Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာ ၁ ရွာကို မီးရှို့
DVB
·
December 24, 2023

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံ ၁ ယောက်ကို သတ်ဖြတ်ပြီး ရွာတရွာကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၁ ရက်က စတင်ပြီး ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ကင်မွန်းတော် ပျူစောထီးရွာကို ခဲယမ်း၊ ရိက္ခာတွေ ပို့ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ စစ်ကြောင်းပြန်ထွက်လာချိန်မှာ ညောင်ပင်တဲရွာကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူတယောက်ကိုလည်း သတ်ဖြတ်ထားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ပြည်သူ ၁ ဦးကိုလည်း သတ်သွားပါတယ်။ အခုအချိန်ထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှင်းလင်းရေးလုပ်နေတယ်လို့ သိရပါတယ်။ ဒီတခါ စစ်ကြောင်းက ကြာတယ်ရှင့်” လို့ ပြောပါတယ်။

ညောင်ပင်တဲရွာမှာ အိမ်ခြေ ၃၀၀ လောက်ရှိပြီး ၁၂၅ အိမ် မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီ  မီးဘေးသင့်ပြည်သူတွေ စားဝတ်နေရေး ယာယီအဆင်ပြေစေဖို့အတွက် တောင်ကိုရီးယားနိုင်ငံ ဒယ်ကူးမြို့ Phoenix FC နဲ့ RMA က လှူဒါန်းတဲ့ ဆန်နဲ့ အ‌‌ခြေခံစား‌သောက်ကုန်တွေကို ချောင်းဦးမြို့နယ်၊ လူငယ်အင်အားစုသပိတ်ကော်မတီက သွားရောက်ကူညီပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ညောင်ပင်တဲကျေးရွာအတွက် စားသောက်ကုန်တွေ၊ အမိုးအကာတွေ လိုအပ်ချက်များတာကြောင့် ကူညီလိုသူတွေအနေနဲ့ ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီက တဆင့် ဆက်သွယ် လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။သပိတ်ကော်မတီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကြောင့် ချောင်းဦးမြို့ပေါ်ကနေ ဘေးလွတ်ရာ ကျေးရွာတွေဆီကို ခေတ္တစစ်ဘေးရှောင်နေရသူဦးရေ ၁,၀၀၀ လောက်အတွက် ဆန်၊ ဆီနဲ့ ငွေသားတွေ သွားရောက်ကူညီပံ့ပိုးပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024