Home
ဆောင်းပါး
ဥပါယ်တံမျဉ် နိုင်ငံရေး
DVB
·
February 23, 2024

(၁)

တနင်္ဂနွေနေ့ မနက်စောစောပိုင်းမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဘန်ကောက်၊ ရဲဆေးရုံကနေ ပြန်လွတ်လာပါတယ်။ သက်ဆင် ပြန်လွတ်လာတေ့ာမယ့်သတင်းက ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းက ထွက်နေတာပါ။ အသက် ၇၀ ကျော်နေပြီ ဖြစ်တာရယ်၊ ကျန်းမာရေး အခြေအနေအရရယ် သက်ဆင်ဟာ လွတ်ငြိမ်းချမ်းသာခွင့် ခံစားထိုက်သူအဖြစ် အကျုံးဝင်လို့ ပြန်လွတ်လာခဲ့တာပါ။

လည်ပင်းရိုးဝေဒနာ ခံစားနေရတဲ့ သက်ဆင်ဟာ လည်ပင်းမှာ အထောက်အကူပြုလည်ပတ် ပတ်ထားပြီး လက်တဖက်ကကလည်း ကြိုးသိုင်းထားတာကို ကားပေါ်ထိုင်လိုက်သွားတဲ့ သတင်းဓာတ်ပုံ ခပ်ဝါးဝါးမှာ မြင်လိုက်ရတယ်။ သက်ဆင် ခုလိုပြန်လွတ်လာမယ်ဆိုတာ နိုင်ငံရေးအကဲခတ်သူတွေက သုံးသပ်ထားပြီးသားပါ။

အားလုံးသိကြတဲ့အတိုင်း နိုင်ငံရေးဟာ ဘယ်တော့မှ မရိုးစင်းပါဘူး။ တကယ်တော့ ၂၀၂၃ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာက မျိုးဆက်သစ် ဂျီဇက်လူငယ်တွေ ဦးဆောင်တဲ့ move forward party ရွေးကောက်ပွဲရလဒ်တွေ ထွက်လာတော့ ထိုင်းနိုင်ငံရေး တဆစ်ချိုးပြီ။ လစ်ဘရယ်တွေ အောင်ပွဲခံပြီ။ ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရတ်ဟာ ရုတ်ချည်း ပေါ်ပြူလာဖြစ်သွားတယ်။ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေဦးဆောင်တဲ့ MFP ပါတီဟာ စုစုပေါင်း လွှတ်တော်နေရာ ၁၅၂ နဲ့ အများဆုံး အနိုင်ရခဲ့တယ်။ ဘန်ကောက်မြို့ မဲဆန္ဒနယ် ၃၃ ခုမှာ MFP က ၃၂ နေရာ အနိုင်ရခဲ့တာကြည့်ရင် ထိုင်းနိုင်ငံသားတွေရဲ့ သဘောထားကို မှန်းဆလို့ရတယ်။ သူနဲ့ကပ်ပြီး လိုက်လာတဲ့ပါတီက သက်ဆင်သမီး ပေတုန်တန်ရဲ့ ဖွေ့ထိုင်းပါတီ။ Pheu Thai က စုစုပေါင်း ၁၄၁ နဲ့ နိုင်တယ်။

ဝန်ကြီးချုပ် စစ်ဗိုလ်ချုပ် ပရာယွတ်ရဲ့ ယူနိုက်တက် ထိုင်းအမျိုးသားပါတီကတော့ အားလုံးပေါင်းမှ ၃၆ နေရာပဲ အနိုင်ရလို့ စောစောစီးစီး သူရှုံးပါပြီလို့ ဝန်ခံသလို နိုင်ငံရေးကနေ နားပါတော့မယ်လို့ ဆိုတယ်။

အစောပိုင်းဖြစ်စဉ်တွေကတော့ သိကြပြီးဖြစ်တဲ့အတိုင်းပါပဲ။ ပီတတို့ ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပြင်ကြတယ်။ အဆင်မပြေပါဘူး။ ဒီလူငယ်တွေဦးဆောင်တဲ့ ပါတီဟာ ဘုရင့်အာဏာတွေကို ကန့်သတ်မယ်၊ လျှော့ချမယ် ဆိုတာကြောင့် ပရာယွတ် ရွေးချယ်ထားပြီး အခန့်သား အထက်လွှတ်တော်မှာ ထိုင်နေတဲ့ အမတ်တွေက ထောက်ခံမဲမပေးလို့ ပီတကို ဝန်ကြီးချုပ်ရွေးလို့ မရခဲ့သလို ပီတဟာ မီဒီယာကုမ္ပဏီတခုမှာ ရှယ်ယာတွေပိုင်ဆိုင်ခဲ့လို့ ရွေးကောက်ပွဲစည်းမျဉ်းနဲ့ မညီလို့ လွှတ်တော်အမတ်တောင် အရည်အချင်းမပြည့်ဘူးလို့ ဖွဲ့စည်းပုံတရားရုံးက ဆိုတယ်။

ဒီတော့ အနိုင်ရပါတီခေါင်းဆောင် ပီတက ဝန်ကြီးချုပ်လည်း ဖြစ်ခွင့်မရ၊ လွှတ်တော်အမတ်လည်း ဖြစ်ခွင့်မရဆိုပြီး ဘေးဖယ်ခံလိုက်ရတယ်။ အစောပိုင်းတုန်းက ပီတတို့နဲ့ပေါင်းပြီး အတူတူအစိုးရဖွဲ့မယ်ဆိုတဲ့ ဖွေ့ထိုင်းက နောက်ဆုံးမှာ ပီတရဲ့ MFP ကို ဖယ်ထုတ်ပြီး သူတို့နဲ့ စစ်တပ်နဲ့ ဘုရင်လိုလားတဲ့ ပါတီတွေနဲ့ ပေါင်းပြီး ခုလက်ရှိ ဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ကို လွှတ်တော်နှစ်ရပ်လုံးက ရွေးလိုက်ကြတယ်။

သမီးဖြစ်တဲ့ ပေတုန်တန်ရဲ့ ဖွေ့ထိုင်းပါတီ အနိုင်ရကတည်းက သက်ဆင်က ထိုင်းကိုပြန်လာတော့မယ်လို့ လေသံပစ်ထားပြီးဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ပေတုန်တန်တို့ ရွေးလိုက်တဲ့ ဝန်ကြီးချုပ်သစ် ထဝီးဆင် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ သက်ဆင်ဟာ ကိုယ်ပိုင်လေယာဉ်နဲ့ ဘန်ကောက်ကို ပြန်ရောက်လာတယ်။ တိုက်ဆိုင်မှုတော့မဟုတ်ဘူး။ သက်ဆင်ကို ရောက်ရောက်ချင်း ဥပဒေအရ ဖမ်းဆီးပြီး ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချ။ နောက်တော့ ဘုရင့်အမိန့်နဲ့ တနှစ်ကို လျှော့ချပေး။ ထောင်ဆေးရုံမှာ ခြောက်လနေပြီးတော့ ခုတော့ အပြင်ပြန်ရောက်ပါပြီ။ သူ နိုင်ငံရေးမလုပ်တော့ပါဘူး။ လက်ကျန်အချိန်တွေကို မြေးလေးတွေနဲ့ အေးအေးဆေးဆေးပဲ ဖြတ်သန်းတော့မယ်လို့ အရင်က ပြောထားတယ်။

လက်ရှိဝန်ကြီးချုပ် ထဝီးဆင်က ရွေးကောက်ခံထားရသူ မဟုတ်ပါဘူး။ သက်ဆင်တို့လို စီးပွားရေးအသိုင်းအဝန်းကလာတဲ့ မိတ်ဟောင်းဆွေဟောင်းတဦးပါ။ သူက အိမ်ခြံမြေ စီးပွားရေးမှာ တိုင်ကွန်းတဦးပဲဖြစ်တယ်။ သက်ဆင် အပြင်ရောက်လာတော့ သူ့အနေအထားကို တချို့ကလည်း အမျိုးမျိုးခန့်မှန်းကြတယ်။ ဖွေ့ထိုင်းပါတီရဲ့ ကျောထောက်နောက်ခံနဲ့ ဝန်ကြီးချုပ် ဖြစ်လာတာဆိုတော့ အပြင်ပြန်ရောက်လာတဲ့ သက်ဆင်ရဲ့အရိပ် လွှမ်းမိုးလာမှာကို စိုးရိမ်မကင်း ဖြစ်ကြတယ်။

ထိုင်းနိုင်ငံရေး အနှစ်ချုပ်က အဲဒီလိုအနေအထားမျိုး ရှိခဲ့ပေမဲ့ ခိုင်မာတဲ့အင်စတီကျူးရှင်းတွေ၊ အုပ်ချုပ်ရေးဥပဒေတွေနဲ့ အသားကျနေပြီဖြစ်တဲ့ ထိုင်းလူ့အဖွဲ့အစည်းက ပုံမှန်လည်ပတ်လျက်ပါပဲ။ နိုင်ငံရေးအရ မတရားမှုတွေကို ပေါ်ပေါ်ထင်ထင် မြင်နေရပေမဲ့လည်း ထိုင်းလူမျိုးတွေရဲ့ တုံ့ပြန်မှုက ပြင်းထန်ကြမ်းတမ်းမှု မတွေ့ရသလိုပဲ။

​နိုင်ငံရေးက မရိုးစင်းပါဘူး။ ရွေးကောက်ပွဲမှာ MFP ပါတီက နေရာအများဆုံးနဲ့ နိုင်ခဲ့ပေမဲ့ ဘေးဖယ်ပေးခဲ့ရတယ်။ သက်ဆင်သမီး ပေတုန်တန်ရဲ့ ဖွေ့ထိုင်းပါတီကို စစ်တပ်နဲ့ ဘုရင်လိုလားတဲ့ပါတီတွေ၊ အထက်လွှတ်တော်အမတ်တွေ နှစ်သက်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မိမိတို့ အနိုင်မရခဲ့ဘူး။ လူထုက မနှစ်သက်ခဲ့ဘူးဆိုတာကို လက်ခံတဲ့အနေနဲ့ ဖွေ့ထိုင်းကရွေးချယ်တဲ့ အစိုးရအဖွဲ့ကို လက်ခံခဲ့တယ်။ မချစ်သော်လည်း အောင့်ကာနမ်းရသလိုမျိုး။

ခုထိတော့ ထိုင်းနိုင်ငံရေးက တည်တည်ငြိမ်ငြိမ်ပါပဲ။

ဝန်ကြီးချုပ် ထဝီးဆင် ဦးဆောင်မှုအောက်မှာ ပုံမှန်လည်ပတ်နေရုံမက စီးပွားရေး အခွင့်အလမ်းတွေ အများကြီး ဖြစ်ထွန်းလာနေတာ တွေ့ရတယ်။ ထိုင်းက ကမ္ဘာလှည့်ခရီးသည် သန်း ၄၀ အထိ တနှစ်အတွင်း မျှော်မှန်းထားပြီး လူဦးရေများပြားတဲ့ တရုတ်နဲ့ ထိုင်း အပါအဝင် အာရှအလယ်ပိုင်းနိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့် ပေးခဲ့တယ်။

ရွေးကောက်ပွဲအနိုင်ရ ပီတရဲ့ MFP ကတော့ ခုချိန်မှာ အတိုက်အခံပါတီတခုအဖြစ်နဲ့ ဆက်လက်ရပ်တည်လို့ပေါ့။

(၂)

ဖေဖော်ဝါရီ ၁၄ ရက်၊ အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို အနိုင်ရသွားတယ်။ တရားဝင်ရလဒ်တော့ မထွက်သေးပါဘူး။ ရွေးကောက်ပွဲနေ့ ညနေပိုင်းမှာ ထွက်ပေါ်လာတဲ့ မဲစာရင်းတွေအရ ပရာဘိုဝိုက စုစုပေါင်း မဲအရေအတွက် ၆၀% နီးပါးနဲ့ အပြတ်အသတ် အနိုင်ရသွားပြီး ပြိုင်ဘက်သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ အေနီးစ် ဘက်ဝီဒန်နဲ့ ဂန်ဂျာ ပရာနိုဝိုတို့က ၂၅% နဲ့ ၁၆% သာ ရရှိလို့ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက အင်ဒိုနီးရှားသမ္မတ ဖြစ်လာတော့မှာပါ။

မဲအပြတ်အသတ်နဲ့ အနိုင်ရသွားတဲ့ ပရာဘိုဝိုရဲ့ အနိုင်ရရှိမှုဟာ အံ့အားသင့်စရာကောင်းသလို ထူးခြားမှုတွေ ရှိနေတယ်။ သူဟာ ၂၀၁၄ ခုနှစ်က တကြိမ်၊ ၂၀၁၉ ခုနှစ်က တကြိမ်၊ သမ္မတရွေးကောက်ပွဲ နှစ်ကြိမ်ဝင်ပြိုင်ခဲ့ဖူးသူပါ။ ဝင်ပြိုင်ခဲ့တဲ့ နှစ်ကြိမ်စလုံးမှာ လက်ရှိသမ္မတ ဂျိုကိုဝီကို ရှုံးနိမ့်ခဲ့တယ်။ ရွေးကောက်ပွဲ နှစ်ကြိမ်ရှုံးထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက ဘာ့ကြောင့် ခုတကြိမ် ရွေးကောက်ပွဲကျမှ ထောက်ခံမဲ အပြတ်အသတ်နဲ့ အနိုင်ရသွားခဲ့တာလဲ။

မေးစရာ မေးခွန်းတွေ ဖြစ်လာတယ်။

လက်ရှိသမ္မတ ဂျိုကိုဝီက သမ္မတသက်တမ်း ငါးနှစ်၊ နှစ်ကြိမ်ရှိနေပြီမို့ နောက်ထပ်တကြိမ် သမ္မတအဖြစ် ရွေးချယ်ခံခွင့် မရှိတော့ပါဘူး။ ဂျိုကိုဝီကို အင်ဒိုနီးရှားပြည်သူတွေက အထူးထောက်ခံအားပေးခဲ့တယ်။ ဂျိုကိုဝီလက်ထက်မှာ အင်ဒိုနီးရှားက နိုင်ငံရေးအရ တည်ငြိမ်ပြီး စီးပွားရေးအရ အင်အားကြီးလာသလို အမေရိကန်၊ တရုတ် အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့တယ်။

ပရာဘိုဝိုက သမ္မတ ဂျိုကိုဝီ အစိုးရအဖွဲ့မှာ လက်ရှိ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်တယ်။ တကယ်က ပရာဘိုဝိုက ဂျိုကိုဝီရဲ့ ခါးသည်းတဲ့ပြိုင်ဘက် ဖြစ်တယ်။ ၂၀၁၉ ရွေးကောက်ပွဲအပြီး အနိုင်ရသမ္မတ ဂျိုကိုဝီက အစိုးရဖွဲ့တဲ့အခါ ရှုံးနိမ့်ခဲ့တဲ့ သူ့ကို ကာကွယ်ရေးဝန်ကြီးအဖြစ် နေရာပေးခဲ့တာဖြစ်တယ်။ သမ္မတဂျိုကိုဝီရဲ့ ပါးနပ်တဲ့ နိုင်ငံရေးပေါင်းစည်းမှုဗျူဟာလို့ ဆိုရမယ်။

ခုတကြိမ် သမ္မတရွေးကောက်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်မရှိတော့ သူဟာ သူ့ရဲ့ အကြီးဆုံးသား ဖြစ်တဲ့ ဂျီဘရန် ရာကာဘူးမင်း ရာကာကို ပရာဘိုဝိုနဲ့ တွဲဖက်ပြီး ဒု-သမ္မတလောင်းအဖြစ် ဝင်အရွေးခံစေခဲ့တယ်။

ပရာဘိုဝို-ဂျီဘရန် သမ္မတလောင်းအတွဲဟာ ရွေးကောက်ပွဲမတိုင်မီကတည်းက လူထုကြားထဲ ရေပန်းစားပြီး ရွေးကောက်ပွဲမှာ ခုလို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။

အလွယ်ပြောရရင် တချိန်က ရန်သူတွေ မိတ်ဆွေအဖြစ် ပေါင်းစည်းသွားတ ာဖြစ်တယ်။ အနိုင်ရသွားတဲ့ ပရာဘိုဝိုက လက်ရှိသမ္မတ ဂျိုကိုဝီရဲ့ အဆင့်မြင့်ပေါင်းစည်းမှုပုံစံ (Grand Coalition Style) နဲ့ ကြီးမားတဲ့ အခြေခံအဆောက်အအုံ မူဝါဒအတိုင်း ဆက်ပြီး အကောင်အထည်ဖော်သွားမယ်လို့ ကတိပေးလိုက်တယ်။

တကယ်တော့ စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်၊ အရင် အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ သမက်လည်းဖြစ်၊ အားထားခဲ့ရသူလည်းဖြစ်တဲ့ ပရာဘိုဝိုက နာမည်ကောင်းရှိသူ မဟုတ်ခဲ့ပါဘူး။ အထူးတပ်ဖွဲ့ရဲ့ တပ်မှူးတဦးအဖြစ်နဲ့ သူဟာ ဆူဟာတိုလက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့ မှတ်တမ်းဟောင်းရှိသူ ဖြစ်တယ်။ သူ အထူးတပ်ဖွဲ့ တပ်မှူးအဖြစ် တာဝန်ယူခဲ့စဉ် အတိုက်အခံ လှုပ်ရှားတက်ကြွသူ ၁၄ ဦးကို ပြန်ပေးဆွဲ လက်စဖျောက်ခဲ့သူလည်း ဖြစ်တယ်။ ဒီအမှုနဲ့ပဲ ၁၉၉၈ ခုနှစ် လူထုဆန္ဒပြပွဲနဲ့အတူ ဆူဟာတို ပြုတ်ကျသွားပြီးနောက်ပိုင်းမှာ သူဟာ စစ်တပ်ရာထူးကနေ ဖယ်ရှားခံခဲ့ရတယ်။

ဒီလို မှတ်တမ်းဟောင်းရှိထားသူတဦးက အင်ဒိုနီးရှားသမ္မတ ဖြစ်လာတော့မှာမို့ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်မှု ရှိလာနိုင်တယ်လို့ အကဲဖြတ်သူတချို့က သံသယဖြစ်ကြတယ်။

ထူးခြားမှုက ခါးသည်းတဲ့ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ ပေါင်းစည်းမှုလို့ပဲ ဆိုရမယ်။ လက်ရှိသမ္မတ ဂျိုကိုဝီဟာ ၂၀၁၉ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက် ပရာဘိုဝိုကို ကာကွယ်ရေးဝန်ကြီး နေရာပေးခဲ့ပြီး သူ ဆက်ရွေးချယ်ခံခွင့် မရှိတော့တဲ့ ဒီရွေးကောက်ပွဲမှာ သားကြီး ဂျီဘရန်းကို ဒု-သမ္မတလောင်းအဖြစ် ပရာဘိုဝိုနဲ့ တွဲဖက်စေခဲ့တယ်။

နိုင်ငံရေးပြိုင်ဘက်တွေ ပေါင်းစည်းပြီး ရွေးကောက်ပွဲဝင်တဲ့ဖြစ်စဉ်က အင်ဒိုနီးရှားမှ မဟုတ်ဘူး။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ရွေးကောက်ပွဲ ဖြစ်စဉ်ကလည်း အံ့အားသင့်စရာ ကောင်းနေတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဖိလစ်ပိုင်နိုင်ငံရဲ့ အာဏာရှင်အဖြစ် ထင်ရှားခဲ့ပြီး ၁၉၈၆ ခုနှစ် ပြည်သူ့အာဏာတော်လှန်ရေး (People Power Revolution) လူထုဆန္ဒပြပွဲများနဲ့ ဖြုတ်ချခံခဲ့တဲ့ အာဏာရှင် ဖာဒီနန်မားကို့စ်ရဲ့ သားကြီးဖြစ်သူ ဘွန်ဘွန်း မားကို့စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ထောက်ခံမဲအများဆုံးနဲ့ အနိုင်ရပြီး ခုချိန်မှာ ဖိလစ်ပိုင်သမ္မတ ဖြစ်နေတယ်ဆိုရင် ပိုပြီး အံ့အားသင့်စရာ မကောင်းပေဘူးလား။ ပိုထူးခြားတာက အာဏာရှင်ဟောင်းရဲ့ သားဖြစ်သူနဲ့ တွဲဖက်ရွေးချယ်ခံပြီး ဒုတိယသမ္မတ ဖြစ်လာသူက လက်သံပြောင်တဲ့ သမ္မတ ဒူတာတေရဲ့ သမီး ဆာရာ ဒူတာတေ ဖြစ်နေတာပါပဲ။ သမ္မတ ဒူတာတေကလည်း နောက်ထပ် သမ္မတသက်တမ်း ရွေးချယ်ခွင့် မရှိတော့တဲ့အခါ သမီးဖြစ်သူကို နိုင်ငံရေးအမွေ တနေရာ ဖန်တီးပေးခဲ့တယ်လို့ ဆိုရမယ်။

(၃)

ဖေဖော်ဝါရီ ၈ ရက်က ကျင်းပပြီးစီးသွားတဲ့ ပါကစ္စတန် ရွေးကောက်ပွဲကလည်း အမတ်နေရာ အများဆုံး နိုင်တဲ့ အုပ်စု (ပါတီမဟုတ်) က အစိုးရမဖွဲ့နိုင်ဘဲ ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်။ သိကြတဲ့အတိုင်း ပါကစ္စတန်နိုင်ငံရေးကလည်း သပွတ်အူလို ရှုပ်ထွေးတယ်။ သမိုင်းတလျှောက် အာဏာသိမ်းလိုက်၊ ရွေးကောက်ပွဲလုပ်လိုက်၊ ပြန်ဖြုတ်ချလိုက်၊ ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်၊ လုပ်ကြံလိုက်၊ ရွေးကောက်ပွဲ ပြန်လုပ်လိုက်နဲ့ သံသရာလည်နေတယ်။

ခု ရွေးကောက်ပွဲ ကျင်းပချိန်မှာ ဖြုတ်ချခံထားရတဲ့ ဝန်ကြီးချုပ် အီမရန်ခန်းက ထောင်ထဲမှာ။ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင် ၁၀ နှစ် ကျခံနေရပြီး သူ့ပါတီ (PTI) ကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ထားတယ်။ ဒါကြောင့် သူ့ပါတီဝင်တွေက တသီးပုဂ္ဂလတွေအဖြစ်နဲ့ ရွေးကောက်ပွဲဝင်တော့ အမတ်နေရာအများဆုံးနဲ့ အနိုင်ရတယ်။ ပါတီလက်ကိုင်မရှိတော့ အစိုးရဖွဲ့ဖို့ အခက်တွေ့နေတယ်။ ဒုတိယနေရာအများဆုံးရတဲ့ ပါတီက ဝန်ကြီးချုပ် သုံးကြိမ်ဖြစ်ဖူးတဲ့ နာဝက်ဇ် ရှာရစ်ရဲ့ (PMLN)။ သူကလည်း သူ့ချည်းသက်သက် အစိုးရဖွဲ့နိုင်တဲ့ထိ အမတ်နေရာ မရခဲ့ဘူး။

ခု နောက်ဆုံးသတင်းက PMLN နဲ့ တတိယနေရာအများဆုံးရတဲ့ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ပေါင်းလိုက်ပြီး ပါတီငယ်အချို့နဲ့အတူ အစိုးရဖွဲ့မယ်လို့ ဆိုတယ်။ ပြောရရင် PPP ပါတီဟာ လုပ်ကြံခံရပြီး သေဆုံးသွားတဲ့ ဘနာဇီယာဘူတိုရဲ့သား ဘီလာဝယ်ဘူတို ဇာဒါရီ ဦးဆောင်တဲ့ပါတီ။ ဒီပါတီနှစ်ခုက အရင်က ပြိုင်ဘက်တွေ။ အီမရာခန်းကို အယုံအကြည်မရှိ အဆိုတင်ပြီး ပူးပေါင်းဖြုတ်ချခဲ့တဲ့ ပါတီ။ အပေးအယူသဘောအရ ရွေးကောက်ပွဲမတိုင်ခင်အထိ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ နာဝက်ဇ်ရှာရစ်ရဲ့ညီ ရှဘက်ဇ်ရှာရစ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားလိုက်ပြီး ဘူတိုဇာဒါရီရဲ့ ဖခင်ဖြစ်သူ အဆစ်အလီ ဇာဒါရီကိုတော့ သမ္မတလောင်းအဖြစ် လကုန်မှာ ကျင်းပဖို့ရှိတဲ့ လွှတ်တော်ရွေးကောက်ပွဲအတွက် သဘောတူလိုက်ကြတယ်။ အီမရာခန်းနဲ့ သူ့ပါတီကတော့ ပြန်လာစရာလမ်း မရှိတော့ဘူး။

အီမရာခန်းက ပါကစ္စတန် ခရစ်ကက် ချန်ပီယံတဦးပါ။ နိုင်ငံရေးနယ်ပယ်ထဲကို သူ့ရဲ့ကျော်ကြားမှုနဲ့ ဝင်လာတာဖြစ်တယ်။ ပါကစ္စတန်သမိုင်းမှာ နိုင်ငံရေးခေါင်းဆောင် အလီဘူတိုကို စစ်ဗိုလ်ချုပ် ဇီယာအူလ်ဟတ်က ဖြုတ်ချ၊ ရာဇဝတ်မှုနဲ့ သေဒဏ်ပေး။ ဇီယာအူလ်ဟတ် ကွယ်လွန်ပြီးတော့ ၁၉၈၈ ရွေးကောက်ပွဲမှာ အလီဘူတိုသမီး ဘင်နာဇီယာဘူတို အာဏာရ။ လာဘ်စားမှုနဲ့ ဖယ်ရှားခံရ။ နောက်ရွေးကောက်ပွဲမှာ နာဝက်ဇ်ရှာရစ် အာဏာရ။ နာဝက်ဇ်ရှာရစ် အစိုးရကို ၁၉၉၉မှာ စစ်ဗိုလ်ချုပ် ပါဗက်ဇ် မူရှာရက်ဇ်က ဖယ်ရှား။ သမ္မတအဖြစ် လူထုဆန္ဒခံယူပွဲနဲ့ ငါးနှစ်။ ၂၀၀၂ မှာ ဖွဲ့စည်းပုံပြင်၊ ရွေးကောက်ပွဲအနိုင်ရ။ ၂၀၀၈ မှာ အယုံအကြည်မရှိအဆို တင်မခံရမီ နုတ်ထွက်။ ပြည်ပ တိမ်းရှောင်။ ပါကစ္စတန်နိုင်ငံရေးဟာ အာဏာခွဲဝေမှု အငြင်းပွားမှု၊ အကျင့်ပျက်ခြစားမှု၊ စစ်တပ်က အာဏာသိမ်းမှု၊ နိုင်ငံရေးခေါင်းဆောင်တွေကြား လုပ်ကြံမှုတွေနဲ့ ရောပြွမ်းလို့ သံသရာလည်နေတယ်။

နိုင်ငံတွေမှာ နိုင်ငံတိုင်းမှာ ပဋိပက္ခတွေ၊ နိုင်ငံရေးပြဿနာတွေ ရှိကြတယ်။ နိုင်ငံရေးပြဿနာတွေကို ဘယ်လိုတုံ့ပြန် ဖြေရှင်းကြသလဲ၊ ဘယ်လိုနားလည်ယုံကြည်မှု တည်ဆောက်ကြသလဲ ဆိုတာတွေပေါ် မူတည်ပြီး နိုင်ငံတွေရဲ့ ဖြစ်စဉ်တွေကလည်း ပြောင်းလဲသွားရတာပါပဲ။

CWM

Ref:CNA/BBCWorld/AFP/Wikipedia.

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024