အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်မှာ အားလပ်ရက်အပြီး စာသင်ချိန်ပြန်စတင်တဲ့ နွေဦးရာသီရဲ့ ပထမနေ့ဖြစ်တဲ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ ၆ တန်းကျောင်းသားတဦး သေဆုံးခဲ့ပြီး တခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဥပဒေစိုးမိုးရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။
သံသယရှိသူဟာ ပယ်ရီ အထက်တန်းကျောင်းမှ အသက် ၁၇ နှစ်အရွယ် ကျောင်းသား ဒိုင်လန် ဘတ်တလာ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သူ့ကိုလည်း အရာရှိတွေ တုံ့ပြန်ပစ်ခတ်ခဲ့ပြီးနောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
အထက်တန်းကျောင်းကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာမှာ အိမ်လုပ် လက်ဖြစ် ဖောက်ခွဲရေး ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြည်နယ်မှုခင်းစုံစမ်းစစ်ဆေးရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး မစ်ချ် မော့ထ်ဗဒ်ထ်က သတင်းထောက်တွေကို ပြောပါတယ်။
ကျောင်းသားတွေနဲ့ ဆရာတွေ အများစု အဆောက်အဦထဲကို မဝင်ရောက်ခင် မနက် ၇ နာရီခွဲလောက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ဒဏ်ရာရသူ ၄ ဦးဟာ ကျောင်းသားတွေဖြစ်ကြပြီး ၅ ယောက်မြောက်က ကျောင်းအုပ်ချုပ်သူ ဖြစ်ကြောင်း မော့ထ်ဗဒ်ထ်က ပြောဆိုခဲ့ပြီး သူတို့ရဲ့အမည်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။
ဒိုင်လန် ဘတ်တလာဟာ ပန့်-ပစ်သေနတ်တလက်နဲ့ အသေးစား လက်ကိုင်သေနတ်တလက်တို့ကို ကိုင်ဆောင်ထားပြီး ပစ်ခတ်မှုဖြစ်ပွားချိန် ဝန်းကျင်လောက်မှာ သူဟာ ဆိုရှယ်မီဒီယာမှာ ပို့စ်တွေအများကြီး တင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ဖြစ်ရပ်ဆိုးအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အခုချိန်ထိ ရရှိထားတဲ့ သက်သေအထောက်အထား အားလုံးဟာ ဒိုင်လန် ဘတ်တလာ တဦးတည်းက ပြုမူလုပ်ဆောင်ကြောင်း ညွှန်ပြနေတယ်လို့ တာဝန်ရှိသူတွေက ပြောသွားပါတယ်။
Source/Photo-Reuters