Home
မြန်မာသတင်း
လားရှိုးနှင့် သံဖြူဇရပ်တွင် မိုင်းနင်းမိပြီး ပြည်သူ ၂ ဦး ခြေထောက်ပြတ်
DVB
·
February 10, 2024

ရှမ်း​ပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့မှာ ဒေသခံ ၂ ယောက် မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားပါတယ်။

လားရှိုး၊ မြို့ရှောင်လမ်း၊ အီနိုင်းကွင်းလမ်းမှာ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၇ နာရီလောက်က အဖော်မပါတဲ့ အမျိုးသားတယောက် မိုင်းနင်းပြီး ခြေပြတ်သွားတာကို လမ်းသွားလမ်းလာတယောက်က ဖုန်းဆက်အကူအညီတောင်းလာလို့ ပရဟိတ အသင်းတွေဆီ ဆက်သွယ်ပေးခဲ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

မိုင်းထိထားသူဟာ ဟိုပိတ်ရွာက အသက် ၄၅ နှစ်အရွယ် စိုင်းစံထွန်းဖြစ်ပြီး တယောက်တည်း ဝါးခုတ်သွားရင်း မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်ဒူးအောက် ပြတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “သူ မိုင်းနင်းမိတာက မနက် ၇ နာရီလောက်လို့ ပြောတယ်။ အီနိုင်းကွင်းလမ်းထဲ လမ်းမှားပြီး ဝင်သွားတဲ့ကားတစီးက သူ့ကိုတွေ့တဲ့အချိန် နေ့လယ် ၂ နာရီ ဖြစ်နေပြီ” လို့ ပြောပါတယ်။

အဲဒီလမ်းမှာ မိုင်းတွေထောင်ထားပြီး ဖြတ်သန်းသွားလာခွင့်မပြုတဲ့လမ်းဖြစ်တာမို့ ဖြတ်သန်းသွားလာသူမရှိတာလို့လည်း သိရပါတယ်။

မိုင်းနင်းမိသူဟာ မိသားစု ဆွေမျိုးမရှိဘဲ တကိုယ်တည်း ဝါးခုတ်ရောင်း အသက်မွေးသူဖြစ်တယ်လို့ သိရပြီး မေတ္တာရောင်ခြည် ပရဟိတအသင်းက လားရှိုးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ချိန်ထိ သတိလစ်မေ့မြောသွားတာမျိုးမရှိဘဲ အခုတော့ ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့တုန်းကလည်း နမ္မတူမြို့နယ်၊ ခိုဖိတ်ရွာသားတယောက် ရွာနားမှာ ဝါးခုတ်သွားရင်း မိုင်းနင်းမိလို့ လားရှိုးဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ရပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရပ္ပိကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က အမျိုးသမီးတယောက် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့် ဘယ်ဘက်ခြေထောက်ပြတ်၊ ညာဘက်ခြေထောက် ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ကရပ္ပိကျေးရွာ၊ ထောင်ကေးအပိုင်းမှာနေတဲ့ အသက် ၅၀ အရွယ် ဒေါ်မလေးဟာ  ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီလောက်က ထင်းကောက်ဖို့ ရာဘာခြံထဲကိုအသွားမှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

ကရပ္ပိရွာသားတယောက်က “ရာဘာခြံထဲသွားပြီး ထင်းသွားကောက်တဲ့အချိန်မှာ မိုင်းနင်းမိသွားတာပါ။ ဘယ်ဘက်ခြေထောက်က ခြေသလုံးနားက ပြတ်သွားတယ်။ ညာခြေထောက်ကတော့ စုတ်ပြတ်သွားတယ်။ ‌ဒဏ်ရာကပြင်းတော့  အခြေအနေက စိုးရိမ်ရတယ်။ ဘယ်သူထောင်ထားတဲ့ မိုင်းဆိုတာတော့ မသိပါဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်မလေးကို ကရပ္ပိကျေးရွာ နာရေးကူညီမှုအသင်းက သံဖြူဇရပ်ဆေးရုံကြီးသို့ ပို့‌ဆောင်ပေးခဲ့ပါတယ်။

အလားတူ ကျိုက်ထိုမြို့၊ သိစ်ဆိမ့်ပင်ကျေးရွာမှာလည်း နိုဝင်ဘာ ၇ ရက်နေ့က ရာဘာခြံထဲသွားတဲ့ အမျိုးသားတယောက် မြေမြှုပ်မိုင်းနင်းမိလို့ ဒဏ်ရာရရှိခဲ့ပြီး မွန်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့ပြီး  ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024