Home
နိုင်ငံတကာ
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝန်ကြီးချုပ်၏ ရည်းစားဟောင်း ဆေးယွန်းနီးကို ခန့်အပ်
DVB
·
January 12, 2024

ပြင်သစ်ဝန်ကြီးချုပ်သစ် ဂေဘရီယဲလ် အက်တဲလ်ရဲ့ အစိုးရအဖွဲ့သစ် စာရင်းကို ဇန်နဝါရီ ၁၁ ရက်က ကြေညာခဲ့ရာမှာ အဓိကကျတဲ့ နိုင်ငံခြားရေးဝန်ကြီး တနေရာသာ အပြောင်းအလဲ ရှိခဲ့ပြီး ပြည်ထဲရေး၊ ဘဏ္ဍာရေး၊ တရားရေးဝန်ကြီးနေရာတွေ အပြောင်းအလဲ မရှိခဲ့ပါဘူး။

နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် အသက် ၃၈ နှစ်အရွယ် စတက်ဖိန်း ဆေးယွန်းနီးကို ခန့်အပ်ခဲ့ပြီး သူဟာ မက်ခွန်းရဲ့ ရီးနေးဆန့်ပါတီမှာ လက်ရှိခေါင်းဆောင် ဖြစ်သလို ဥရောပပါလီမန်က ဥရောပပေါင်းစည်းရေးလိုလားတဲ့ လွှတ်တော်အမတ်အုပ်စုဖြစ်တဲ့ Renew Europe အုပ်စုရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

အသက် ၃၄ နှစ်သာ ရှိသေးတဲ့ ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်သစ် အက်တဲလ်ရဲ့ အစိုးရသစ် လူစာရင်းကို သမ္မတ အီမန်နျူရယ် မက်ခွန်းနဲ့လည်း သဘောတူညီပြီး ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ နိုင်ငံခြားရေးဝန်ကြီးသစ်နဲ့ ဝန်ကြီးချုပ်သစ်ဟာ ရည်းစားဟောင်းတွေ ဖြစ်နေကြတာပါပဲ။

၂၀၁၈ တုန်းက မက်ခွန်းရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးတယောက်အနေနဲ့ အက်တဲလ် စတင်ပါဝင်လာစဉ်ကတည်းက ဆေးယွန်းနီးနဲ့ ဂေးစုံတွဲဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီး သူတို့စုံတွဲ ပြတ်စဲသွားပြီလို့ ထုတ်ပြန်ထားတာမရှိပါဘူး။

ဒါပေမဲ့ အစိုးရ ရာထူးကြီး ရယူထားသူတွေဟာ ဆက်ဆံရေးတွေကို ပုံမှန်ကြေညာရတာဖြစ်ပြီး အောက်တိုဘာလက အက်တဲလ်ရဲ့ ကြေညာချက်မှာ ပါတနာမရှိလို့ ထုတ်ပြန်ထားတဲ့အတွက် နှစ်ယောက်ပြတ်စဲသွားပြီလို့ ယေဘုယျ ယူဆထားကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024