Home
ဆောင်းပါး
ပြည်သူတိုင်းရဲ့ အိမ်ပေါက်ဝထံ ရောက်လာတဲ့ စစ်မရဏတံခါးခေါက်သံ
DVB
·
March 4, 2024

အာဖရိကခြင်္သေ့ရိုင်းတွေဟာ သူတို့ အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ အသားစားရဖို့အတွက် သူတို့ရဲ့ လက်သည်းအစွယ် အားကိုးနဲ့ ဟိန်းဟောက်လို့ နွားတွေ၊ ကျွဲတွေ၊ မြင်းကျားအုပ်တွေထဲ ဝင်ဆွဲပြီး ကိုက်ဖြတ်စားသောက်လေ့ ရှိပါတယ်။ အဲဒီအခါမှာ အကိုက်ခံ အဆွဲခံရတဲ့ သတ္တဝါတွေဟာ ပထမတော့ အကြောက်တရားနဲ့ ကစဉ့်ကလျား အသက်လုပြေးကြပါတယ်။ မလွတ်တဲ့အခါ အော်ဟစ်ရုန်းကန်ရင်း ခြင်္သေ့ပါးစပ်ထဲမှာ အသက်ဆုံးကြရလေ့ရှိပါတယ်။

များသောအားဖြင့် ကျွဲအုပ်၊ နွားအုပ်၊ မြင်းကျားအုပ်တွေ မေ့နေတတ်ကြတာက သူတို့မှာလည်း သန်မာတဲ့ ခြေတံလက်တံတွေ ရှိတယ်၊ ခွာတွေရှိတယ်၊ ဦးချိုတွေရှိတယ် ဆိုတဲ့အချက်ပါပဲ။ အဲ့ဒါအပြင် အရေအတွက်အားဖြင့် သူတို့ဟာ ခြင်္သေ့တွေကို နင်းသတ်လို့ရနိုင်တဲ့ အရေအတွက်ရှိတာမို့ ညီညီညွတ်ညွတ် စုပေါင်းရင်ဆိုင်မယ်ဆိုရင် အသားစား ခြင်္သေ့ရိုင်းတွေကို တိုက်ခိုက်ရှင်းလင်းနိုင်တယ်ဆိုတဲ့ အချက်ကို‌ မေ့‌နေတတ်ကြတာပါပဲ။ သူတို့မှာရှိတဲ့ ခြင်္သေ့တွေအပေါ် အကြောက်တရားက အဲဒီအချက်ကို သတိမမူမိကြဘဲ တကောင်ချင်းစီက ကိုယ်လွတ်ရုန်းဖို့ ကြိုးစားကြရင်း ခြင်္သေ့အစားခံကြရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အပြင်လောကမှာ ရဲရင့် သတ္တိရှိတဲ့ ကျွဲအုပ်၊ မြင်းကျားအုပ်တွေရဲ့ ညီညွတ်စွာ ပြန်လည်တိုက်ခိုက်တာ ခံရပြီး ခြင်္သေ့ရိုင်းတွေ ကျွဲချိုဖျားနဲ့ မြင်းခွာ‌အောက် အသက်ပျောက်ကြရတဲ့ အဖြစ်အပျက်တွေ အမှန်တကယ်ရှိပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အပေါ်မှာ ရေးခဲ့တဲ့ အခြေအနေမျိုး ဖြစ်နေခဲ့ပါပြီ။

လက်နက်အားကိုး အနိုင်ကျင့် ဖိနှိပ်သတ်ဖြတ်တတ်တဲ့ စစ်မိစ္ဆာဓားပြဂိုဏ်းဟာ ခြင်္သေ့ရိုင်းတွေပမာ ပြည်သူလူထုကို အကြောက်တရားဖန်တီးပြီး နှစ်ပေါင်းများစွာ စိုးမိုးဗိုလ်ကျ အုပ်ချုပ်လာရာက ၂၀၂၁ ခုနှစ်မှာ သမိုင်းတခေတ်ပြောင်းစေမယ့် နွေဦးတော်လှန်ရေးကြီး ပေါ်ထွန်းလာခဲ့တဲ့ အခါမှာတော့ မျိုးဆက်ပေါင်းစုံက လူငယ် လူရွယ် လူကြီးတွေဟာ ခြင်္သေ့ရိုင်းတွေကို သုတ်သင်ဖို့ သတ္တိရှိစွာနဲ့ ခေါင်းငုံ့မခံဘဲ ညီညီညွတ်ညွတ် ပြန်လည်တွန်းလှန်ခဲ့ကြရာက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူတွေ ပါဝင်တဲ့ လက်နက်ကိုင် တော်‌လှန်ရေးကို ရဲရင့်စွာ ဆင်နွှဲလာနေချိန် ဖြစ်ပါတယ်။

ကျွဲအုပ်၊ နွားအုပ်၊ မြင်းကျားအုပ်တွေထဲမှာ အများစုဟာ ကြောက်တတ်ကြတာ သဘာဝပေမဲ့ ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်ရှိတဲ့ လူသားတွေအဖို့ ရေရှည် အသက်ဘဝ လုံခြုံစိတ်ချမှု၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ကို အရယူကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်ဖိနပ်အောက်မှာ ရာစုနှစ်ဝက်ကျော် အသားကျလာတာမို့ အကြောက်တရား ကြီးမားတဲ့ ပြည်သူတွေလည်း ရှိနေသေးတာမို့ ခြင်္သေ့ရိုင်းတွေနဲ့တူတဲ့ စစ်အခွင့်ထူးခံ ဓားပြတအုပ်ဟာ ဆိုးသွမ်းရမ်းကားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူး၊ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ကိုယ့်စီးပွားရေး ကိုယ်လုပ်မယ်ဆိုတဲ့ မိမိအနီးနားက မိမိနဲ့ အမျိုးတူ တကောင်ကို ခြင်္သေ့တွေက ဝိုင်းဆွဲနေချိန်မှာ မြက်စားမပျက်တဲ့ ကျွဲရိုင်း၊ နွားရိုင်း၊ မြင်းကျားရိုင်းတွေနဲ့ သဏ္ဌာန်တူလှတဲ့ ပြည်သူအညံ့စားတွေတောင် နိုင်ငံရေးပြဿနာဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ မခံယူနိုင်တော့ပါဘူး။

ခြင်္သေ့ရိုင်း စစ်ဓားပြတွေက မြို့လုံးကျွတ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလာနေတာ၊ အရပ်သား အိမ်ရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ထု၊ လေယာဉ်နဲ့ဗုံးကြဲပြီး အရက်စက်ဆုံး တိုက်ခိုက် သတ်ဖြတ်လာနေတော့ ပြည်သူအညံ့စားတွေရဲ့ အသက်ဘဝ ရှင်သန်မှုဟာ ပိုလို့ ပတ်သက် ထိခိုက်လာခဲ့ရပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံး ပိုဆိုးလာတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ခြင်္သေ့ရိုင်း စစ်ဓားပြတွေက သူတို့ရှင်သန်ရေးအတွက် ပြည်သူတိုင်းရဲ့ သားသမီး၊ တူ၊ တူမတွေ အားလုံးရဲ့ အသက်ဘဝကို ချနင်းစတေးဖို့ ပြင်ဆင်လုပ်ဆောင်လာကြတာမို့ ငါနဲ့မဆိုင်ဘူးဆိုပြီး မြက်ငုံ့စားနိုင်တဲ့ အချိန်မျိုး မဟုတ်တော့ပါဘူး။ တနည်းအားဖြင့်ပြောရရင် ဒါဟာ ခြင်္သေ့ရိုင်း စစ်ဓားပြဂိုဏ်း အန္တရာယ်ဟာ မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ လူတိုင်းရဲ့ အိမ်တံခါးဝကို ရောက်လာပြီ ဆိုတာကို အသိပေးလာတဲ့ အချက်ပေးခေါင်းလောင်းသံ (Wake Up Call) ပဲ ဖြစ်ပါတယ်။

လေ့ကျင့်ထားပြီးသား တိုက်ပွဲအတွေ့အကြုံရှိတဲ့ စစ်သားတွေတောင် ပစ်စလက်ခတ် သေကျေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးနေရတဲ့ စစ်ရှုံးဓားပြတပ်မှာ လူငယ်လူရွယ်တွေ အမှုထမ်းရမယ်ဆိုတာ သေမိန့်ချလိုက်တာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အကျိုးစီးပွားအတွက် လူသားဒိုင်းအဖြစ် မိုင်းနင်းဖို့၊ ကျည်ဆန်အိတ်၊ ရိက္ခာအိတ်ထမ်းရင်း အသက်ဆုံးကြရမှာ ဖြစ်ပါတယ်။

ဒီနှစ် စစ်ဓားပြအမှုထမ်းဥပဒေ အသက်သွင်းပြီးတဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ လက်ရှိအချိန်ထိ ရန်ကုန်တိုင်း၊ ရှမ်း၊ ရခိုင်နဲ့ မွန်ပြည်နယ်အတွင်းက လူငယ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီး ၆၀ လောက် ပျောက်ဆုံးနေပြီး ရန်ကုန်မြို့မှာ လူငယ်တွေကို စစ်သင်တန်းတက်ဖို့ စုဆောင်းတာတွေ ရှိနေသလို ပေါ်တာဆွဲနေတာတွေ ရှိတယ်လို့လည်း မြို့ခံတွေကြား ပြောဆိုနေကြတဲ့သတင်းကို ဒီဗွီဘီမှာ ဖတ်လိုက်ရပါတယ်။

ပုသိမ်တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ညောင်တုန်း၊ ကျောင်းကုန်း၊ ကျုံပျော်နဲ့ ဓနုဖြူမြို့နယ်တွေမှာ လိုအပ်ပါက စစ်မှုထမ်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို စစ်ဓားပြဂိုဏ်းက နယ်မြေခံ တပ်ရင်းတွေမှာ အခြေခံစစ်သင်တန်း တက်ခိုင်းနေတာ သင်တန်းဆင်းတော့မယ်လို့ သတင်းဖတ်ခဲ့ရပါတယ်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှာလည်း ဖေဖော်ဝါရီလ ၂၅ ရက်‌နေ့တုန်းက ၁၀၃ လမ်းနဲ့ ၁၀၁ လမ်းကြား၊ သိပ္ပံလမ်းနဲ့ ၁၀၃ လမ်းကြား၊ အရှေ့မြို့ပတ်လမ်းနဲ့ ၅၄ လမ်းကြားက စားသောက်ဆိုင် KTV ဆိုင်တွေက စားပွဲထိုး ဝန်ထမ်းတွေ လူငယ် ၁၇ ဦးလောက်ကို စစ်ဓားပြတပ်နဲ့ လက်ပါး‌စေ ရဲနဲ့ ပျူစောထီးအဖွဲ့တွေ ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံရေးဟာ ကိုယ်နဲ့ဆိုင်တယ်လို့ မှန်ကန်စွာ သိတတ် နားလည်တဲ့ ပြည်သူတွေသာမက နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်နေကြတဲ့ မသိနားမလည်တဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ အိမ်ရှေ့တံခါးပေါက်ကို နိုင်ငံရေးက လာခေါက်တဲ့ အသံဟာ စစ်မရဏတံခါးခေါက်သံပဲ ဖြစ်ပါတယ်။

ပြည်သူပြည်သားတိုင်းအတွက် မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိညီအစ်ကို မောင်နှမဖြစ်စေ၊ မိမိတူ တူမ သားသမီးဖြစ်စေ ဆိုးရွားယုတ်မာလှတဲ့ စစ်ရှုံးဓားပြဂိုဏ်း ရှင်သန်ရေးအတွက် အချိန်မရွေး ခေါ်ယူခံရနိုင်ပြီး စစ်ကျွန်အမှုထမ်းဖို့၊ ကျည်ဆန်ခဲယမ်းမီးကျောက်တွေ ထမ်းပေးရင်း မိုင်းနင်းပေးဖို့၊ လူသားဒိုင်းအကာအဖြစ် အသုံးချခံရဖို့ ကံကြမ္မာဆိုးဟာ လက်တကမ်းမှာ ရောက်လို့နေပါပြီ။

ဒါကြောင့် တိုင်းပြည်ကို စစ်အနိဋ္ဌာရုံမျိုးစုံနဲ့ ငရဲပြည်အလား ဆင်းရဲဒုက္ခရောက်စေတဲ့ အဓိကတရားခံ စစ်အာဏာရှင်နဲ့ လက်ပါး‌စေ ဓားပြဂိုဏ်း ခြင်္သေ့ရိုင်းတွေကို မိမိအသက်နဲ့ ဘဝကို ကယ်တင်နိုင်ဖို့ သတ္တိရှိတဲ့ ကျွဲရိုင်းအုပ်ကြီးလို ရဲရဲရင့်ရင့် ရင်ဆိုင်တွန်းလှန်ကြရမှာ နိုင်ငံသားတိုင်းရဲ့ သမိုင်းခေတ်တာဝန် ဖြစ်လို့လာပါပြီ။

ဒီနေရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့တဲ့ ...

“တကယ်အရေးကြီးလို့ရှိရင်တော့ သွေးစည်းကြမယ်လို့ ယုံကြည်ပါတယ်။ ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ရှိရင် နောက်ကျရင် မကြောက်ရတဲ့ခေတ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီး လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောက်ဆက်ပြီးတော့ ကြောက်နေရတဲ့ စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားမယ်။ အဲဒီတော့ ... အားလုံးက မှန်တာကိုလုပ်ရလို့ရှိရင် ကြောက်နေလည်း လုပ်ရမှာပါ” ဆိုတဲ့ မှတ်သားဖွယ်စကားရပ်ဟာ လက်ရှိအချိန်နဲ့ အကိုက်ညီဆုံး လိုအပ်ချက် ဖြစ်ပါတယ်။

နိုင်ငံနဲ့ လူငယ်လူရွယ်တွေရဲ့ အသက်ဘဝတွေကို ချနင်း ဖျက်ဆီးနေတဲ့ စစ်အခွင့်ထူးခံ မကောင်းဆိုးဝါးတွေကို ရှင်းလင်းဖယ်ရှားနေတဲ့ နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်နိုင်ရေးမှာ မိမိအခြေအနေပေးတဲ့အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်မှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံ အမှုထမ်းနိုင်သူကထမ်း၊ ငွေကြေးတတ်နိုင်သူများက ပိုလှူဒါန်း၊ ထောက်ပို့နိုင်သူက ထောက်ပို့၊ အကြံဉာဏ်အား လုပ်အား၊ နည်းပညာ ပံ့ပိုးတာ သတင်းပေးပို့တာ စတဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းစေဖို့ရာ တွန်းအားဖြစ်စေမယ့် အရာတိုင်းမှာ နိုင်ငံသားတိုင်းက မဖြစ်မနေ ဝိုင်းဝန်းပါဝင် အားထုတ်ကြချိန် ရောက်လာပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024