Home
နိုင်ငံတကာ
ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကို အခိုင်အမာ ကာကွယ်နေဟု သမ္မတ ပြော 
DVB
·
February 29, 2024

ဖိလစ်ပိုင်နိုင်ငံရဲ့ ပိုင်နက် တလက်မကိုမှ ဘယ်ပြည်ပအင်အားကြီးနိုင်ငံကိုမှ ယူခွင့်မပြုကြောင်းနဲ့ မနီလာဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို ခိုင်ခိုင်မာမာ ကာကွယ်နေကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သြစတြေးလျပါလီမန်မှာ ဖေဖော်ဝါရီ ၂၉ ရက်က ပြောပါတယ်။

နိုင်ငံတကာဥပဒေနဲ့အညီ ပြဋ္ဌာန်းထားတဲ့ ဖိလစ်ပိုင်ရဲ့ အခွင့်အရေးတွေကို တရားဥပဒေနဲ့အညီ ကျင့်သုံးဖို့အတွက် သြစတြေးလျနဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ တသမတ်တည်းနဲ့ ပြတ်ပြတ်သားသား ပံ့ပိုးကူညီမှုကနေလည်း ခွန်အားတွေကိုရပါတယ်လို့လည်း ဩစတြေးလျနဲ့ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အသစ် လက်မှတ်ရေးထိုးပွဲမှာ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။

သြစတြေးလျနဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်မှာ သူတို့ရဲ့ပထမဆုံးသော ရေပြင်၊ ဝေဟင် ပူးတွဲကင်းလှည့်မှုကို နိုဝင်ဘာလမှာ စတင်ခဲ့ပြီး ပင်လယ်ပြင်တခုလုံးကို သူ့ပိုင်နက်အဖြစ် အခိုင်အမာ ပြောဆိုနေတဲ့ တရုတ်နိုင်ငံကို တန်ပြန်ဖို့လည်း ရည်မှန်းထားတာဖြစ်ပါတယ်။

သြစတြေးလျ၀န်ကြီးချုပ် အန်တိုနီ အယ်လ်ဘနိစ်က “အရပ်ဘက်ရေကြောင်းလုံခြုံရေး၊ အဏ္ဏဝါပတ်ဝန်းကျင်ကာကွယ်ရေး၊ ရေကြောင်းပိုင်နက်ဆိုင်ရာ အသိပညာပေးရေးနဲ့ နိုင်ငံတကာဥပဒေ လေးစားမှုမြှင့်တင်ရေးတို့ အပါအဝင် ဒေသတွင်းအတွက် မျှဝေထားတဲ့ အမြင်ကိုမြှင့်တင်သွားဖို့ ပိုမိုအနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်”လို့ပြောပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရေရှည်တည်တံ့ခိုင်မြဲဖို့ ကတိကဝတ်ပြုထားတဲ့ ဒေသတွင်း မိတ်ဖက်တွေအနေနဲ့လည်း ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မားကို့စ်ဟာ လာမယ့်သီတင်းပတ်မှာ မဲလ်ဘုန်းမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) အထူးထိပ်သီးအစည်းအဝေးကို မတက်ရောက်ခင် သြစတြေးလျကို တရားဝင်ခရီးစဉ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Kirsty Needham

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024