Home
နိုင်ငံတကာ
ဂါဇာတွင် ဟားမတ်စ်ခေါင်းဆောင်များ အသုံးပြုသည့် ဥမင်လိုဏ်ခေါင်းများ တွေ့ရှိ
DVB
·
December 21, 2023

ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်ခေါင်းဆောင်တွေ အသုံးပြုကြတဲ့ ဥမင်လိုဏ်ခေါင်း ကွန်ရက်ကို အစ္စရေး မြေပြင်တပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ဒီဇင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှ စီစဉ်ကြိုးကိုင်သူတွေလို့ ယူဆထားတဲ့ ယာယာဆင်န်ဝါ၊ အစ္စမေးလ် ဟာနီယာနဲ့ မူဟမ်မဒ် ဒေ့ဖ် တို့လို အကြီးတန်း ဟားမတ်စ်အဖွဲ့က မှတ်ပုံတင်ထားတဲ့ အိမ်ရာတွေကနေ နက်ရှိုင်းတဲ့ ဥမင်လိုဏ်ခေါင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ဟာဂါရီက “ဒီအခြေခံအဆောက်အအုံတွေကနေ သူတို့ဟာ ခေါင်းဆောင်ပိုင်းတွေနေကြတဲ့ ဂါဇာမြို့လယ်ကနေ ဂါဇာကမ်းမြောင်ထဲကို ရွေ့လျား ဖြန့်ကြက် သွားနိုင်ကြပြီး ရှီဖာဆေးရုံကို သွားနိုင်တယ်။ အဲဒီကနေ လူနာတင်ကားနဲ့ ထွက်ခွာပြီး တောင်ဘက်ကို ခရီးထွက်မယ်။ ရှီဖာဆေးရုံကို ပြန်လာပြီး ကွန်ရက်ထဲပြန်ဝင်၊ ထပ်ရွှေ့ပြောင်း၊ မြောက်ဘက်ကိုသွား၊ ရန်တီစီ ဆေးရုံအထိ ရောက်ကြတယ်” လို့ ပြောပါတယ်။

သိပ်မကြာသေးတဲ့ ရက်ပိုင်းအတွင်း မြို့တော်ရဲ့ ဗဟိုဧရိယာကို စစ်သားတွေက သိမ်းပိုက်လိုက်ချိန်မှာ ဥမင်လိုဏ်ခေါင်းတွေကို တွေ့ရှိခဲ့တာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ပီတာ လာရ်နာက သတင်းထောက်တွေ ပြောပါတယ်။

ခရုပတ်လှေကားတွေနဲ့ မြေပြင်အောက် မီတာ ၂၀ အထိမြင့်တဲ့ ဓာတ်လှေကားနဲ့ ဝင်ရောက်ကြည့်ရှုခဲ့ရာမှာ ဥမင်လိုဏ်ခေါင်းတွေမှာ လျှပ်စစ်မီး၊ ရေပိုက်တွေ၊ စောင့်ကြည့်ကင်မရာတွေနဲ့ ပေါက်ကွဲဒဏ် ခံနိုင်ရည်ရှိတဲ့ တံခါးတွေကို တပ်ဆင်ထားကြောင်း စစ်တပ်မှ သတင်းထောက်တွေဆီ ဓာတ်ပုံတွေကို မျှဝေထားပါတယ်။

ဟားမတ်စ်တွေဟာ လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ အရပ်သားတွေကြားမှာ ဥမင်လိုဏ်ခေါင်းတွေနဲ့ တခြားစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တမင်တကာ နေရာချထားကြောင်း အစ္စရေးက စွပ်စွဲထားပါတယ်။

အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားတဲ့ ဟားမတ်စ်အဖွဲ့ဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024