Home
မြန်မာသတင်း
ကျိုက်လတ်တွင် အမာခံလူငယ်များဖြင့် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီ ပြင်ဆင်
DVB
·
January 28, 2024

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ကျေးရွာနဲ့ ရပ်ကွက် ၁ ခုကို အနည်းဆုံးအရပ်သား အမာခံ လူငယ် ၁၀ ယောက်ထားပြီး ပြည်သူ့စစ်ဖွဲ့ဖို့လုပ်နေကြတယ်လို့ ကျိုက်လတ် ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ဒီရက်ထဲမှာ ပြည်သူ့စစ်ဖွဲ့ဖို့ကို စစ်ကောင်စီရဲ့လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက တင်းတင်းကျပ်ကျပ် လုပ်လာတာ။ အရပ်သားလည်း ဖြစ်ရမယ်၊ ဒေသခံလည်း ဖြစ်ရမယ်။ လူငယ်လည်း ဖြစ်ရမယ် ဆိုပြီး ဖွဲ့ဖို့လုပ်နေတာ။ အရပ်သား ပြည်သူတွေကို လူသားဒိုင်းအဖြစ် လုပ်ချင်လို့ ပြည်သူ့စစ်ဖွဲ့တာပဲ။ ဘာ ပြည်သူ့အတွက် လုံခြုံရေး မဟုတ်ဘူး။ ရပ်ကျေး အုပ်ကြီးတွေကို လူစာရင်းယူခိုင်းထားတာ။ သူတို့က စာရင်းယူနေတာ။ ပြည်သူတွေ အများစုကလည်း မလုပ်ချင်လို့ အခက်အခဲ အတော်ရှိနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကဖွဲ့မယ့် ပြည်သူ့စစ်အဖွဲ့ကို စိတ်ပါဝင်စားသူ နည်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပြီး စာရင်းပေးသွားထားသူ အများစုကလည်း တပ်ထောက်ခံသူ၊ တပ်မိသားစုနဲ့ မကင်းသူ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ပျူစောထီး ဆိုသူတွေ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။

ကျိုက်လတ်မြို့ခံ အမျိုးသားတယောက်ကလည်း “သေနတ်ပစ်ခတ်တဲ့နည်းကို စစ်ကောင်စီက သင်တန်းပေးမှာ။ ကျေးရွာနဲ့ ရပ်ကွက်ပေါင်းရင် လူအယောက် ၄၀ လောက်နဲ့ ပြည်သူ့စစ်ဖွဲ့မှာ။ သူတို့ကတော့ စာရင်းတွေကောင်းနေပြီ။ ပြည်သူ့စစ်လုပ်ဖို့ ဘယ်သူမှ စိတ်မပါဘူး။ မလုပ်ချင်ဘူး။ ဒါဟာ ဖြစ်လာမယ့် တိုက်ပွဲတွေအတွက် ဓားစားခံအဖြစ် ထားဖွဲ့တာလို့ ယူဆတယ်” လို့ ပြော ပါတယ်။ 

အဲဒီ ပြည်သူ့စစ်တွေကို ကျိုက်လတ်မြို့ပေါ်မှာ စုရပ်ထားပြီးတော့ စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်နည်း သင်တန်းတွေ ၄၅ ရက်ကြာ ပေးသွားမယ်လို့ သိရပါတယ်။

ကျိုက်လတ်မြို့နယ်အပြင် ကျုံပျော်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီက ဒေသလုံခြုံရေး အတွက်ဆိုပြီး ရပ်ကွက်နဲ့ ကျေးရွာပေါင်းပြီး လူအယောက် ၄၀ နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမအပတ်က စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024