်ပျိုးချိန်မှာ နေကြာတွေ ပွင့်လာပေမဲ့ နေကြာတစေ့မှ မရလိုက်ဘဲ ဒီနှစ် နေကြာစိုက်ပျိုးတဲ့ အတွေ့ကြုံကို ပြောပါတယ်။

“နေကြာကတော့ နွေစပါးမစိုက်တဲ့ ကွင်းတွေကတော့ စိုက်ပေးနေရမှာပဲ။ ဆီထွက်သီးနှံက ဖြစ်နေတော့လေ။ ကိုယ်တနိုင်တပိုင် စနစ်တကျစိုက်လို့ ဖြစ်ထွန်းရင် ကိုယ့်အိမ် ဆီကြိတ် တနိုင်တပိုင်တော့ စားလို့ရတာပေါ့။ စီးပွားဖြစ်ကတော့ သိပ်ပြီးတော့ မှန်းလို့မရဘူးပေါ့။ ဒါပေမဲ့ နေကြာဆီစစ်စစ်တော့ စားရမှာပေါ့။”

နေကြာစိုက်ပျိုးမှုအစကို ပြန်ကြည့်ဖို့အတွက် ၁၉၀၆ ခုကနေ ၂၀၀၆ ခုနှစ်အထိ မှတ်တမ်းပြုစုထားတဲ့ မြန်မာ့စိုက်ပျိုးရေးသမိုင်းမှာတော့ နေကြာမျိုးကို ၁၉၁၈ ခုနှစ်မှာ ပြည်ပကနေ တင်သွင်းလာတာပဲ ဖြစ်ပါတယ်။

အပင်ဖြစ်ထွန်းမှု ကောင်းပေမဲ့ ဆီထွက်နည်းလို့ ဆက်လက်မစိုက်ပျိုးတော့ဘဲ နှစ်ပေါင်း ၄၀ ကျော်ကြာ ၁၉၆၀ ပြည့်နှစ်မှာတော့ ဆီထွက်ကောင်းတဲ့ နေကြာတွေကို စိုက်ပျိုးခဲ့ပေမဲ့ ဈေးကွက်မရှိလို့ ရပ်ထားရပြန်ပါတယ်။ အဲ့ဒီ နောက် ၁၀ နှစ်အကြာ ၁၉၇၀ ပြည့်နှစ် အရောက်မှာတော့ ရုရှားနဲ့ ဩစတြေးလျနိုင်ငံတို့မှ ဆီစားနေကြာတွေကို ဆက်လက်တင်သွင်းလာပြီး စိုက်ဧက ၁ ဒသမ ၇ သန်းအထိ ရောက်ရှိလာပါတယ်။ အဲ့ဒီနောက် နေကြာဆီကို ကြိတ်ခွဲစားသုံးလာပြီး ပြည်တွင်းနေကြာဆီရယ်လို့ သီးခြားဈေးကွက် မရှိခဲ့ပေမဲ့ တခြားဆီနဲ့ ရောရောင်းတဲ့ ရောဆီအဖြစ် အသုံးပြုလာကြပါတယ်။

နေကြာကို တိုးချဲ့စိုက်ပျိုးလာတာ နှစ်ပေါင်း ၅၀ ကျော်လာပေမဲ့ နေကြာဆီက တနှစ်ကို ဆီတန်ချိန် ၁၁ သိန်းလောက် လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာ ဈေးကွက်ဝင် အသင့်စား ဆီသန့်၊ ဆီကြည် နေကြာဆီရယ်လို့ ဖြစ်မလာသေးပါဘူး။ နေကြာစိုက်ပျိုးရာ တောင်ပေါ် မြေပြန့်က ကျေးလက်တွေမှာ နေကြာကို တနိုင်တပိုင် ကြိတ်ခွဲ စားသုံးတာနဲ့ ရောဆီအဖြစ် အသုံးပြုတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ နေကြာဆီရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကြောင့် ပြည်တွင်းက ဆီကုန်သည်များအသင်းက တင်သွင်းလာတဲ့ တံဆိပ်အမျိုးမျိုးနဲ့ နိုင်ငံခြား နေကြာဆီတွေကိုတော့ အများပြည်သူက လက်ခံစားသုံးနေလို့ ပြည်ပ နေကြာဆီဈေးကွက်ကတော့ သီးသန့်အနေနဲ့ ရှိနေပါတယ်။ မြင်းခြံမြို့နယ်က ဆီစက်လုပ်ငန်းရှင်တဦးက ပြည်တွင်းနေကြာဆီကို ကြိတ်ခွဲ အသုံးပြုနေတဲ့ အခြေအနေကို ပြောပြပါတယ်။

“များသောအားဖြင့်တော့ ဦးကြီးတို့ ငယ်ငယ်တုန်းက နေကြာတပိဿာကို ဆီ ၂၇ ကျပ်သားလောက် ထွက်တတ်တယ်။ နေကြာနည်းနည်းညံ့ရင် လျော့သွားမှာပေါ့လေ။ ဆီကို စစ်ခုံနဲ့ စစ်လိုက်ရင် ကြည်သွားတာပါ။ ဒါပေမဲ့ Refined (သန့်စင်) နည်းပညာက ဦးကြီးတို့ဆီမှာ မရှိဘူး။ ဟိုဘက်ကလာတဲ့ နေကြာဆီက Refined လုပ်ထားတော့ မနံဘူးပေါ့၊ ဦးကြီးတို့ဆီက နံတာပေါ့။ စစ်ခံနဲ့ ထည့်စစ်လည်း စိမ်းရွှေရွှေအနံ့က မပျောက်ဘူး။  ဘယ်လိုကွာလဲဆိုတော့ အဲ့ဒီ စိမ်းရွှေရွှေအနံ့ကို မကြိုက်ကြတာ။ ဗမာလူမျိုး ကျန်းမာရေး လိုက်စားတဲ့သူတွေ အတော်တော်များများက အဲ့ဒီဆီ စားပါတယ်။ နေကြာဆီကို စားပါတယ်။ ဒါပေမဲ့ လူတယောက်ကို နေကြာဆီ စစားပါဆိုရင် အဲ့ဒီ စိမ်းရွှေရွှေအနံ့ကြောင့် မစားချင်ဘူး။”

ပြည်တွင်းစားသုံးဆီလိုအပ်ချက်က ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း တန်ချိန် ၆ သိန်းလောက်ကနေ တန်ချိန် ၁၁ သိန်းအထိ နှစ်ဆနီးပါး မြင့်တက်လာပါတယ်။ မိသားစုဝမ်းစာ စားသုံးတဲ့ ဆီတန်ချိန်က တန်ချိန် ၇ သိန်းကျော်ရှိပြီး ဈေးဆိုင်အသုံးနဲ့ စားသောက်ကုန် စက်မှုလုပ်ငန်းသုံး ဆီပမာဏက တန်ချိန် ၃ သိန်းကျော် ရှိပါတယ်။ ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုက အရည်အသွေးညံ့တဲ့ တန်ချိန် ၂၀,၀၀၀ လောက်သာရှိပြီး နှစ်စဉ် တန်ချိန် ၄ သိန်းနီးပါးကို တင်သွင်းနေရဆဲဖြစ်တယ်လို့ ဆီကုန်သည်အသင်းက ထုတ်ပြန်ပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကနေ ဆီမက်ထရစ်တန်ချိန် ၇၃၂,၀၀၀ ကျော် ထွက်ရှိတယ်လို့ စိုက်ပျိုးထုတ်လုပ်မှုအပေါ် တွက်ချက်ထုတ်ပြန်ထားတာ ရှိပေမဲ့ ဆီစက်တွေက ဝယ်တဲ့ဈေးနဲ့ ပြည်ပကို ရောင်းချတဲ့ဈေးက ပိုရနေလို့ စိုက်ပျိုးထွက်ရှိသမျှ စားသုံးဆီရဖို့ ကြိတ်ခွဲ ထုတ်လုပ်နိုင်တာတော့ မရှိပါဘူး။ ဒါကြောင့် မိသားစုဝမ်းစာဆီ လိုအပ်ချက်အတွက် ကျေးလက်ဒေသ တချို့မှာတော့ နှမ်းနီ၊ မုန်ညင်း၊ ပန်းနှမ်းနဲ့ နေကြာအနည်းငယ်ကို ကြိတ်ခွဲစားသုံးကြပါတယ်။ မြို့ပြက မိသားစုတွေမှာတော့ မြေပဲဆီကို စားသုံးခဲ့ကြတဲ့ မိရိုးဖလာ အလေ့အထ ရှိခဲ့ပေမဲ့ ပဲဆီစစ်စစ်ရဖို့ ခက်ခဲလာတဲ့အတွက် ဈေးနှုန်းအရ စားအုန်းဆီကို ပိုပြီး မှီခိုလာကြပါတယ်။

ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက “ပဲဆီစစ်စစ်ဆိုတာ မရှိဘူး။ စက်ရုံမှာတောင်မရှိဘူး။ ပဲဆီစစ်တဲ့နေရာဆိုတာ ဘယ်နေရာမှာမှ မရှိဘူး။ ပဲဆီစစ်တဲ့နေရာဆိုတာ ကိုယ်လည်းမသိဘူး။ ကိုယ်က ဈေးထဲမှာ ကိုယ်ဝယ်နေကျဆိုင်တွေမှာ ကြုံရင် ကြုံသလို ဝယ်လိုက်တယ်။ ကိုယ်က‌တော့ ကိုယ်စားနေကျအတိုင်းပဲ ဒါရောင်းရင် ဒါဝယ်လိုက်တယ်။ ပုစွန်နှစ်ကောင်ဆို ပုစွန်နှစ်ကောင်လား၊ ဂွတ်ဒီဆို ဂွတ်ဒီ ဝယ်သုံးတယ်။ စားအုန်းဆီပဲ” လို့ ပြောပါတယ်။

စားသုံးဆီဖူလုံဖို့ နေကြာကိုတိုးချဲ့စိုက်ပျိုးပြီး နေကြာတွေ ပိုပြီးထွက်လာရုံနဲ့ အိမ်ရှင်မတွေရဲ့ ဆီဘူးထဲကို နေကြာဆီတွေ ၂ နှစ်အတွင်း ရောက်လာဖို့ကတော့ စိတ်ကူးယဉ်ဆန်လွန်းတဲ့ စီမံကိန်းတခုသာ ဖြစ်နေပါတယ်။

ပြည်တွင်းဆီလိုအပ်ချက်ကို လက်တွေ့ကျကျ ဖြည့်ဆည်းနိုင်ဖို့က နေကြာတိုးချဲ့စိုက်ပျိုးမှု အောင်မြင်ပြီး ဆီကြိတ်ဖို့ နေကြာဆံတွေ ပိုပြီးထွက်လာရင်တောင် ဆီစက်တွေကတဆင့် အသင့်စား ဆီသန့်ကြိတ်ခွဲနိုင်ဖို့၊ စားအုန်းဆီဈေးနဲ့ သိပ်မကွာလွန်းတဲ့ ဈေးနှုန်း‌တွေ သတ်မှတ်နိုင်ဖို့ ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်တဲ့ နေကြာဆီကို စားသုံးသူ အိမ်ရှင်မတွေ ရွေးချယ်ဝယ်ယူလာဖို့ စတဲ့လုပ်ငန်းစဉ်တွေ ဖြစ်မြောက်ဖို့ လိုအပ်လာပါတယ်။

ဒီအခြေအနေကို ပြည်တွင်းစားသုံးဆီလုပ်ငန်း ကျွမ်းကျင်သူတဦးက “နေကြာစိုက်ပျိုး ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်ဖို့ စိုက်ပျိုးရေးက ကုန်ကြမ်းပိုင်းကို တာဝန်ယူပြီးတော့ လုပ်နိုင်ရင် ကျနော်တို့ ဒီဘက်က Industry ပိုင်းက ခုနပြောတဲ့ စက်ရုံအလုပ်ရုံ မြင့်မားရေးကို လုပ်တယ်။ သူက နိုင်ငံတော်ကလည်း ချေးငွေတွေ ထုတ်ပေးတာ မှန်တယ်။ ဒါပေမဲ့ ဒီဟာတွေက တကယ် အဲ့ထဲမှာ ဝင်ဖို့လိုတယ်။ ခုနပြောတဲ့ လိုအပ်ချက်တွေကို ဖြည့်ဖို့တွေလည်း လိုသေးတယ်။ ဥပမာ လျှပ်စစ်မီး အပြည့်အဝမပေးနိုင်ရင် ဘယ်လိုနည်းလမ်းကို သုံးမလဲ၊ အင်ဂျင်နဲ့ သွားမှာလား၊ သူ့ရဲ့ကုန်ကျစရိတ်ကို တွက်ချက်ပြီးတော့ ဘယ်လောက်နဲ့ရောင်းနိုင်ရင် သင့်တော်မလဲ ဆိုတာတွေ လုပ်ရမယ်။ ကျနော်တို့က အိတ်စ်ပို့အတွက် ပဲအရည်အသွေးကို ကြည့်တာမျိုး မဟုတ်ဘဲနဲ့ ပြည်တွင်းမှာရှိနေတဲ့ ပစ္စည်းတွေရဲ့ Standardization ကိုလည်း ထိန်းဖို့တော့လိုတယ်။ ဒါမှ ပြည်တွင်းက စားသုံးသူ ပြည်သူတွေအတွက် အကျိုးရှိမယ်လေ၊ အဲ့လို ကျနော်တို့က Commercial ဖြစ်ဖို့အတွက်ကို နေကြာက ဘာနဲ့သွားပြီးတော့ လိုအပ်လဲဆိုတော့ ပရိုမိုးရှင်းတွေ အများကြီးလုပ်ဖို့ လိုအပ်တယ်။ တင်စားပြီးပြောတာပါ။ ပြည်သူတွေ ကြိုက်နှစ်သက်အောင် လုပ်ဖို့လိုအပ်တယ်။ ဈေးနှုန်းအားဖြင့် သင့်တော်တဲ့ ဈေးနှုန်းဖြစ်အောင် လုပ်ပေးနိုင်ရမယ်။ နောက်တခုက ထုတ်လုပ်မှုမှာ အရည်အသွေးပိုင်း အပြင်ကို အိတ်စ်ပို့အတွက်ကို ရည်မှန်းပြီး‌တော့ ပြည်တွင်း Standardization တွေကို ပြင်ထားဖို့လိုတယ်။ နောက်တခါ နေကြာကို အိတ်စ်ပို့လုပ်မယ်ဆိုရင် International Use ကို မျှော်မှန်းပြီး လုပ်မယ်ဆိုရင် ဖယောင်းချွတ်တဲ့ဟာရှိတယ်။ ကျနော်တို့က အဲ့စက်တွေကို ဘယ်လောက်လုပ်နိုင်ပြီလဲ။ လုပ်ဖို့အတွက်ကို ကျနော်တို့ကို ထည့်ပြီး စဉ်းစားဖို့လိုတယ်။ ကုန်ကြမ်းထုတ်လုပ်မှုအပြင် ကုန်ချောထုတ်လုပ်မှု အပိုင်းကိုလည်း အသေးစိတ် ဗျူဟာတွေ ချဖို့လိုတယ်။ ဒါမှတက်လာမှာ” လို့ ပြောပါတယ်။

၂ နှစ်အတွင်း စားသုံးဆီဖူလုံဖို့အတွက် နေကြာစီမံကိန်းကို ချမှတ်ရာမှာ နေကြာမျိုးတွေ စိုက်ထုတ်နိုင်ဖို့၊ နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ငွေကြေးကုန်ကျစရိတ်ကို တိုင်းဒေသကြီး ဘတ်ဂျက်ကိုလည်း သုံးစွဲကြတာရှိသလို စိုက်ပျိုးရေးဦးစီးဌာနရဲ့ ဘတ်ဂျက်တွေကလည်း ထည့်ဝင်လာကြရတာ ဖြစ်ပါတယ်။

ပြည်တွင်းစားသုံးဆီဖူလုံဖို့ နေကြာတိုးချဲ့စိုက်ပျိုးတဲ့ စီမံကိန်းအတွက် ဘတ်ဂျက်ကုန်ကျစရိတ်တွေကို သီးသန့်ထုတ်ပြန်တာ မရှိပေမဲ့ စိုက်ဧကကို ထက်ဝက်မြှင့်ပြီး စိုက်ပျိုးဖို့ ပြင်ဆင်လာရာမှာ ဝင်ငွေရသီးနှံကို မစိုက်ပျိုးနိုင်တာတွေ၊ မျိုးစေ့သုံးစွဲမှုတွေ၊ သီးနှံမတူညီလို့ မြေပြင်ထွန်ယက်စရိတ်တွေ၊ လုပ်သားကုန်ကျစရိတ်တွေက စီမံကိန်း မအောင်မြင်တဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ နေကြာတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းက အာဏာတည်မြဲရေးအတွက် အနေကြာဖို့ နေကြာစိုက်ခိုင်းသလား ထင်ရလောက်အောင် မြန်မာနိုင်ငံရဲ့ စားသုံးဆီ မဖူလုံနိုင်တဲ့ လက်တွေ့အခြေအနေတွေနဲ့ ကွာခြားလွန်းမက ဖြစ်နေပါတယ်။

စိမ်းလဲ့ကန်သာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024