Home
အားကစား
ရာသီအကုန်တွင် ဘာစီလိုနာမှ ထွက်ခွာမည်ဟု နည်းပြဇာဗီအတည်ပြု
DVB
·
January 28, 2024

အခုနှစ်ဘောလုံးရာသီအကုန်မှာ ဘာစီလိုနာကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း နည်းပြဇာဗီက အတည်ပြုပြောသွားပါတယ်။

ဒီကနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ လာလီဂါပွဲစဉ်မှာ နောက်ကျဂိုးတွေနဲ့အတူ ၅ ဂိုး ၃ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဇာဗီက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘီလ်ဘာအိုအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။

ဗီလာရီးရဲလ်နဲ့ပွဲအပြီးမှာပဲ အသင်းဥက္ကဋ္ဌ လာပေါ်တေးနဲ့ တွေ့ချိန်မှာ ရာသီအကုန်ကျရင် ထွက်ခွာမယ်လို့ အကြောင်းပြောခဲ့ကြောင်း၊ ဘဏ္ဍာရေးအခြေအနေအရ မဟုတ်ဘဲ နှလုံးသားရဲ့ ပြောစကားအတိုင်း မှန်ကန်တဲ့အရာကို လုပ်ဆောင်ခဲ့တာလို့ ဇာဗီကပြောပါတယ်။

ဇာဗီက “ဒီဆုံးဖြတ်ချက်က အသင်းဥက္ကဋ္ဌအပါအဝင် ဒါရိုက်တာတွေဖြစ်တဲ့ ရာဖာနဲ့ ဒေကိုတို့နဲ့ အတူ ဆုံးဖြတ်ခဲ့တာပါ။ ကျနော်တို့ရဲ့အခြေအနေက ပြောင်းလဲမှုလုပ်ဖို့လိုအပ်ပြီး ဘာစီလိုနာ ပရိသတ်တယောက်အနေနဲ့ ဒီအတိုင်း ဆက်သွားလို့မရနိုင်ဘူးဆိုတာ သိပါတယ်။ ဘုတ်အဖွဲ့ဝင်တွေနဲ့ ကစားသမားတွေအတွက် ကျနော် ထွက်ခွာတာက အကောင်းဆုံးပါပဲ။ ဒါဟာ မှန်ကန်တဲ့အရာကို လုပ်ဆောင်တာဖြစ်တယ်”လို့ ပြောပါတယ်။

အသင်းနည်းပြရာထူးကနေ နုတ်ထွက်ဖို့ အချိန်ကာလကြာရှည်ကတည်းက စဉ်းစားခဲ့ကြောင်း၊ အခုနှစ်ရာသီ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့ရင်တောင် ဆုံးဖြတ်ချက်ကို ပြောင်းလဲတော့မှာ မဟုတ်ကြောင်း ဇာဗီက ပြောသွားပါတယ်။ 

Photo-REUTERS/Albert Gea

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024