Home
ဆောင်းပါး
ကျွန် သို့မဟုတ် ရောင်းကုန်ပစ္စည်း
DVB
·
December 25, 2023

မေရီဖလားဝါးသင်္ဘောဖြင့် အင်္ဂလန်မှ နယူးအင်္ဂလန်သို့ ပြောင်းရွှေ့အခြေချသူ ၁၀၂ ဦး မရောက်သေးခင် တနှစ်အလို ၁၆၂၀ ပြည့်နှစ်ကဖြစ်သည်။ ဝှိုက်လိုင်းယန်း အမည်ရှိ ဒတ်ချ်သင်္ဘောသည် ဗာဂျီးနီးယားပင်လယ်တောင်ပိုင်းသို့ ဆိုက်ကပ်လာ၏။ ထိုသင်္ဘောပေါ်တွင် အာဖရိကန်ကျွန် အယောက် ၂၀ လိုက်ပါလာခဲ့သည်။ သူတို့မှာ မြောက်အမေရိကတိုက်သို့ ပထမဦးဆုံး လာရောက်အခြေချကြသူများဖြစ်သည်။ ၁၇ ရာစုအကုန်တွင် ကျွန်ပေါင်း ၂၀၀၀၀ ကျော်ကို အမေရိကသို့ တင်ပို့ခံရပြီးဖြစ်သည်။ အမေရိကန်၏ လွတ်လပ်ရေးကြေညာချိန် ၁၇၇၆ မှာတော့ ကျွန်ပေါင်း သန်းတဝက်နီးပါး ရှိနေပြီ ဖြစ်သည်။

ဥရောပတိုက်သားများမှာ လွတ်လပ်မှုကိုရှာဖွေရန်၊ ဘဝသစ်စတင်ရန် အမေရိကသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ အချို့ကတော့ ဆေးရွက်ကြီး၊ ဆန်၊ မဲနယ်ကဲ့သို့ စိုက်ပျိုးသီးနှံများမှတဆင့် အကျိုးအမြတ် ရယူလိုသဖြင့် ရောက်လာကြခြင်းဖြစ်သည်။ ထိုသီးနှံများကို စိုက်ပျိုး၊ ရိတ်သိမ်းခြင်းများ ပြုဖို့ဆိုလျှင် လုပ်အားများစွာ လိုအပ်၏။ ယင်းလိုအပ်ချက်ကို အမေရိကတွင် အခြေချနေထိုင်သူများရော၊ ဌာနေတိုင်းရင်းသားများကပါ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိကြပါ။ အာဖရိကန်ကျွန်များကတော့ ၎င်းတို့၏ လုပ်နိုင်စွမ်းအားကို တောင်အမေရိကနှင့် အနောက်အိန္ဒိယ ကျွန်းစုများတွင် ပြသခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ မြောက်အမေရိကရှိ စိုက်ခင်းအသစ်များအတွက် လိုအပ်နေသော လုပ်အားကို ကျွန်များကသာ ဆက်လက်ဖြည့်တင်းနိုင်ခဲ့သည်။

၁၇၊ ၁၈ ရာစုနှစ်များအတွင်း ကျွန်များကို တောင်နှင့် မြောက်အမေရိက ပင်လယ်ကမ်းခြေများမှတဆင့် တင်ပို့ခဲ့ကြရာ တောင်ပိုင်းတွင် အများဆုံးဖြစ်သည်။ ထိုနေရာရှိ စိုက်ခင်းအသစ်များအတွက် ၎င်းတို့ အလုပ်လုပ်ကြရသည်။ ၁၇၉၃ တွင် ချည်ထည်စက်ကို တည်ထွင်လိုက်နိုင်မှုကြောင့် လုပ်အားကို ပို၍ မြန်ဆန်ကြရတော့သည်။ ကျွန်များမှာ ဝါခင်းများတွင် အခြေချ လုပ်ဆောင်ရကြတော့သည်။ ထိုစိုက်ခင်းများကို တောင်ပိုင်းပြည်နယ်တလျှောက်လုံး စိုက်ပျိုးခဲ့ကြသည်။

သခင်နဲ့ ကျွန်

ယင်းသို့ ခက်ခဲပင်ပန်းသောအလုပ်နှင့် ဆိုးရွားသည့် အခြေအနေဆိုးများ ကြုံတွေ့ရသည့်တိုင် ကျွန်များက သူပုန်မထကြ။ သို့သော် သူပုန်ထမည့်အရေးကို ကျွန်ပိုင်ရှင်တို့ စိုးရိမ်ကြောက်ရွံ့လာကြသည်။ ကျွန်အရေအတွက် များလာသည့်အဆုံး၌ အမေရိကန် ကိုလိုနီနယ်များတွင် ကျွန်များထိန်းသိမ်းရေးစည်းမျဥ်းများ (ဝါ) ဥပဒေများ ပြဋ္ဌာန်းလာကြတော့သည်။ ကျွန်ပိုင်ဆိုင်မှုအများဆုံးပြည်နယ် ဗာဂျီးနီးယားတွင် ၁၆၃၉ ၌ ပထမဆုံး ကျွန်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ ထိုဥပဒေအရ “အာဖရိကန်များမှလွဲ၍ လူအားလုံးကို လက်နက်ခဲယမ်း ထောက်ပံ့ရမည် သို့မဟုတ် ဒဏ်ငွေပေးဆောင်စေရမည်” ဟု ပြဋ္ဌာန်းထားသည်။

၁၆၆၁ တွင် ကာရေဘီယန်ရှိ ဘာဘဒေါ့စ် အင်္ဂလိပ်ကိုလိုနီနယ် ဒေသတွင်လည်း အလားတူ လုပ်ဆောင်ခဲ့သည်။ ထိုနေရာတွင် စတင်စမ်းသပ် စိုက်ပျိုးထားသော သကြားစိုက်ခင်းများမှာ များစွာ အကျိုးဖြစ်ထွန်းသည်ကို တွေ့ရှိသည်။ သို့ဖြစ်ရာ အလိုလောဘကြီးသော ကျွန်ပိုင်ရှင်များက ကျွန်များကို ပိုမိုခိုင်းစေလာကြသည်။ ထိုနယ်တွင် ထိရောက်သော အမိန့်များဖြင့် အာဖရိကန်များကိုအုပ်ချုပ်ရန် ဥပဒေတရပ် ပြဋ္ဌာန်းခဲ့သည်။ ကျွန်များကို ကျွန်ပိုင်ရှင်များ၏ လက်အောက်ခံအဖြစ် ထားရှိခြင်းကို ပထမဆုံးအကြိမ် ဥပဒေဖြင့် ဖော်ပြလိုက်ခြင်းဖြစ်သည်။ ယင်းနောက်မှာတော့ အခြားသော ကိုလိုနီနယ်များဖြစ်သည့် ဂျမေကာ၊ အန်တီဂွါနှင့် အမေရိကန်တောင်ပိုင်း ပြည်နယ်များတွင် အလားတူ ဥပဒေများ ပြဋ္ဌာန်းလာကြသည်။ ထိုအထဲတွင် ဗာဂျီးနီးယားပြည်နယ်က ရှေ့ဆုံးမှဖြစ်သည်။ ထိုနယ်၏ ဥပဒေမှာ မယ်ရီလန်း၊ မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာပြည်နယ် ဥပဒေများအပေါ် များစွာ လွှမ်းမိုးခဲ့သည်။

လူအဖြစ်မှ လျှောကျခြင်း

၁၆၆၁ ဘာဘဒေါ့စ်ပြည်နယ်၏ ကျွန်ဥပဒေအရ ခရစ်ယာန်ဘာသာဝင်များအပေါ် အကြမ်းဖက်မှု ကျူးလွန်သော မည်သည့်ကျွန်ကိုမဆို ကြီးလေးသောပြစ်ဒဏ်များ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေအရ ကျွန်များကို အကာအကွယ်ပေးရမည် ဆိုပြီး ဖော်ပြထားသေးသည်။ ယင်းသို့ ကျွန်များ၏ အကျိုးစီးပွားကို ကာကွယ်သယောင် ဟန်ပြထားသော်လည်း တကယ်တမ်းမှာ ကျွန်ပိုင်ရှင်များက အလုံးစုံ ထိန်းချုပ်ရန်သာ ရည်ရွယ်ထားသည်။ ကျွန်များကို ကျွန်ပိုင်ရှင်တို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းသဖွယ် သဘောထားသည်။ အခွင့်အရေးရှိသောလူများသဖွယ် သဘောမထားတော့ဘဲ တိရစ္ဆာန်များကဲ့သို့ ရောင်းလိုရောင်း၊ ဝယ်လိုဝယ်သာ သတ်မှတ်ထားကြသည်။ ၁၇၀၆ ဗာဂျီးနီးယားဥပဒေအရဆိုလျှင် “ရွှေ့ပြောင်းနိုင်သောပစ္စည်း” တင် မကတော့ဘဲ “အမွေပစ္စည်း” တရပ် အနေနဲ့ပါ ကျွန်များကို သတ်မှတ်ခဲ့ကြတော့သည်။ ယင်းစကားရပ်အရ ကျွန်များကို ၎င်းတို့၏ ပိုင်ရှင်များသာမက သားစဥ်မြေးဆက်အထိ ပိုင်ဆိုင်ကြတော့မည် ဖြစ်သည်။

ကျွန်ပိုင်ရှင်များက ၎င်းတို့၏ ဥပဒေပါ ပြဋ္ဌာန်းချက်များကို နည်းအမျိုးမျိုးဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြသည်။ ကျာပွတ်ဖြင့်ရိုက်ခြင်း၊ တံဆိပ်ရိုက်ခြင်း၊ ထောင်ချခြင်းတို့မှာ အတွေ့ရအများဆုံး ပြစ်ဒဏ်များဖြစ်သည်။ သေဒဏ်ပေးခြင်းမှာတော့ မတွေ့ရသလောက်ပင်။ ကျွန်များ အသက်သေဆုံးသွားပါက ခိုင်း၍မရတော့ဘဲ အလကားနေရင်း လုပ်အားဆုံးရှုံးသွားမှာကို စိုးရိမ်သည့်အတွက်ကြောင့်ပဲ ဖြစ်သည်။ သတ်မှတ်ထား‌သော ဥပဒေကို ဘောင်ကျော်လုပ်ဆောင်သော ကျွန်ပိုင်ရှင်များကိုတော့ မည့်သည့်ပြစ်ဒဏ် သတ်မှတ်မှုမှ မရှိပေ။ ပြောဆိုဆုံးမရင်း ခြေလွန်လက်လွန် ဖြစ်သွားလျှင်တောင် အရေးယူခံပိုင်ခွင့်မရှိကြောင်း ၁၇၀၅ ခုနှစ် ဗာဂျီးနီးယားဥပဒေအရ သိရှိနိုင်သည်။ နောက်ပိုင်းဥပဒေများတွင်‌တော့ ကျွန်ပိုင်ရှင်များအပေါ် ဥပဒေအရ ကန့်သတ်ချက်များ ထားရှိလာကြသည်။ သို့သော် ကျွန်ပိုင်ရှင်တယောက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရလျှင်တောင်မှ ကျွန်တယောက် အများဆုံးမျှော်လင့်နိုင်သည်မှာ ၎င်းအား ပိုမိုစာနာမှုရှိ‌သော အခြားကျွန်ပိုင်ရှင်ထံ ၎င်းအား ရောင်းချခံရဖို့သာ ဖြစ်သည်။

အခြေခံလွတ်လပ်ခွင့်များ ကန့်သတ်ခြင်း

တောင်ပိုင်းတွင် မြို့များ ကြီးထွားလာခြင်းနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက် များပြားလာခဲ့သည်။ ကျွန်ပိုင်ရှင်များကလည်း ၎င်းတို့ အကျိုးအမြတ်အတွက် ကျွန်များကို ငှားရမ်းလာကြသည်။ ထိုကျွန်များမှာ ပါမစ်ကတ်ကိုသော်လည်းကောင်း သယ်ဆောင်ရသည်။ သို့မဟုတ် ကြေးနီရောင် အမည်ကတ်ပြားများကို ဆွဲထားကြရသည်။ သို့မှသာ ၎င်းတို့သည် ကျွန်ပိုင်ရှင်၏ ခွင့်ပြုမိန့်ဖြင့် သွားလာနိုင်သူများဖြစ်ကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။ နယူးယောက်နှင့် အခြားမြို့များတွင်မူ အကယ်၍ ကျွန်များအနေနှင့် ညကြီးသန်းခေါင် လမ်းလျှောက်ထွက်လျှင်ဖြစ်စေ၊ စုစုရုံးရုံး ရှိနေကြလျှင်ဖြစ်‌စေ ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

၁၈၃၀ ခုနှစ်များ မတိုင်ခင်အထိ ကျွန်များကို အရေးအဖတ် သင်ပေးလိုက သင်ကြားပေးနိုင်သည်။ ၁၈၃၁ နတ်တားနား ပုန်ကန်မှု ပေါ်ပေါက်လာသည့် အခါမှာတော့ ကျွန်များနေထိုင်ရာ ပြည်နယ်အများစုတွင် ထိုသို့ သင်ကြားခွင့်များကို ပိတ်ပင်လိုက်တော့သည်။ ၁၈၃၁ နှင့် ၁၈၃၂ ဥပဒေများအရ ဗာဂျီးနီးယားပြည်နယ်တွင် ကျွန်အဖြစ်မှ လွတ်မြောက်သွားသော ကျွန်ဟောင်းများကိုပင် ပညာသင်ကြားခွင့်မရှိဟု ပြဋ္ဌာန်းလိုက်သည်။ ဒါ့အပြင် ကျွန်များမှာ ဥပဒေကြောင်းအရ လက်ထပ်ထိမ်းမြားခွင့်လည်း မရှိ။

သို့သော် ဒီကိစ္စမှာတော့ ကျွန်ပိုင်ရှင်များကိုယ်တိုင် လက်ထပ်ခွင့်ပေးထားသည်။ အ‌ကြောင်းမှာ အိမ်ထောင်ကျသွားသော ကျွန်များမှာ ပို၍ အခြေတကျ နေထိုင်တတ်လေ့ရှိပြီး ပုန်ကန်လိုစိတ်လည်း မရှိတော့ပြီဟူ၍ ကျွန်ပိုင်ရှင်များက ယုံမှတ်ထားကြလို့ပဲ ဖြစ်သည်။ ဒါ့အပြင် ယင်းသို့ အိမ်ထောင်ပြုလိုက်ခြင်းကြောင့် သားသမီးများ မွေးဖွားလာကာ ခိုင်းစားလို့ရမည့် ကျွန်အရေအတွက် ပိုမိုများပြားလာသည်ဟု ကျွန်ပိုင်ရှင်တို့က တွက်ချက်ထားကြခြင်း‌ကြောင့်လည်း ဖြစ်သည်။ ကျွန်မိသားစုဝင် တဦးဦးကို အခြားကျွန်ပိုင်ရှင်တဦးဦးထံ ရောင်းချလိုက်ပြီဆိုလျှင်တော့ အိမ်ထောင်ရေးကို မဖြစ်မနေ အဆုံးသတ်ကြဖို့ ကြိုတွေးထားကြရပြန်သည်။ ယင်းသို့ ကျွန်များ၏ ပုဂ္ဂိုလ်ရေးကိစ္စများအတွက် ထိန်းချုပ်ခြင်းမှာ အခြားတဖက်တွင် လူမျိုးရေးသန့်စင်မှုအတွက် အထောက်အကူ ဖြစ်စေခြင်း‌ကြောင့်လည်း ဖြစ်သည်။

ကျွန်ပိုင်ရှင်ယောက်ျားများမှာ မကြာခဏဆိုသလို ကျွန်အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အခွင့်အရေး ယူလေ့ရှိကြသည်။ အကယ်၍ ကျွန်အမျိုးသမီးနှင့် နယ်ကျွံမိရင်တောင်မှ မွေးဖွားလာသည့် သားသမီးတာဝန်အတွက် ဖခင်နှင့်မသက်ဆိုင်ဘဲ မိခင်နှင့်သာ သက်ဆိုင်ကြောင်း ဥပဒေများတွင် အတိအလင်း ဖော်ပြထားသည်။ ၁၆၆၂ ခုနှစ် ဗာဂျီးနီးယားဥပဒေအရ ဤတိုင်းပြည်တွင် မွေးဖွားသည့် ကလေးများ၏ ကံကြမ္မာမှာ ၎င်းတို့မိခင်၏ ဘဝအခြေအနေပေါ်တွင် မူတည်သည်ဟု ဖော်ပြထားပါသည်။ သွေးနှောသည့်ကလေး အပါအဝင် ကျွန်အမျိုးသမီးမှ မွေးဖွားလာသည့်ကလေးမှာ ကျွန်ပဲဖြစ်ရမည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။

ဒါ့အပြင် လူမျိုးအချင်းချင်းကြားရှိ တည်ငြိမ်သော ဆက်ဆံရေးများကို ဖြတ်တောက်ရန် ကျွန်ဥပဒေများကို လုပ်ဆောင်ခဲ့ကြသည်။ လူမျိုးအချင်းချင်းကြား အိမ်ထောင်ပြုခြင်းကို တားဆီးရန် ၁၆၆၄ တွင် ပထမဆုံးသော “သွေးနှောမှုဆန့်ကျင်ရေးဥပဒေ” ကို ပြဋ္ဌာန်းခဲ့ရာ များမကြာမီ အခြားသော ကိုလိုနီနယ်များ၌ပါ လိုက်နာကျင့်သုံးခဲ့ကြသည်။

ပြည်တွင်းကျွန်ပြုမှု

၁၈၀၇ ခုနှစ်တွင် အမေရိကန်၌ ကျွန်ကုန်ကူးမှု တရားဝင်အဆုံးသတ်သည့် ဥပဒေကို သမ္မတ ဂျက်ဖာဆင်က လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ကျွန်ပြုခြင်း ပြီးဆုံးသွားပြီဟု မှတ်ယူလို့မရသလို ကျွန်ဥပဒေများ တခန်းရပ်သွားပြီလို့ပင် မဆိုနိုင်ချေ။ အပေါ်ယံအားဖြင့် ကြည့်လျှင်တော့ အမေရိကန်တွင် ကျွန်ကုန်ကူးမှု ပြီးဆုံးသွားပြီ ထင်ရသော်လည်း ကျွန်မှောင်ခိုစျေးကွက်မှာ တနေ့တခြား ကြီးထွားလာခဲ့သည်။ ဝါဂွမ်းစျေးကွက်နှင့်အတူ ကျွန်အရောင်းအဝယ် ကောင်းလာခဲ့သည်။ ကျွန်အမျိုးသမီးများကို ကလေးမွေးဖွားရန် တွန်းအားပေးကြသလို ၁၃ နှစ်အရွယ် အမျိုးသမီးငယ်များကိုပင် မိခင်ဘဝပြောင်းလဲဖို့ မြှောက်ပင့်ခိုင်းစေကြသည်။ ရည်ရွယ်ချက်မှာ တခုတည်း။ ကျွန်အရေအတွက် တိုးပွားလာဖို့ပဲ ဖြစ်သည်။

၁၈၆၁ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားချိန်၌ ကျွန်ကုန်သွယ်သည့် ပြည်နယ်ပေါင်း ၁၅ ခု ရှိနေသည်။ ထိုပြည်နယ်အားလုံးတွင် ကျွန်ဥပဒေများ ရှိသည်။ ၁၈၆၅ တွင် ကျွန်စနစ်ကို တရားဝင် ဖျက်သိမ်းလိုက်ပြီ ဆိုသော်ငြား တရားမဝင်ဥပဒေများမှာ တောင်ပိုင်းပြည်နယ်များ၌ ရှိနေကြတုန်းဖြစ်သည်။ ယင်းဥပဒေများဖြင့် ကျွန်ဖြစ်ခဲ့သူများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ထားသည်။ လုပ်ခလစာ လျှော့ချထားသည်။‌ နောက်ထပ် နှစ်ပေါင်းတရာအကြာ ၁၉၆၄ တွင် နိုင်ငံသားအခွင့်အရေးဥပဒေ ပြဋ္ဌာန်းလိုက်သည့် အခါမှသာ အာဖရိကန် အမေရိကန် နွယ်ဖွားများမှာ လူဖြူကျွန်ပိုင်ရှင်များနည်းတူ တရားဥပဒေရေးရာ အခွင့်အရေးများတွင် တန်းတူညီမှု ရရှိလာခဲ့ကြပါသည်။

သပြေညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024