Home
မြန်မာသတင်း
မြောက်ဦး၌ စစ်တပ် ပစ်ခတ်မှုကြောင့် သီလရှင်ကျောင်းမီးလောင်၊ အမျိုးသမီး ၁ ဦးသေဆုံး၊ မြောင်းဘွေရဲစခန်းကို အေအေသိမ်း
DVB
·
December 30, 2023

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ  ဒီဇင်ဘာ ၂၉ ရက် ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သီလရှင်ကျောင်းဆောင် တဆောင်မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့ ဝါးသည်းရပ်ကွက်က ဝေဘူလသီလရှင်ကျောင်းဆောင်ကို  မနေ့ ည ၆ နာရီကျော်လောက်မှာ မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မီးလောင်ပြာကျခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီကျောင်းဆောင် မီးလောင်ကျွမ်းနေတဲ့အတွက် ဒေသခံ ပြည်သူတချို့က သွားရောက် မီးငြှိမ်းသတ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့လို့ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှာလည်း  ဒီဇင်ဘာ ၂၈ ရက်မနက်က  စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၅ ယောက်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးရုံတခုမှာ ဆေးဝါးကုသမှုခံယူနေစဥ် မိန်းကလေးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သေဆုံးခဲ့တဲ့သူကတော့ ပေါင်းတုတ်ကျေးရွာက အသက် ၁၂ နှစ်အရွယ် မအုန်ဘင်နာလီဖြစ်ပြီး ဝမ်းဗိုက်ကို လက်နက်ကြီးကျည်စထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်မနက်က သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကို ဒီဇင်ဘာ ၃၀ ရက် ဒီမနက် ၆ နာရီ ၄၉ မိနစ်မှာ ရက္ခိုင့်တပ်တော် (အေအေ) က အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အဲဒီရဲစခန်းကို မနေ့မနက် ၃ နာရီကျော်လောက်မှာ အေအေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူတွေနဲ့ ပြန်လည်ခုခံခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက် မနက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကာ ဒုရဲအုပ်တစ်ယောက်အပါဝင် ရဲ ၄ ယောက်နဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ချ အညံ့ခံခဲ့တယ်လို့ ပြောပါတယ်။

လက်နက်မချဘဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အေအေ က လိုက်လံရှင်းလင်းနေပါတယ်။

မင်းပြားအခြေစိုက် ကျိန်းတောင် အထိုင်တပ်စခန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လောင်မီးကျေးရွာနေ ဦးမောင်သန်းထွန်းရဲ့ နေအိမ်နဲ့ ကွမ်းသီးစိုက်ခင်းထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ လူတွေတော့ ထိခိုက်မှုမရှိခဲ့ပါဘူး ။

ဒီဇင်ဘာ ၂၆ ရက်ကလည်း မြောက်ဦး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို အေအေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၇ ရက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်ကနေ ၃၀ ရက် မနက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ပြည်သူ ၁၈ ယောက်သေဆုံးကာ ၃၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024