Home
မြန်မာသတင်း
၃ ရက်အတွင်း ‌ဒေါ်လာ ၂၃ သန်းနှင့် ဘတ်ငွေ သန်း ၂၅၀ ဗဟိုဘဏ်ထုတ်ရောင်း
DVB
·
January 29, 2024

ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း နိုင်ငံခြားငွေ ဈေးကွက်ထဲကို ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ် သန်း ၂၅၀ ထပ်မံရောင်းချခဲ့ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ နိုင်ငံကြေးငွေ ဈေးကွက်ထဲကို ဇန်နဝါရီ ၂၅ ရက်က အမေရိကန်ဒေါ်လာ ၉ သန်းနဲ့ ထိုင်းဘတ် သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ အမေရိကန်ဒေါ်လာ ၉ သန်းကို ထပ်မံရောင်းချပေးမယ်လို့ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ အခုနှစ် ဇန်နဝါရီလအတွင်း ငွေကြေးဈေးကွက်ထဲကို နိုင်ငံခြား‌‌ငွေ ၇ ကြိမ်မြောက်၊ ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၉၃ သန်း၊ ထိုင်းဘတ် သန်း ၃၀၀၊ အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်တို့ကို ထည့်သွင်း ရောင်းချပေးခဲ့တာ တွေ့ရပါတယ်။

အခုလို စစ်ကောင်စီဗဟိုဘဏ်က ငွေကြေးဈေးကွက်ထဲကို နိုင်ငံခြားငွေကြေးတွေ မကြာခဏ ထုတ်ရောင်းချပေးနေတယ်လို့ ကြေညာနေပေမဲ့ ပြင်ပငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေဈေးတွေ တက်ရိပ်ပြနေပါတယ်။

အမေရိကန်‌ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယပတ်အထိ တဒေါ်လာကို ၃,၄၅၀ ကျပ်နှုန်းမှာ အချိန်အတန်ကြာ ငြိမ်နေခဲ့ရာက ဇန်နဝါရီ နောက်ဆုံးပတ်မှာတော့ တဒေါ်လာကို ၃,၅၃၅ ကျပ်ထိ မြင့်တက်ရောက်ရှိလာပါတယ်။

အလားတူ ထိုင်းဘတ်ဈေးက ဇန်နဝါရီ တတိယပတ်မှာ ထိုင်း ၁ ဘတ်ကို မြန်မာငွေ ကျပ် ၁၀၀ အောက်မှာ ရှိခဲ့ပြီး လက်ရှိမှာတော့ ကျပ် ၁၀၀ အထက် မြင့်တက်လာသလို တရုတ်ယွမ်ဈေးကလည်း ၁ ယွမ်ကို မြန်မာငွေ ၄၈၀ ကျပ်ဝန်းကျင်ကနေ ၄၉၀ အထက်ကို မြင့်တက်ရောက်ရှိနေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ သူတို့ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေး လုပ်ဆောင်ချက်တွေအရ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှခြေရှိလာပြီး ၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄ ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်ငွေတို့ရဲ့ ငွေလဲနှုန်း ပြောင်းလဲမှုက ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်မှသာ ရှိပြီး နိုင်ငံခြားငွေလဲနှုန်း‌‌တွေ အထိုက်အလျောက် တည်ငြိမ်မှုရှိခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024