Home
မြန်မာသတင်း
ပင်လောင်းသို့ ထပ်ရောက်သည့် ဖယ်ခုံ စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများ လိုအပ်
DVB
·
January 14, 2024
Pin Long IDPs need_14012024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဘက်ကို အသစ်ရောက်လာတဲ့ ဖယ်ခုံ စစ်ဘေးရှောင်တွေအတွက် မိုးကာ၊ အနွေးထည်၊ စောင်နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌

စစ်ရှောင် ၂,၀၀၀ လောက် အသစ်ရောက်လာလို့ အလှူရှင်လည်း မရှိသေးဘဲ အခု မြေကြီးပေါ်မှာပဲ အိပ်နေကြရတယ်လို့ ဆိုပါတယ်။

အသက် ၃၀ ကျော် စစ်ရှောင်အမျိုးသမီးတယောက်က “ဆန်သယ်လာဖို့ မပြောနဲ့၊ လူလွတ်ဖို့တောင် အနိုင်နိုင်ထွက်ပြေးလာရတာ။ ကားလမ်းကပိတ် တောလမ်းကနေ လာရတာ။ ခုတော့ ရွာသားတွေ ကူညီထားတာနဲ့ပဲ ချွေတာစားသောက်ပြီး အဆင်ပြေအောင် ချက်ပြုတ်တယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ အခု ဇန်နဝါရီ ၇၊ ၈၊ ၉၊ ၁၀ ရက်တို့မှာ ရောက်လာတာဖြစ်ပြီး နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အခက်အခဲကြုံရသလို အအေးဒဏ်ကိုလည်း တော်တော်ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

စစ်ရှောင်ကူညီသူတယောက်က “သူတို့ အနွေးထည်တွေ မပါဘူး။ ကျနော်တို့ ဝေပေးတဲ့ စောင်လည်း အရမ်းပါးတော့ အရမ်းအေးကြတယ် ပြောတယ်။ သူတို့က အခုတော့ စောင်၊ အနွေးထည် အဓိကထပ်လိုတယ်။ စားနပ်ရိက္ခာအပိုင်းလည်း ကြာလာလို့ အလှူရှင်မရှိရင် ရိက္ခာပြတ်လပ်နိုင်တယ်” လို့ ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေလို့ မြို့ထဲကနေ မထွက်ရသေးတဲ့သူတွေလည်း အများကြီးရှိနေတယ်လို့ သိရပါတယ်။

စစ်ရှောင်အများစုဟာ ပင်လောင်းမြို့တောင်ဘက် နမ်းဖာမူ၊ ဆောင်လန်းတောင်၊ ဆောင်လန်းမြောက်၊ ကုန်းသာ၊ ကုန်းပေါ၊ ဗန်းမောက်၊ သစ်ပင်ကောက် စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အများဆုံးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024