Home
မြန်မာသတင်း
မွန်ဒေသ တရားဥပဒေစိုးမိုးရေး မွန်ပြည်သစ်ပါတီ  ကြိုးပမ်းလုပ်ဆောင်မည်
DVB
·
January 17, 2024

မွန်ဒေသမှာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ကောင်းမွန်လာဖို့ နည်းလမ်းအမျိုးမျိုးရှာဖွေပြီး ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ မွန်ပြည်သစ်ပါတီက ၁၁ ကြိမ်မြောက် ညီလာခံအပြီး ကြေညာပါတယ်။

လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကနေ ဇန်နဝါရီ ၁၄ ရက်အထိ ပါတီဗဟိုဌာနချုပ်ရုံးစိုက်ရာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသမှာ ကျင်းပခဲ့ပါတယ်။

ရက်ပေါင်း ၂၀ ကျော်ကြာ ကျင်းပခဲ့တဲ့ ညီလာခံပြီးနောက် မွန်ပြည်သစ်ပါတီက ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေအပါအဝင် ကြေညာချက် ၄ ရပ် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ မွန်ဒေသတွင်း စစ်ပွဲတွေဖြစ်ပွားနေပေမဲ့ စစ်ဘေးဒဏ်သင့် မွန်ပြည်သူကို ကာကွယ်တားဆီးပေးနိုင်ခြင်း မရှိတဲ့အတွက် မွန်သံဃာတော်တွေနဲ့ပြည်သူတွေက မွန်ပြည်သစ်ပါတီအပေါ် စိတ်မကျေနပ်မှုတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် မွန်ဒေသမှာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ကောင်းမွန်လာဖို့ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပေမဲ့ ဘယ်လိုပုံစံတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမလဲဆိုတာကိုတော့ မွန်ပြည်သစ်ပါတီက အသိပေးထုတ်ပြန်ထားခြင်း မရှိပါဘူး။

မွန်ဒေသ ကာကွယ်ရေးနဲ့ လုံခြုံရေးဆောင်ရွက်ရာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မွန်ပြည်သစ်ပါတီတစ်ခုတည်း ဆောင်ရွက်လို့ မရသလို မွန်ပြည်သူလူထုတစ်ရပ်ရဲ့ ပူးပေါင်းပါဝင်မှုအပေါ်  မူတည်တယ်လို့ မွန်လူငယ်တစ်ဦးက ပြောပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံမှာ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင်သစ် နှစ်ဦးအဖြစ် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညားချမ်းနွန်နဲ့ မိစားတားတို့ ထပ်တိုးရွေးချယ်ခံခဲ့ရပေမဲ့ ပါတီဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ပြန်လည် ရွေးချယ်ခံခဲ့ရသလို   ကျန်ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ၉ ဦးက အပြောင်းအလဲမရှိ ထပ်မံရွေးချယ်ခံခဲ့ရတာပါ။

ဒီညီလာခံကနေ ဗဟိုကော်မတီဝင် ၃၅ ဦး ၊ အရန်ဗဟို‌ကော်မတီဝင် ၆ ဦး နဲ့ ဗဟိုစစ်ရေးကော်မတီဝင် ၇ ဦးတို့ကို ရွေးချယ်ခဲ့ပြီး ဗဟိုစစ်ရေးကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညာချမ်းနွန်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ဟံသာတို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ညီလာခံထုတ်ပြန်ချက်မှာတော့ အမျိုးသားစည်းလုံးမှုခိုင်မာအောင် နဲ့ ပါတီတည်ဆောက်ရေး၊ တပ်၊ နယ်မြေဒေသတွေ ပိုမိုကောင်းမွန်အောင်ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

မွန်နိုင်ငံရေးသမား နိုင်ထောရော့က မွန်ပြည်သစ်ပါတီရဲ့ ညီလာခံထုတ်ပြန်ချက်ဟာ ပြည်သူလူထု ယုံကြည်အားကိုးနိုင်လောက်တဲ့ ထုတ်ပြန်ချက် မဟုတ်တဲ့အတွက် အသစ်တက်လာမယ့် ခေါင်းဆောင်တွေအနေနဲ့ စစ်ရေး၊နိုင်ငံရေး အတွေးအခေါ် မပြောင်းနိုင်သရွေ့  လူထုထောက်ခံမှုရမှာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ထုတ်ပြန်ချက်တွေထဲမှာတော့ ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ရည်မှန်းချက်တူ လက်နက်ကိုင်အဖွဲ့တွေနဲ့ ညီညွတ်မှုရှိဖို့ ဆက်ကြိုးပမ်းမှာဖြစ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ ဘဝတူဖိနှိပ်ခံ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စည်းလုံးညီညွတ်ရေး ကြိုးပမ်းမယ်ဆိုရင် အပြောနဲ့အလုပ် လက်တွေ့ကျဖို့ လိုတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ညီလာခံအပြီး ထုတ်ပြန်ချက်ဟာ ရပ်တည်ချက် မပြောင်းလဲဘဲ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကိုသာ ဆုပ်ကိုင်သွားမှာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲမှာ ပါဝင်လာမှာမဟုတ်ဘဲ ပိုနေမြဲ ကျားနေမြဲသာ ဆက်လက် ရပ်တည်နိုင်သွားတယ်လို့ မွန်နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

မွန်ပြည်သစ်ပါတီထောက်ခံသူတွေကတော့ မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်နဲ့ ဗဟိုစစ်ရေးကော်မတီဝင် ပြင်ဆင်ဖွဲ့စည်းမှုတွေဟာ ဒေသတွင်း တပ်အင်အားနဲ့လုံခြုံရေးအင်အား တိုးချဲ့ လုပ်ဆောင်လာနိုင်ပြီး မဟာဗျူဟာမြောက် အခင်းအကျင်းတစ်ခု ဖန်တီးလာနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လက်ရှိမှာတော့ မွန်လူမျိုးတွေ နေထိုင်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ကြာအင်းဆိပ်ကြီးမြို့နယ်အပါအဝင် မွန်ပြည်နယ် ကျိုက်မရောနဲ့ရေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲ ပြင်းထန်လာတဲ့ မွန်လူမျိုး သောင်းနဲ့ချီ စစ်ရှောင်နေရတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။

ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တစ်ဖွဲ့ချင်းအလိုက် ဖြစ်စေ၊ အုပ်စုအလိုက်ဖြစ် ၇ ကြိမ်အထိ ငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးထားပြီး တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်နဲ့ ကြားနေမူဝါဒ ဆုပ်ကိုင်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024