Home
မြန်မာသတင်း
ကလေး-သိုင်းငင်း- တီးတိန်လမ်း ၃ ရက် ပြန်ဖွင့်
DVB
·
December 18, 2023

စစ်ဆင်‌ရေးအ‌ခြေအနေအရ ၃ ပတ်နီးပါး ပိတ်ထားတဲ့ စစ်ကိုင်းတိုင်း  ကလေးမြို့နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်း-တီးတိန်လမ်းကို ဒီဇင်ဘာ ၁၈ ရက်ကစပြီး ၃ ရက် ပြန်ဖွင့်ပေးလိုက်တယ်လို့ CDF-Civic Defense Militia -CDM-Siyin အဖွဲ့က ပြောပါတယ်။

စစ်ရေးအခြေအနေအရ အဲဒီလမ်းကို နိုဝင်ဘာ ၂၇ ရက်တည်းက လုံခြုံရေးအရ ခေတ္တပိတ်ထားတာဖြစ်ပြီး လတ်တလော အတက်ကားတွေကို ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ 

CDF-CDM-SIYIN အဖွဲ့ရဲ့ တာဝန်ခံက "အောက်ပိုင်းဘက်က ဆင်းခဲ့တဲ့ အဆင်းကား‌တွေကိုပဲ ၁၈၊ ၁၉၊ ၂၀ သုံးရက် လွှတ်‌ပေးမှာပါ။ အတက်ကားတွေကိုတော့ လုံးဝခွင့်မပြုသေးဘူး" လို့ ပြောပါတယ်။

လမ်းပိတ်ထားတာကြောင့် ဖလမ်းမြို့နယ်၊ ဗားလုံရွာအနီးမှာ ကားအစီးရေ ၁၀၀ ကျော် ပိတ်မိနေခဲ့တာပါ။

ကလေးမြို့ခံတဦးက "ပိတ်မိနေတဲ့ကားတွေ ဆင်းခဲ့ရတော့ အဆင်ပြေသွားတာပေါ့။ တချို့ကားတွေက ဗားလုံရွာက နေဝေဘူလဘက် ပြန်လှည့်ပြီး နတ်ချောင်းဘက်က ဆင်းခဲ့ကြသေးတယ်။ အဲဒီနတ်ချောင်းလမ်းပါ ပိတ်သွားတော့ ကားတွေက ထွက်လို့မရ ဖြစ်သွား တာ။ ဒီကာလမှာ ကားသမားတွေနဲ့ ခရီးသွားတွေလည်း တော်တော်ဒုက္ခရောက်တယ်" လို့ ပြောပါတယ်။

အဆိုပါလမ်းဟာ ချင်းပြည်နယ်ရဲ့ ကုန်စည်ဆက်သွယ်‌ရေးနဲ့ မြန်မာ-အိန္ဒိယကုန်သွယ်ရေးမှာ အရေးပါတဲ့လမ်းဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024