Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားကွင်းများပျက်စီး
DVB
·
January 30, 2024

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်အတွင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် နေလှန်းဆားကွင်းတွေ ပျက်စီးခဲ့တယ်လို့ ဆားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ဇန်နဝါရီ ၂၆ ရက်နေ့ကစပြီး ဒီနေ့ ဇန်နဝါရီ ၃၀ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနေတာကြောင့် ဆားကွင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆားရာသီရဲ့ ဆားအများဆုံးထွက်ပြီး အရေးကြီးဆုံးလဖြစ်တဲ့ ဇန်နဝါရီအကုန် ဆားအလယ်သက်တမ်းမှာ ဖျက်မိုးထိသွားတဲ့အတွက် ပျက်စီးဆုံးရှုံးမှုများစွာရှိတယ်လို့ သံဖြူဇရပ် ပငကျေးရွာအုပ်စုရှိ ဆားလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

"မိုးက ၂၆ ရက်နေ့ မနက်ပိုင်းကတည်းက ရွာတာ ဒီနေ့ထိ နေရောင်တချက်မှ မမြင်ရသေးဘူး။ ကျနော်တို့မှာ ဆားလုပ်ရတာ နေမရှိတော့ တော်တော်လေးပြဿနာရှိတာပေါ့။ ဇန်နဝါရီလကုန်ခါနီးက ဆားရာသီရဲ့ သက်တမ်းနဲ့ဆို ကျနော်တို့က ခါးအလယ်ပေါ့။ ဆားဦးက ဆားအများကြီးမရဘူး။ အရေးကြီးတဲ့ ခါးအလယ်မှာ ဖျက်မိုးထိတော့ နောက်ထပ် ဆားအသစ်ပြန်ရဖို့က အစောဆုံးက ဖေဖော်ဝါရီ ၂၀ ကျော်မှ ပြန်ရတော့မှာ။ အဲ့တာတောင် မိုးလုံးဝမရွာတော့မှ မိုးဆက်ရွာရင်တော့ ဒီထက်ပိုကြာမှာပါ။ ခါးမှာ မိုးဖျက်သွားတော့ ကျနော် ထိခိုက်ဆုံးရှုံးမှု အများကြီးရှိပါတယ်။"

မိုးရွာသွန်းမှုကြောင့် ဆားကွင်းတွေ ပျက်စီးသွားတဲ့အတွက် ပြန်ပြင်ရတဲ့အပြင် ဆားအထွက်လည်း လျော့နည်းသွားမှာဖြစ်တဲ့အတွက် ဆုံးရှုံးမှုများတယ်လို့ ဆားတောင်သူတဦးက ပြောပါတယ်။

"မိုးရွာလို့ ဆားကွင်းတွေဟာ အစကလောက်မဟုတ်ပေမယ့် အစနီးပါးလောက် ပြန်ပြင်ရမှာပါ။ ကျနော်တို့ လှန်းထားတဲ့ ခွက်တွေက ရေတွေပြန်ဖောက်ပြီး ပြန်ခွဲရမယ်။ ပြီးတော့ဆားခွက်တွေကို အခြောက်ပြန်လှန်း ခွက်ပြန်သန့် ဆီပြန်လိမ့်ရမယ်။ အဲ့တာကလည်း အနည်းဆုံး ၁၅ ရက်လောက် သွားရမှာဆိုပေမယ့် နေပြန်ပွင့်မှပါ၊ နေမပွင့်ရင် ဘာမှလုပ်မရဘူး။ ပြုပြင်စရိတ်တွေက ပိုတက်လာတဲ့အပြင် ဆားထွက်ချိန်နောက်ကြတဲ့အတွက် အများကြီးထိခိုက်ပါတယ်။"

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တနှစ်ပတ်လုံးဆားတန်ချိန် ၃ သိန်းထွက်တဲ့ကွင်းဟာ ဆား တန်ချိန် ၅ သောင်းလျော့နည်းသွားမှာဖြစ်ပြီး မိုးဒီထက်ပိုရွာလေ ပိုဆုံးရှုံးမှုများသွားမယ်လို့ သူကဆက်ပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့ ဒီကနေ့မှာ မွန်ပြည်နယ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒမှ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ဆားထွက်ရှိရာ ဒေသဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀,၀၀၀ ခန့်ထွက်ရှိကာ ဒီဇင်ဘာလမှာ ဆားအသစ်ပုံမှန်ထွက်ရှိ​ပါတယ်။   

မွန်ပြည်နယ်မှာ မိုးတွင်းကာလက ဆားကြမ်းဈေး ၁ ပိဿာကို ကျပ် ၂၅၀ အထိ ရရှိခဲ့ပေမယ့် ဒီနေ့ဈေးနှုန်းအရ ဆားကြမ်း ၁ ပိဿာကို ကျပ် ၁၇၀ အထိ ကျဆင်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024