Home
ဆောင်းပါး
အယ်လ်နီညို ရိုက်ခတ်မှုကြောင့် ရခိုင်စစ်ဘေးရှောင်များ နွေရာသီတွင် အခက်အခဲမျိုးစုံ ကြုံရနိုင်
DVB
·
February 27, 2024

အယ်လ်နီညိုခေါ် အစွန်းရောက်ရာသီဥတုဟာ စတင်ဖြစ်ပွားနေပြီလို့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကရော နိုင်ငံတကာ အစိုးရတွေရဲ့ မိုးလေဝသ ပညာရှင်တွေကပါ အကြိမ်ကြိမ် ထုတ်ပြန်ထားပါတယ်။

အခုနှစ် ၂၀၂၄ နွေရာသီမှာ သက်ရောက်မယ့် အယ်လ်နီညိုဟာ ရှေးယခင် အယ်လ်နီညိုတွေရဲ့ သက်ရောက်မှုထက် ပိုပြီးတော့ ပြင်းထန်နိုင်ခြေရှိတယ်လို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄ ရက်က ထုတ်ဝေတဲ့ The Economist စာစောင်မှာ ဖော်ပြထားပါတယ်။

မိုခါမုန်တိုင်း ဝင်ရောက်မှုဟာ အယ်လ်နီညိုသက်ရောက်မှုရဲ့ ရှေ့ပြေးလက္ခဏာတရပ် ဖြစ်ပြီးတော့ မိုခါမုန်တိုင်း ဝင်ရောက်မှုရဲ့ နောက်ပိုင်းမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိ သိသိသာသာ အအေးလျော့ခဲ့ပါတယ်။ အယ်လ်နီညို အားအပြင်းဆုံးကာလဟာ ၂၀၂၃ ခု ဒီဇင်ဘာလကနေ နောက်ကိုးလအတွင်းမှာ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုရှယ်မီဒီယာတွေမှာ အသိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာတော့ အယ်လ်နီညိုကပ်ဘေးအတွက် အစိုးရတွေကနေ သေချာကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရေကြိုတင်သိုလှောင်ထားတာ၊ အပူချိန်ခံနိုင်မယ့် သီးနှံတွေကို အစားထိုး စိုက်ပျိုးတာတွေကို အိမ်နီးချင်းနိုင်ငံတွေမှာ အစိုးရတွေကနေ ဦးဆောင်ပြီးတော့ လုပ်ဆောင်နေကြတာတွေ ရှိပါတယ်။

ဒါပေမဲ့ ပြည်တွင်းစစ်မီးကြောင့် အဘက်ဘက်ကနေ ဆုတ်ယုတ်နေတဲ့ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီဘက်ကရော၊ NUG အပါအဝင် EAOS တွေဘက်ကပါ အယ်လ်နီညို သက်ရောက်မှုအတွက် ပြင်ဆင်တာတွေ မရှိသလောက်ပါပဲ။ သေချာကြိုတင်ပြင်ဆင်မှုတွေသာ မလုပ်နိုင်ခဲ့ရင် မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးကဏ္ဍဖြစ်တဲ့ စိုက်ပျိုးရေးဟာ အများဆုံး ထိခိုက်နိုင်ပြီးတော့ စိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ တခြားစီးပွားရေးကဏ္ဍတွေမှာပါ ဆိုးရွားစွာ ထိခိုက်နိုင်ခြေ ရှိပါတယ်။

လာမယ့်နွေရာသီမှာ အယ်လ်နီညို သက်ရောက်မှုကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး ထိခိုက်တာတွေ အပါအဝင် မိုးခေါင်တာ၊ ရေရှားတာတွေနဲ့ အပူဒဏ်ကြောင့် ရောဂါကျရောက်မှုတွေ ပိုများလာနိုင်ပြီး ပျက်စီးဆုံးရှုံးမှုတွေပါ ပိုတိုးလာနိုင်ပါတယ်။ ၂၀၂၃ ခုနှစ် မေလက ထုတ်ပြန်တဲ့ ISP Myanmar ရဲ့ စစ်တမ်းတခုမှာ မြန်မာပြည်သူတွေဟာ စစ်ပွဲအပြင် အယ်လ်နီညိုရဲ့ သက်ရောက်မှုပါ ခံရနိုင်တာကြောင့် လူမှုဒုက္ခတွင်းဆုံးကျတဲ့ ကပ်ဘေး (Humanitarian Disaster) နဲ့ပါ ကြုံတွေ့ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အယ်လ်နီညိုရဲ့ ရှေ့ပြေးလက္ခဏာတခုဖြစ်တဲ့ မိုခါမုန်တိုင်း ဝင်ပြီးကတည်းက စီးပွားရေး နာလန်မထူနိုင်သေးတဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် ကြားမှာ စစ်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒါ့အပြင် ရခိုင်ဒေသဟာ အပူပိုင်းဒေသ ဖြစ်တဲ့အတွက် နွေရာသီမှာပါ ပြင်းထန်တဲ့ အယ်လ်နီညိုရဲ့ သက်ရောက်မှုကိုပါ ကြုံတွေ့ရဦးမှာပါ။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြို့နယ် ၁၅ ခုက ဒေသခံပြည်သူတွေ သိန်းနဲ့ချီပြီး နေထိုင်ရာ ဒေသတွေကနေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေမှာလည်း တကိုယ်ရေစာ အသုံးအဆောင်ကလွဲရင် ရေရှည်နေထိုင်နိုင်ရေးအတွက်ရော အယ်လ်နီညိုဘေးအတွက်ပါ လုံလောက်တဲ့  အသုံးအဆောင်တွေ အခုထိ မရှိသေးပါဘူး။ ရခိုင်တိုက်ပွဲကာလက ၃ လကျော်လာပြီဖြစ်လို့ စားရေးသောက်ရေး အပါအဝင် နေထိုင်ရေး ပြဿနာတွေကိုပါ ရခိုင်ပြည်သူတွေ ကြုံနေရပါပြီ။

စစ်ကောင်စီဘက်ကနေ ရခိုင်ပြည်နယ်ထဲမှာ ဖြတ်လေးဖြတ်နဲ့အတူ ခရီးသွားလာခွင့်၊ ကုန်စည်စီးဆင်းခွင့်နဲ့ ဖုန်း၊ အင်တာနက် စတဲ့ ဆက်သွယ်ရေးကွန်ရက်တွေ အားလုံးကိုပါ ဖြတ်တောက်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ဒေသတွင်းမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေအတွက် လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုပါ ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ နွေရာသီမှာ အယ်လ်နီညို ရိုက်ခတ်မှုဒဏ်ကို ခါးသီးစွာနဲ့ ဖြတ်ကျော်ရဦးမှာပါ။

ရခိုင်ဒေသဟာ တခြားနွေရာသီတွေမှာတောင် ရေရှားတဲ့ပြဿနာကို နှစ်စဉ်လိုလို ကြုံနေရတဲ့ ဒေသတခုပါ။ မြို့ပေါ်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို သိန်းနဲ့ချီပြီးတော့ စစ်ရှောင်လာရတဲ့ ပြည်သူတွေအတွက် ရခိုင်ကျေးလက်တွေမှာလည်း လုံလောက်တဲ့ အစားအစာနဲ့ ရိက္ခာတွေ မရှိတဲ့အပြင် ရေချိုအရင်းအမြစ်တွေ နည်းပါးလွန်းတာကြောင့် စစ်ဘေးရှောင်တွေ နေထိုင်ရေးဟာ ရေတိုမှာသာ လုံလောက်နိုင်ပြီးတော့ အယ်လ်နီညိုသက်ရောက်မှု ပြင်းထန်တဲ့ နွေရာသီမှာ ရေရှားပါးမှု ပြဿနာဟာ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေ အကြီးမားဆုံး ရင်ဆိုင်ရဦးမယ့် ပြဿနာတခုလည်း ဖြစ်ပါတယ်။

ရခိုင်ဒေသဟာ မိုးများတဲ့ဒေသဖြစ်ပေမဲ့ ရေချိုဆည်တွေ၊ ရေလှောင်ဆည်တွေ နည်းပါးတဲ့အပြင် မြို့တွင်းတွေမှာရှိတဲ့ ရေကန်တွေဟာလည်း တိုက်ပွဲတွေကြောင့် ပျက်စီးကုန်တာကြောင့် ရေချိုအသုံးပြုလို့ရနိုင်တဲ့ အရင်းအမြစ်တွေ ရာခိုင်နှုန်း အတော်နည်းပါးသွားပြီ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်ဘက်ကနေ လက်ရှိအချိန်ထိ သိမ်းပိုက်ထားတဲ့ မြို့တွေဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပလက်ဝ၊ မြေပုံ၊ ပေါက်တောမြို့တွေဟာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ထားပြီးလုပ်ကိုင်တဲ့ ဒေသတွေဖြစ်တဲ့အပြင် လူဦးရေလည်း ထူထပ်တာကြောင့် လူသိန်းပေါင်းများစွာအတွက် ရေချိုအရင်းအမြစ်တွေ ရရှိနိုင်ရေးဟာ နွေရာသီမှာ ရက္ခိုင့်တပ်တော်အနေနဲ့ ဖြေရှင်းရမယ့် အကြီးမားဆုံး စိန်ခေါ်မှုတရပ်အဖြစ် ဖြစ်လို့နေပါတယ်။

နွေရာသီအထိသာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေဦးမယ်ဆိုရင် စစ်ဘေးရှောင်ဦးရေဟာလည်း ပိုတိုးလာနိုင်ပြီးတော့ ရခိုင်ဒေသတွင်းမှာ အယ်လ်နီညို ရိုက်ခတ်မှုကြောင့် ဒေသခံတွေမှာ ပိုမိုပြီး ဘေးဒုက္ခကြုံနိုင်တဲ့ ပမာဏ များလာဦးမှာပါ။ ကျန်းမာရေးနဲ့ဆက်စပ်တဲ့ ဆေးဝါးသယ်ယူခွင့်တွေကိုပါ စစ်ကောင်စီဘက်ကနေ ပိတ်ထားတာကြောင့် အပူချိန်ကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပွားလာလို့ရှိရင် လုံလောက်တဲ့ ဆေးဝါးကုသမှုတွေကို ရခိုင်ပြည်သူတွေ ရရှိနိုင်မလားဆိုတာ ရက္ခိုင့်တပ်တော်ဘက်က ထည့်သွင်းစဉ်းစားရမှာပါ။

အယ်လ်နီညိုဟာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ရခိုင်ပြည်အတွက်ရော မြန်မာပြည်အတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ပါ။ အယ်လ်နီညိုကြောင့် တော်လှန်ရေးမှာ ထောက်ပံ့နေကြတဲ့ ပြည်သူ့အင်အားဟာ ဆုတ်ယုတ်နိုင်သွားသလို စစ်ကောင်စီဘက်ကနေလည်း အယ်လ်နီညိုကို လက်ကိုင်ပြီးတော့ ပြည်သူတွေကို ပိုမိုဖိနှိပ်လာနိုင်ခြေ ရှိပါတယ်။

ရက္ခိုင့်တပ်တော်ဘက်ကနေ နွေရာသီမတိုင်ခင် ရခိုင်ပြည်ကို အဓိကရိုက်ခတ်လာနိုင်တဲ့ အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်ပါပြီ။ ဆန်စပါးအထွက်နှုန်း ကျဆင်းနိုင်တဲ့အတွက် အစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ ရေတိုရေရှည်  စီမံကိန်းတွေ လုပ်ထားဖို့ လိုပါတယ်။ ရေလိုအပ်ချက်နည်းပြီး အထွက်ကောင်းတဲ့ ဆန်စပါးတွေ စိုက်ပျိုးတာ၊ ရာသီဥတုနဲ့ သင့်လျော်တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ ပြုလုပ်တာ၊ စိုက်ပျိုးရေးနည်းစနစ်တွေကို ပညာပေးပြီး မျှဝေတာ၊ ဈေးကွက်အတွက် လိုအပ်တဲ့ သီးနှံတွေ စိုက်ပျိုးတာ၊ ရေသွင်းစနစ်တွေ ပြုလုပ်တာ၊ မြေဆီလွှာအတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားနိုင်တဲ့အတွက် ဆည်ရေတွေပါ လျော့နည်းလာမှာ ဖြစ်တဲ့အတွက် ရေချိုတွေကို အလေအလွင့်နည်းအောင် ထိန်းသိမ်းထားပြီး ချွေတာထားသင့်ပါတယ်။ စိုက်ပျိုးမြေ၊ သောက်သုံးရေတွေအပြင်၊ ရေကို အဓိကထားပြီး လုပ်ကိုင်နေရတဲ့ မွေးမြူရေးလုပ်ငန်းတွေမှာလည်း အရေးပေါ် ရေအတွက် အစီအစဉ်တွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ အယ်လ်နီညိုကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေဟာ များပြားတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းအောင် ကြိုတင်ပြင်ဆင်ပြီး အပင်တွေစိုက်ပျိုးတာ၊ ဒီရေတောတွေ စိုက်ပျိုးတာ၊ သစ်ပင်တွေကို အတတ်နိုင်ဆုံး ခုတ်ထွင်မပစ်ဖို့ အခုကတည်းကနေ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်တဲ့အပြင် အယ်လ်နီညို ရိုက်ခတ်မှုကို မပေါ့ဆကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သာဇံမောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024