ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၂ ရက်အထိ ၂ ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃၄ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တခြားဒေသတွေကနေ လာရောက်တဲ့ အသက် ၁၉ မှ ၆၀ နှစ်ဝန်းကျင်ရှိ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြပြီး ကလေးငယ် တယောက်လည်း ပါဝင်ပါတယ်။
မဲဆောက်မြို့အထွက် စုပေါင်းဂိတ်ကို ရှောင်ရှားသွားချိန် ထိုင်းစစ်တပ်က အခုလို ဖမ်းမိခဲ့တာဖြစ်ပြီး အလုပ်သမားတွေဟာ ဘန်ကောက်မြို့ကို သွားရောက်ဖို့ ပွဲစားကို ထိုင်းဘတ်ငွေ ၁၆,၀၀၀ ဘတ်ပေးခဲ့ရတယ်လို့ ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသမီးတဦးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှားပါး စီးပွားရေး အဆင်မပြေမှုတွေကြောင့် အလုပ်သမားတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်။