Home
မြန်မာသတင်း
စစ်သင်တန်းမတက်ချင်သဖြင့် ကန်ကြီးထောင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃၀ ခန့် နုတ်ထွက်
DVB
·
February 8, 2024

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ကျေးရွာတွေမှာ ရပ်‌ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေကို စစ်တပ်က စစ်သင်တန်းတက်ခိုင်းတဲ့အတွက် စစ်သင်တန်း မတက်ချင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် အနည်းဆုံး အယောက် ၃၀ လောက်အထိ နုတ်ထွက်ထားတယ်လို့ သိရပါတယ်။

စစ်တပ်က မဖြစ်မနေ စစ်သင်တန်းတက်ခိုင်းတဲ့အတွက် ကန်ကြီးထောင့်မြို့နယ်ထဲက သရက်ချောင်း၊ တံခွန်တိုင်၊ ညောင်ကုန်း၊ ရွေး၊ ကျူတန်းနဲ့ ဖန်ခါးကုန်း စတဲ့ ကျေးရွာတွေက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေဟာ ဖေဖော်ဝါရီ ၃ ရက်၊ ၅ ရက်နဲ့ ၆ ရက်တွေမှာ နုတ်ထွက်စာတွေ တင်ထားကြတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့နီးစပ်သူတယောက်က “၂ ပတ် ၃ ပတ်ကြာ စစ်သင်တန်းတက်ခိုင်းတာ။ မတက်ချင်ကြဘူး၊ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေကြီးပဲ သီးသန့်တက်ခိုင်းတာ။ ဘာလုပ်မယ်၊ ဘာ့ကြောင့်တက်ခိုင်းတယ် မပြောတော့ ကြောက်နေတာ။ အားလုံး သိတဲ့အတိုင်းပဲလေ၊ စစ်တပ်က အမိန့်သာပေးတာ၊ အကျိုးအကြောင်း ဖြေရှင်းတာမှ မရှိတော့ သူတို့လည်း ကြောက်တာပေါ့” လို့‌ ပြောပါတယ်။

အဲ့ဒီ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် အယောက် ၃၀ လောက်ဟာ အရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အခု စစ်ကောင်စီ မြို့နယ်ရုံးကို နုတ်ထွက်စာ တင်ထားကြတာဖြစ်ပြီး မြို့နယ်ရုံးဘက်ကတော့ လတ်တလော အကြောင်းပြန်တာမရှိဘဲ နုတ်ထွက်စာတင်ပြီးတဲ့နောက် အထက်တာဝန်ရှိသူတွေဆိုတဲ့ အဖွဲ့တွေက မြေပြင်ကွင်းဆင်းပြီး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သရက်ချောင်းကျေးရွာက ဒေသခံတယောက်က “သူတို့ အုပ်ကြီးတွေ စစ်သင်တန်းတက်ခိုင်းတော့ ကြောက်နေတာ။ စစ်တိုက်ထွက်ခိုင်းမလား၊ ဘာလား ညာလား ဆိုပြီး အုပ်ကြီးတွေလည်း ကြောက်နေတာ။ မနေ့ကလည်း အုပ်ချုပ်ရေးမှူးတွေရဲ့ အိမ်တွေအထိ စစ်တပ်နဲ့ အထက်လူကြီး ဆိုတဲ့သူတွေ လာတာတွေ့ရတယ်။ ဘာတွေပြောသွားလဲတော့ မသိဘူး။ သူတို့အချင်းချင်းတောင် အိုးနင်းခွက်နင်း ဖြစ်နေတဲ့ အခြေအနေပဲ” လို့ ပြောပါတယ်။

စစ်တပ်က ဧရာဝတီတိုင်းက မော်ကျွန်း၊ ကျိုက်လတ်၊ ကျုံပျော် စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်က စတင်ပြီး ဒေသခံတွေကို ပြည်သူ့စစ်သင်တန်း တက်ခိုင်းတာ၊ မတက်ရင် ခြိမ်းခြောက်ငွေညှစ်တာ၊ တချို့ဒေသတွေမှာ ထောက်ပံ့ငွေနဲ့ စည်းရုံးတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ကန်ကြီးထောင့်မြို့နယ်မှာ အခုလို စစ်ကောင်ခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ စစ်သင်တန်း တက်ခိုင်းတာကို မတက်ချင်တာနဲ့ ပတ်သက်လို့ နုတ်ထွက်စာတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အပြင်မပေါက်ကြားစေဖို့ အုပ်ချုပ်ရေးမိသားစုတွေအထိ သတိပေးခံထားရတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024