Home
နိုင်ငံတကာ
ယူကရိန်းသမ္မတ ဇလန်းစကီး အယ်လ်ဘေးနီးယား ရောက်ရှိ
DVB
·
February 28, 2024

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ဘောလ်ကန်ဒေသတွင်းနိုင်ငံများ လုံခြုံရေး ထိပ်သီးအစည်းအဝေး မတိုင်မီ ဖေဖော်ဝါရီ ၂၇ ရက် ညမှာ အယ်လ်ဘေးနီးယားနိုင်ငံရဲ့ မြို့တော် တီရာနာကို ရောက်လာခဲ့ပါတယ်။

ယူကရိန်း-အရှေ့တောင်ဥရောပ ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်မှာ တရားဝင်စဖို့ စီစဉ်ထားတယ်လို့ အယ်လ်ဘေးနီးယား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အခမ်းအနား အစီအစဉ်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂက ထိပ်တန်းအရာရှိတွေနဲ့ အနောက်ဘော်လ်ကန်နိုင်ငံ အများအပြားရဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်မှာပါ။

ယူကရိန်းသမ္မတဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟမ်မဒ် ဘင် ဆယ်လ်မန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ နှစ်နှစ်ကြာ ကျူးကျော်မှု အဆုံးသတ်ရေး၊ သုံ့ပန်းတွေ ပြန်လာနိုင်ရေးနဲ့ စစ်ဘေးရှောင်တွေ ပြန်ပို့ရေး ယူကရိန်းရဲ့ ငြိမ်းချမ်းရေးဖော်မြူလာ မူဘောင်ကို အဓိကထားပြီး ဆော်ဒီအာရေဗျမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇလန်းစကီးက တယ်လီဂရမ် စာတိုပေးပို့ရေး အက်ပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ယူကရိန်း-ရုရှား အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာ ကြိုးပမ်းမှုတွေနဲ့ အားထုတ်မှုတွေ အားလုံးအတွက် ဆော်ဒီရဲ့ စိတ်အားထက်သန်မှုနဲ့ ပံ့ပိုးကူညီမှုကို အတည်ပြုခဲ့တယ်လို့ ဆွေးနွေးပွဲအတွင်း ဆော်ဒီအိမ်ရှေ့မင်းသားက ပြောခဲ့တဲ့အကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းအစိုးရဟာ အခုနှစ် နွေဦးရာသီမှာ ယူကရိန်းပဋိပက္ခ ဖြေရှင်းရေး ကူညီနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်မယ့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပဖို့ မျှော်လင့်ထားပါတယ်။

ဆော်ဒီအာရေဗျဟာ ယူကရိန်းနဲ့ ရုရှားကြား အကျဉ်းသားလဲလှယ်ရေးမှာ ဖျန်ဖြေပေးသူအဖြစ် အရင်က ဆောင်ရွက်ခဲ့ဖူးပါတယ်။

ဇလန်းစကီး ကတော့ ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ဆုံမှုဟာ ဒီကိစ္စမှာ ရလဒ်တွေ ထွက်လာမှာ သေချာတယ်လို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက လုံးလုံးလျားလျား စတင်ကျူးကျော်ခဲ့တာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ၂ နှစ်ပြည့်ခဲ့ပါတယ်။

ရုရှားစစ်တပ်ကို တွန်းလှန်ရာမှာ ကနဦး အောင်မြင်မှုတွေ ရခဲ့ပြီးတဲ့နောက် ယူကရိန်းဟာ အရှေ့ပိုင်းစစ်မြေပြင်တွေမှာ လတ်တလော ဆုတ်ယုတ်တာတွေ ကြုံတွေ့ခဲ့ရပါတယ်။

ယူကရိန်း စစ်ဗိုလ်ချုပ်တွေက လက်နက်နဲ့ စစ်သားတွေ ပြတ်လပ်တာ ပိုများလာတယ်လို့ ညည်းညူခဲ့ကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024