Home
မေးမြန်းခန်း
ထိုင်းနှင့် စစ်ကောင်စီ ပေါင်းလုပ်မည့် လူသားချင်းစာနာကူညီမှုအစီအစဉ်အပေါ် CIDKP ဒု-ညွန်မှူးနှင့် မေးမြန်းချက်
နော်နိုရင်း
·
January 31, 2024

ထိုင်း-မြန်မာနယ်စပ်ကြားမှာ ဘေးကင်းတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဇုန်တခု ဖန်တီးဖို့ ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းနေပြီး ဒီအစီအစဉ် အဆိုပြုချက်ကို အာဆီယံနဲ့ မြန်မာစစ်ကောင်စီဘက်က ကြိုဆိုခဲ့တာနဲ့ပတ်သက်ပြီး‌ ထိုင်း-မြန်မာ နယ်စပ်တလျှောက်နဲ့ ပြည်တွင်းဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP) ဒု-ညွန်ကြားရေးမှူး စောခဲလေကို ဒီဗွီဘီ အကြီးတန်းသတင်းထောက် နော်နိုရင်းက မေးမြန်းထားပါတယ်။

မေး - ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းပြီး နယ်စပ်တလျှောက် ဘေးကင်းလုံခြုံတဲ့ လူသားချင်းစာနာမှုဇုန်တခု ဖန်တီးဖို့ လုပ်ဆောင်နေတယ်လို့ သိတယ်။  ထိုင်းရဲ့လုပ်ဆောင်မှုကို အာဆီယံက ကြိုဆိုခဲ့တယ်လို့ တနင်္လာနေ့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်။ ဒီအစီအစဉ်နဲ့ပတ်သက်လို့ ဘယ်လိုမြင်လဲပြောပြပေးပါလား။

ဖြေ - “ထိုင်းဘက်က သူတို့ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစပျိုးတာကတော့  သူတို့ရဲ့ လုပ်ဆောင်မယ့်အရာကိုတော့ ကျနော် လေးစားပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုး လုပ်မလဲဆိုတာက အင်မတန်အရေးကြီးတယ်။ အခု ကျနော်တို့သိရတာက သူတို့က စစ်ကောင်စီနဲ့ သွားဆွေးနွေးမယ်တဲ့။ စစ်ကောင်စီနဲ့ ဆွေးနွေးပြီးတော့ ဘာတွေ လုပ်ကြမလဲပေါ့။ လူသားချင်းစာနာမှု အခက်အခဲတွေ ဒီပြဿနာ စလာတာက စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် စလာတဲ့ကိစ္စတွေ။ အဲဒီတော့ စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဒီကိစ္စကို လုပ်မယ်ဆိုတာကတော့ ဘာတွေ ဘယ်လိုလုပ်ကြမလဲဆိုတာ ကျနော် နားမလည်ဘူး။ လူသားချင်းစာနာမှု အကူအညီပေးရေးမှာ ကျနော်တို့ရဲ့ Principle ရှိတယ်။ အဲဒီ Humanitarian Principle က နိုင်ငံရေးအသင်းအဖွဲ့နဲ့ သူတို့ရဲ့ Influence သူတို့ရဲ့ ပါဝင်မှုနဲ့ ကင်းရမယ်၊ လက်နက်ကိုင်နဲ့ ကင်းရမယ်။ အဲဒါကို အမြဲရှေးရှုထားပြီး တကယ့်ကို လူသားချင်းစာနာမှု Neutrality နဲ့ Independence ကိုပဲ သွားတယ်။ ဒီနေရာမှာဆိုရင် စစ်ကောင်စီနဲ့ သွားဆွေးနွေးပြီးလုပ်မယ့် Humanitarian လူသားချင်းစာနာမှု အလုပ်အကိုင်တွေကို ဘယ်လိုလုပ်မယ်ဆိုတာ မသိနိုင်ဘူး။ အကယ်၍သာ စစ်ကောင်စီနဲ့ ဆွေးနွေးပြီးတော့  လုပ်ရမယ်ဆိုတော့ ဘာတွေအလုပ်ဖြစ်လာမလဲဆိုတာ သံသယဝင်မိတယ်။”

မေး - သူတို့က Safe Zone တခုထားပြီး လုပ်မယ်ဆိုပြီး သတင်းတွေထွက်တယ်။ အဓိက ဘယ်မှာရှိနေတယ်၊ ဘယ်မှာလုပ်မယ်ဆိုတာ မြေပြင်အဖွဲ့တွေ ဘယ်လိုကြားရလဲ။

ဖြေ - “Safe Zone လုပ်မယ်၊ နေရာတခု အတည်လုပ်မယ်ဆိုတာ တချက်မှ မကြားရသေးပါဘူး။ ကျနော်တို့ သတင်းတွေရတာ တခုကတော့ ထိုင်းဘက်က နယ်စပ်မှာရှိတဲ့ IDPs နဲ့ တွေ့ဆုံတာရှိတယ်။ လောလောဆယ် စစ်တပ်က တွေ့ဆုံတာက တာ့ခ်ခရိုင်ရဲ့ အကြီးအကဲနဲ့ မဲဆောက်မှာရှိတဲ့ စစ်တပ်တွေ တွေ့ဆုံတာ။ သူတို့ပေါင်းပြီး ဖုဖ်ရခရိုင်မှာရှိတဲ့ IDPs နဲ့ သူတို့ သွားတွေ့တာရှိတယ်လို့ ကျနော်တို့ ကြားရတယ်။ သူတို့ပြောတာက IDPs တွေ တခုခုရှိရင် သူတို့ကိုပြောပါ၊ သတင်းအချက်အလက်တွေ ပြောပါ။ အခြေအနေမဟန်ရင် ထိုင်းဘက်ကို ပြေးလာလို့ရတယ်။ အဲဒါတွေ ပြောတာတော့ ရှိတယ်။ တခြား နိုင်ငံရေးအသင်းအဖွဲ့တွေနဲ့ သူတို့ ဆွေးနွေးတာရှိတယ်။ ကျနော်တို့နဲ့ လာစကားပြောတဲ့နေရာလည်း ရှိခဲ့ဖူးတယ်။ ပြီးတော့ ထိုင်းက မြေပြင်မှာရှိတဲ့ NGOs၊ INGOs တွေနဲ့ စကားပြောတာတွေရှိတာ တွေ့ရတယ်။ အခုန ပြောသလို အကယ်၍သာ တကယ်တမ်း ဖြစ်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့လူတွေနဲ့ အဲဒီ Mechanism အတိုင်း သွားမယ်ဆိုရင်တော့ ဒါကတော့ ကျနော်တို့ မျှော်လင့်စရာရှိတယ်။ ကျနော်တို့အတွက် ဝမ်းသာစရာရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ သွားပြီး ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး အလုပ်လုပ်မယ်ဆိုရင်တော့ သူတို့ ဘယ်မှာသွားလုပ်ကြမလဲ။ ဒီနယ်စပ်တလျှောက်မှာ ကျနော်တို့ သိရသလောက် နယ်စပ်တလျှောက်မှာ စကစ သူတို့ထိန်းချုပ်ရတဲ့နေရာတွေ မရှိတော့ဘူး။ ပြီးတော့ IDPs ကလည်း အဲဒီနေရာတွေမှာပဲ ရှိတယ်။ ဗုံးတွေ နေ့တိုင်းကျတဲ့ နေရာကလည်း အဲဒီမှာပဲ။ သူတို့လည်း မလာနိုင်လို့ နေ့တိုင်း ဗုံးလှမ်းကြဲနေတဲ့နေရာ။ အဲဒီနေရာမှာ စကစနဲ့ သူတို့ ဘယ်လိုလုပ်မှာလဲ။ ထိုင်းက ညှိနှိုင်းပြီး ဒီ အာဆီယံကို ဒါ တင်ပြတယ်ဆိုတော့ အာဆီယံက ဒါကို သူတို့ ဘယ်လိုလုပ်နိုင်မလဲဆိုတာ ကျနော် နားမလည်နိုင်ဘူး။ အကယ်၍သာ နယ်စပ်မှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့သာ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးရင်တော့ ဖြစ်နိုင်ပါသေးတယ်။”

မေး - အာဆီယံရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ လူသားချင်းစာနာမှု ကိစ္စရပ်တွေပဲဖြစ်ဖြစ်၊ အဲဒါတွေအပေါ်မှာ ဆရာတို့ ဘယ်လိုမြင်လဲ။ အာဆီယံမူဝါဒ ၅ ချက်က အလုပ်မဖြစ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတယ်ဆိုတော့ ဆရာတို့ မြေပြင်က လူမှုအဖွဲ့အစည်းတွေ၊ စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေကကော ဒီမူဝါဒတွေကို ဘယ်လိုပြောချင်လဲ။

ဖြေ - “ကျနော်ကတော့ နိုင်ငံရေးသမားမဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုလည်း မရှိဘူး။ ကျနော်ကတော့ လူသားချင်းစာနာမှု အထောက်အပံ့ပေးရေးကိုပဲ တစိုက်မတ်မတ် လုပ်လာခဲ့တာ။ အဲဒီမူဝါဒတွေက နိုင်ငံရေးနဲ့ပတ်သက်တာတွေ ရှိတယ်ဆိုတော့ ကျနော် အများကြီး မပြောချင်ဘူး။ ဒါပေမဲ့ တခုရှိတာက အာဆီယံလုပ်မယ်ဆိုရင် AHA စင်တာနဲ့ ညှိနှိုင်းပြီး လုပ်ရမယ့်ကိစ္စတွေမှာ အစိုးရမင်းတွေနဲ့ ညှိနှိုင်းပြီး လုပ်ရမယ့်နေရာမှာ စကစကလည်း သူတို့ပိုင်တဲ့နယ်မြေဆိုတော့။ အဲဒီအတိုင်းသာဆိုရင် စကစနဲ့ လုပ်မယ်ဆိုရင် ဘာမှ အဆင်ပြေမှာမဟုတ်ဘူး။ အရင်ကလည်း သူတို့ ကြိုးစားဖူးတယ်။ ဘာမှလည်း အဆင်မပြေဘူး။ ကျနော်တို့သိရသလောက်က လာတဲ့ အထောက်အပံ့ အကူအညီတွေက စကစကတဆင့် သွားရတဲ့အတွက်ကြောင့် သူတို့ပေးချင်တဲ့နေရာပဲ ပေးပြီးတော့ ပေးသင့်တဲ့နေရာမှာ သူတို့ ပေးလို့အဆင်မပြေဘူး။ အထောက်အပံ့တွေ မရတာရှိတယ်။ ကျနော်တို့ သတင်းကြားပါတယ်၊ တခြားအဖွဲ့အစည်းတွေနဲ့လုပ်တော့ အပစ်ခံထိတာတွေ၊ အဲဒါတွေ ရှိတာပေါ့နော်။ မြန်မာပြည်မှာရှိတဲ့ တခြားအဖွဲ့အစည်းတွေနဲ့ သူတို့လုပ်ပြီးတော့ တိုက်ပွဲမှာ ပစ်ခံထိတာတွေ သတင်းမှာ ကြားရတယ်။ စကစနဲ့ လုပ်မယ်ဆိုပြီး အာဆီယံကသာ လူသားချင်းစာနာမှု အထောက်အပံ့ ပြည်သူတွေကို ပေးမယ်ဆိုရင် အဆင်မပြေဘူးလို့ ကျနော်ထင်တယ်။”

မေး - ဒီ AHA စင်တာကလည်း အများအားဖြင့် အစိုးရအချင်းချင်း ချိတ်ဆက်ပြီး လုပ်ဆောင်တာတွေရှိတယ်။ တကယ့်မြေပြင်မှာ စစ်ရှောင်တွေရှိတဲ့နေရာက တိုင်းရင်းသားတွေ ထိန်းချုပ်တဲ့ဒေသ နေရာတွေမှာပဲရှိတာ။ အဲဒီလိုအဖြစ်မျိုးတွေ ရှိနေတော့ AHA စင်တာက အကူအညီပေးမယ်ဆိုတဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လိုအကြံပေးချင်လဲ။

ဖြေ - “AHA စင်တာနဲ့ သူတို့အစိုးရချင်း ချိတ်ဆက်လုပ်ဆောင်မယ်ဆိုရင် ဘာမှအလုပ်မဖြစ်ဘူး။ IDP တွေရှိတဲ့နေရာ၊ စစ်ရှောင်တွေရှိတဲ့နေရာ၊ တိုက်ပွဲဖြစ်တဲ့နေရာ၊ တိုက်ပွဲရှိတဲ့နေရာကလည်း အဝေးကြီးကနေ လက်နက်ကြီးနဲ့ ဗုံးလှမ်းကြဲတဲ့ နေရာမျိုးကို သူတို့ ဘယ်လိုအကူအညီပေးမလဲ။ သူတို့ရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဖွဲ့စည်းပုံတွေက အဲဒီမှာ အလုပ်မဖြစ်ကြတော့ဘူး။ အခု ကျနော်တို့လုပ်ဆောင်နေတဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေး လုပ်ဆောင်နေတာက နယ်စပ်တလျှောက်မှာရှိတဲ့ IDP စစ်ရှောင်တွေကို ကျနော်တို့ မြန်မာပြည်ရဲ့ အုပ်ချုပ်ပုံစနစ်တခုနဲ့ ကျော်ဖြတ်မသွားရင် အကောင်းဆုံးပဲလို့ ကျနော်ထင်တယ်။ လုံးဝကို ထိရောက်မှုရှိတယ်။ အလေအလွင့်မရှိဘူး။ လိုအပ်တဲ့သူတွေဆီကို ကောင်းကောင်းမွန်မွန် ရောက်နိုင်တယ်။ အဲဒီလိုပြောမယ်ဆိုရင်လည်း ထိုင်းဘက်ကအနေနဲ့ AHA စင်တာအနေနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီ ဆိုကတည်းက သူတို့အစိုးရအချင်းချင်း ညှိနှိုင်းတဲ့နေရာမှာ ခွင့်ပြုချက်မပေးရင် သူတို့က ဖြတ်ကျော်လို့ရသလားပေါ့။ အဲဒါတွေ ရှိတယ်။ ပြီးတော့ နယ်စပ်တလျှောက်မှာ တပ်မဟာ ၅၊ ၆၊ ၇ ရှိတယ်။ နယ်စပ်တလျှောက်မှာရှိတဲ့ IDP စုစုပေါင်း၊ အရှေ့တောင်ပိုင်းမှာ ကရင်နီကလွဲရင် ၇ သိန်း ၅ သောင်းရဲ့ ၈ ရာခိုင်နှုန်းပဲ နယ်စပ်မှာရှိတယ်။ ထိုင်းတွေက နယ်စပ်မှာပဲ သူတို့ IDP အထောက်အပံ့ ပေးနိုင်မယ်ဆိုရင် အဲဒီ ၈ ရာခိုင်နှုန်းလောက်ပဲ သူတို့ပေးလို့ရမယ်။ သူတို့ စဉ်းစားလုပ်ဆောင်ရမယ့်အရာက ဘယ်လောက်များ ထိရောက်မှု ရှိမလဲပေါ့။ ထိရောက်မှု မရှိဘူး၊ အကျိုးမဖြစ်ဘူးလို့ ကျနော် မပြောဘူး။ နည်းနည်းရလည်း နည်းနည်း အကျိုးရှိတယ်။ ဒါပေမဲ့ ကျနော်တို့သိရမှာက ကျောက်ကြီး၊ ညောင်လေးပင် ဒေသမျိုးတွေ၊ တောင်ငူတို့၊ ဘီးလင်း၊ ကျိုက်ထို ဒေသမျိုးတွေ၊ ကော့ကရိတ်ကနေ ထွက်ပြေးတဲ့သူတွေက နဘူး၊ လှိုင်းဘွဲတို့မှာတွေ။ တပ်မဟာ ၆ ဆိုရင်လည်း ဒေါနတောင် အနောက်ခြမ်းမှာ ရွှေ့ပြောင်းနေထိုင် ပြေးလွှားနေရတဲ့သူတွေဆီကို ထိုင်းဘက်က ဘယ်လိုလုပ်ပြီး ရောက်အောင်သွားနိုင်မလဲ။ အဲဒါက တကယ့် မေးခွန်းကြီးတခုပါ။ သူတို့ဆီမှာ အဖြေရှိလား၊ မရှိလား ကျနော်တို့မသိဘူး။ ဒီကိစ္စ သူတို့တွေနဲ့ ကျနော် မဆွေးနွေးဖြစ်ဘူး။ အကယ်၍သာ ဒီနယ်မြေကို စိုးမိုးတဲ့လူတွေနဲ့ တိုင်ပင်ညှိနှိုင်း ဆွေးနွေးပြီးတော့ လုပ်မယ်ဆိုရင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ စကစနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရင်တော့ အလုပ်မဖြစ်ဘူးလို့ပဲ ကျနော် ရှင်းရှင်းပြောမယ်။”

မေး - ဒီနယ်စပ်တလျှောက်မှာ Safe Zone တခု သတ်မှတ်မယ်၊ အကူအညီတွေကိုလည်း နယ်စပ်ဖြတ်ကျော် ပေးနိုင်မယ့် အနေအထား ရှိမယ်၊ နယ်စပ်မှာ စစ်ရှောင်တွေလည်း ထိုင်းဘက်ကို ဝင်မလာရအောင်၊ မြန်မာနိုင်ငံဘက်မှာပဲ နေရာသတ်သတ်မှတ်မှတ်ထားပြီး ပေးနိုင်မယ်ဆိုရင် ဘယ်နေရာက အကောင်းဆုံးဖြစ်နိုင်မလဲ။ ဘယ်လိုအကြံပေးချင်လဲ။

ဖြေ - “အတိအကျတော့ ကျနော် ပြောလို့မရဘူး။ အကယ်၍သာ အာဆီယံကသာ ပါဝင်မယ်ဆိုရင်၊ Humanitarian Corridor ဖွင့်မယ်ဆိုရင် လေယာဉ်ပျံသန်းလို့မရတဲ့ No Fly Zone သတ်မှတ်ရမယ်။  ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ အဲဒီနေရာနဲ့ ဘယ်နှကီလိုမီတာအကွာမှာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ မရှိရဘူးဆိုတာ သတ်မှတ်ရမယ်။ နယ်စပ်ဖြတ်ကျော်လို့ ပြောရရင် ထိုင်းအာဏာပိုင်တွေအနေနဲ့ လွတ်လွတ်လပ်လပ် သွားလာလုပ်ဆောင်ဖို့အတွက် သတ်မှတ်ပေးရမယ်။ အဓိကကတော့ နယ်စပ်မှာရှိတဲ့ ဘယ်သူမဆို နယ်မြေကို အုပ်ချုပ်နေတဲ့သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်တာ အကောင်းဆုံးပဲလို့ ကျနော် ပြောချင်ပါတယ်။”

မေး - အခုလောလောဆယ်အထိတော့ ထိုင်းနိုင်ငံကလည်း နယ်စပ်ဖြတ်ကျော်ကို လုံးဝခွင့်မပြုထားသေးဘူး။ သွားကူညီချင်တဲ့အဖွဲ့ဆိုရင်လည်း အရမ်းကို ခက်ခဲနေတဲ့ အခြေအနေမျိုးတွေ ရှိနေတဲ့အချိန်မှာ ထိုင်းအစိုးရကို နယ်စပ်ဖြတ်ကျော် ပေးလိုက်မယ်ဆိုရင် သူတို့အတွက် ဘာအကျိုးအမြတ်တွေ ရနိုင်မလဲ။ မြန်မာစစ်ဘေးရှောင်တွေအတွက် ဘယ်လို အကူအညီဖြစ်သွားနိုင်မလဲ။ ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်ကော ဘာရှိနိုင်မလဲ။

ဖြေ - “ကျနော်တို့ လူသားချင်းစာနာထောက်မှု အကူအညီပေးရေးမှာ နိုင်ငံတခုအနေနဲ့ အကျိုးအမြတ် ရနိုင်တယ်ဆိုတာကို ကျနော် လုံးဝသဘောမတူဘူး၊ မဖြစ်နိုင်ဘူး။ ဒါ နိုင်ငံရေးအကျိုး မဟုတ်ဘူး။ အစိုးရတဖွဲ့ရဲ့အကျိုး မဟုတ်ဘူး။ ဒါ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ အကျိုး မဟုတ်ဘူး။ ဒါက လုပ်ရခြင်းရဲ့ အကျိုးက ပြည်သူလူထုရဲ့ အကျိုးပဲ ကျနော်တို့ မျှော်မှန်းရမယ်။ အကယ်၍သာ သူတို့က နယ်စပ်ဖြတ်ကျော်ကို လိုအပ်တဲ့နေရာမှာ ညှိနှိုင်းဆွေးနွေးပြီး လုပ်နိုင်မယ်ဆိုရင်တော့ IDP စစ်ရှောင်တွေအတွက် အများကြီး အကျိုးရှိပါတယ်။ သူတို့ရဲ့အခြေအနေကို အသိအမှတ်ပြုခြင်းနဲ့ သူတို့ရဲ့ လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်တာပေါ့။ အဲဒီလိုမျိုးသာ လိုက်လိုက်လျောလျော ထိုင်းက လုပ်နိုင်မယ်ဆိုရင် ကျနော်တို့အနောက်မှာရှိတဲ့ မြောက်မြားစွာသော အရင်းအမြစ်တွေပေါ့နော် နိုင်ငံအသီးသီးက အကူအညီ အရင်းအမြစ်တွေဟာ စစ်ရှောင်တွေဆီ ရောက်သွားမှာပဲ။ ဒီအရင်းအမြစ်တွေ စစ်ရှောင်တွေဆီ ရောက်သွားဖို့က အခက်အခဲတွေ အများကြီး ရှိတယ်။ အကယ်၍သာ ထိုင်းက ဒီအခက်အခဲတွေကို ဖြေလျှော့ပေးလိုက်မယ်ဆိုရင် IDP တွေအတွက် အများကြီး အကျိုးဖြစ်ထွန်းနိုင်ပါတယ်။”

မေး - IDP ကိစ္စနဲ့ပတ်သက်ပြီး၊ အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဆရာ ဘာများပြောချင်ပါလဲ။

ဖြေ - “အခက်အခဲကတော့ အများကြီး ရှိတယ်။ အခုတလော မိုးရွာတယ်။ မိုးရွာတော့ IDP တွေက နဂိုကတည်းက တဲစုတ်ကလေးထဲမှာ နေရတယ်။ ပလတ်စတစ်လေးတခြမ်း မိုးပြီး နေရတာတွေ အများကြီး ရှိတယ်။ အဲဒီတော့ သူတို့ရဲ့ အခြေအနေကို အင်တာနေရှင်နယ် ကွန်မြူနတီ၊ အထောက်အပံ့ ပေးတဲ့ ဒိုနာကြီးတွေကို ပေးသိဖို့ လိုအပ်တယ်။ ကျနော်တို့က အစွမ်းကုန် ကြိုးစားနေပေမဲ့ ကျနော်တို့ရဲ့ အသံက လိုအပ်တဲ့ဆီကို ကောင်းကောင်းမွန်မွန် မရောက်နိုင်ဘူးဆိုရင် IDP ရဲ့ အခြေအနေကို သိဖို့ အဆင်မပြေဘူး။ အဲဒီတော့ တာဝန်ရှိတဲ့သူတွေကို ကျေးဇူးပြုပြီး IDP ရဲ့ အခြေအနေကို များများလေး ဖော်ပြပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုပါတယ်။ CIDKP ကျနော်တို့အနေနဲ့ ကြိုးစားတယ်ဆိုပေမဲ့ IDP စစ်ရှောင်တွေ အကုန်လုံးရဲ့ ဦးရေက ကျနော်တို့ရဲ့ စာရင်းထဲမှာ ၇၅၂၀၀၀ ကျော်နေပါတယ်။ အဲဒီမှာ ကျနော်တို့ ထောက်ပံ့နိုင်တာက မများဘူး။ တဝက်လောက်တောင် မရှိဘူး။ ထောက်ပံ့နိုင်တဲ့ တဝက်လောက်ကိုတောင်မှ တလ၊ နှစ်လ ချန်ထားရတာမျိုး ရှိတယ်။ အဲဒါတောင် သုံးရတဲ့ အရင်းနှီးပမာဏ မနည်းဘူး။ အထောက်အပံ့နဲ့ လွတ်သွားတဲ့ IDP တွေ အများကြီးရှိတယ်။ သူတို့ရဲ့ဒုက္ခလည်း ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့လည်း အများကြီး ကြိုးစားနေပါတယ်။ အလှူရှင်တွေကိုလည်း ကျနော်တို့ ပုံစံအမျိုးမျိုးနဲ့ ချဉ်းကပ်နေပါတယ်။ အဲတော့ ပြောနိုင်တဲ့ မီဒီယာတွေက ဒီကိစ္စတွေကို များများလေး ကမ္ဘာသိအောင် ပြောပြပေးပါလို့ တောင်းဆိုချင်ပါတယ်။ နောက်ဆုံးမှာ IDP ဖြစ်လာရခြင်းအကြောင်းက ပဋိပက္ခတွေ ဖြစ်လာတာကြောင့်ပါ။ သူတို့က ဘယ်ပဋိပက္ခနဲ့မှ မသက်ဆိုင်ဘဲ ပဋိပက္ခရဲ့ဒဏ်ကို ခံနေရတဲ့သူတွေပါ။ အဓိကက မြန်မာပြည်ရဲ့ အခြေအနေ ကောင်းတဲ့ဘက်ကို ဦးတည်သွားဖို့ အားလုံးတထောင့်တနေရာက ပုံစံအမျိုးမျိုးနဲ့ ကြိုးစားရမယ်လို့ အားပေးချင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024