Home
မြန်မာသတင်း
ပေါက်မြို့နယ် ကျေးရွာများကို ပြည်သူ့တော်လှန်ရေးတပ်ဦးက အခမဲ့ ဆေးဝါးကုသပေး
DVB
·
January 30, 2024
pauk 3012024

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ ပြည်သူ့ဆက်ဆံရေးဌာန လက်အောက်ခံ ကျန်းမာရေးကဏ္ဍကနေတဆင့် ဆေးဝါးကုသမှုတွေ အခမဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ ပြဘ်သူ့တော်လှန်ရေးတပ်ဦး (PRF) က သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီက “ပြည်သူတွေ အစစအရာရာ ခက်ခဲနေတဲ့ကာလမှာ ကျနော်တို့တပ်ဦးအနေနဲ့ တတ်နိုင်တဲ့ဘက်က ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။ အခက်အခဲကတော့ လူနာအင်အား များတဲ့အတွက် တခေါက်နဲ့တခေါက် ဆေးအလျင်မီအောင် ဖြည့်တင်းဖို့တော့ အခက်အခဲရှိနေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခမဲ့ဆေးကုသရာမှာ ရွာစဥ်အလှည့်ကျ လိုက်လံကုသနေတာဖြစ်ပြီး ပုံမှန် ပြည်သူပေါင်း ရာဂဏန်းကျော် လာရောက်ပြသလေ့ ရှိပါတယ်။

လူငယ်ပိုင်းတွေမှာက ဝဲယားနာအဖြစ်များပြီး လူကြီးပိုင်းတွေမှာကတော့ သွေးတိုးနဲ့ ဒူးနာ ခါးနာ ပြဿနာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုန်သွယ်စီးဆင်းမှုနဲ့ သွားလာရေး ခက်ခဲတာကြောင့် ကျေးလက်နေ ပြည်သူတချို့ဟာ အရေးပေါ် ကျန်းမာရေးအခြေအနေတွေမှာ ဆေးဝါးကုသမှု ကောင်းကောင်းမရရှိဘဲ လွယ်လင့်တကူ အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံ ပြည်သူတဦးဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024