Home
မြန်မာသတင်း
မြန်မာလုပ်သားများ လာအိုသို့ သွားရောက်မှုများနေပြီး အလုပ်မရဘဲ အခက်တွေ့သူများရှိ
DVB
·
February 19, 2024

လာအိုနိုင်ငံဆီ မြန်မာလုပ်သားတွေ သွားရောက်မှု မြင့်တက်လာပြီး အလုပ်မရဘဲ သောင်တင်နေသူ အများအပြား ရှိနေတယ်လို့ အဲဒီနိုင်ငံရောက်နေသူတချို့ဆီက သိရပါတယ်။

စစ်အာဏာသိမ်း​ပြီး​နောက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ရှားပါးလို့ လာအိုနိုင်ငံဆီ မြန်မာလုပ်သားတွေ သွားရောက်တာရှိလာပြီး မကြာခင်က အတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် သွားရောက်သူ ပိုများလာတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံရောက် မြန်မာလုပ်သားတဦးက “နယ်မြေကလည်း ကပ်နေတော့ ဒီအချိန် အလွယ်ရှောင်ရအောင်ဆိုပြီး လုပ်ကြတာ တွေ့ရတယ်။ တော်တော်များများကလည်း ဆက်သွယ်မေးကြတယ်။ လာလို့ရမလား၊ အဆင်ပြေလားပေါ့။ ပြည်တွင်းမှာ ဆက်မနေချင်လို့ ပြောကြတယ်” လို့ ပြောပါတယ်။

လာအိုနိုင်ငံမှာလည်း အလုပ်အကိုင် ပေါပေါများများ ရှိမနေသလို နေထိုင် စားသောက်စရိတ်တွေ များလို့ ကြိုတင်ရောက်နှင့်နေသူတွေကတော့ မလာကြဖို့ တားနေကြရတယ်လို့ လက်ရှိ စားသောက်ဆိုင်တခုမှာ လုပ်နေတဲ့ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

“နဂို ကြိုရောက်နေတဲ့ သူတွေထဲမှာတောင် အလုပ်မရသေးလို့ ဒုက္ခရောက်နေသူတွေ အများကြီး။ ပြည်တွင်းက အခြေအနေကို နားလည်ပေမဲ့ အရဲစွန့်ပြီး မလာစေချင်ဘူး။ အနည်းဆုံး တရုတ်စကားမတတ်ရင် အဆင်မပြေဘူး။”

ဒါပေမဲ့ ပွဲစားတွေကတော့ အလုပ်အကိုင်ကောင်းတယ်ဆိုပြီး ပြည်တွင်းက လူငယ်တွေကို မက်လုံးပေး စည်းရုံးမှုတွေ ရှိနေပြီး သတိထားဖို့ သူတို့က ပြောပါတယ်။

ပွဲစားတွေက အလုပ်ရမယ်ဆိုပြီး တဦးကို ကျပ် ၅ သိန်းကနေ သိန်း ၂၀ လောက် တောင်းယူကာ လာအိုနိုင်ငံဆီ ပို့ပေးနေတာရှိပြီး အများစုက တဖက်နိုင်ငံရောက်မှ အလုပ်မရဘဲ အခက်တွေ့ကြရတယ်လို့ အဲဒီနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့က ဆိုပါတယ်။

မြန်မာနိုင်ငံကနေ လာအိုကို တရားဝင်အလုပ်သမား စေလွှတ်ခွင့် ပေးမထားဘဲ နှစ်လဗီဇာနဲ့ သွားရောက် အလုပ်ရှာ လုပ်နေကြတာ ဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ လူငယ်အများစုအနေနဲ့ ပြည်ပထွက်ပြီး အလုပ်လုပ်နိုင်ဖို့ နည်းမျိုးစုံ ရှာကြံနေကာ နိုင်ငံကူးလက်မှတ် ထုတ်​​ပေး​ရေးရုံးတွေမှာ ပတ်စ်ပို့လုပ်ဖို့ စောင့်ဆိုင်းသူတွေ များပြားနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024