Home
မြန်မာသတင်း
ပုလဲပအဖခေါင်းဆောင်နေအိမ်၊ နိုင်ငံပိုင်သစ်စက်နှင့် ဝန်ထမ်းအိမ်ရာကို စစ်တပ် မီးရှို့
DVB
·
February 27, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်ရဲ့ မိသားစုနေအိမ်၊ နိုင်ငံတော်ပိုင် သစ်စက်အဆောက်အဦတွေ၊ သစ်စက်ဝန်ထမ်းအိမ်ရာနဲ့ ပြည်သူ့နေအိမ်တလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းမှာ ပုလဲမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက ပုလဲမြို့နဲ့ ၇ မိုင်ဝေးတဲ့ မင်းတိုင်ပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

မီးရှို့ခံရတဲ့ သစ်စက်ဟာ နိုင်ငံတော်ပိုင်သစ်စက်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက လုပ်ငန်းရပ်ထားကာ ဝန်ထမ်းအိမ်ရာမှာတော့ ဝန်ထမ်းမိသားစုတွေ နေထိုင်နေတယ်လို့ သိရပါတယ်။

မီးရှို့ခံရမှုကြောင့် မိသားစု ၅ စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နေထိုင်စားသောက်စရာ အခက်အခဲတွေ ကြုံနေတယ်လို့လည်း သိရပါတယ်။

ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက “ကိုဇော်ထက်အိမ်က အရင်က မိသားစုလိုက်နေတာပေါ့၊ လက်ရှိတော့ မိသားစုမနေဘူးဗျ။ စစ်ကြောင်းက ပုလဲဘက်ကလာတဲ့ စစ်ကြောင်းဗျ၊ လမ်းကြောင်းမှာ ပြည်သူတွေပိုင်တဲ့ ရိက္ခာတွေကို ခိုးပြီးတော့မှ မင်းတိုင်ပင်ဘက်ရောက်လာပြီး မီးရှို့ခဲ့တာပါ။ သစ်စက်ဝန်ထမ်းတွေက စစ်ကြောင်းလာတော့ ပြေးကြရတာပေါ့။ သူတို့ပြန်လာတဲ့အခါ သူတို့နေတဲ့အိမ်ရာ မရှိတော့ဘူး။ အဝတ်အထည်တွေ၊ စားသောက်တဲ့ အိုးတွေပန်းကန်တွေကအစ ဘာမှမရှိတော့ဘူး” လို့ ပြောပါတယ်။

မင်းတိုင်ပင်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝါးကြီးတောကျေးရွာအတွင်းက ကန့်ဒေါက်တပ်စခန်းမှာ အထိုင်ချ တပ်စွဲနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024