Home
မေးမြန်းခန်း
လုံခြုံရေးတပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့ (SFM) ဒါရိုက်တာ တိုနီဝေလ်ဆင်နှင့် မေးမြန်းချက် 
DVB
·
December 14, 2023

အမေရိကန်နိုင်ငံ နယူးယောက်ခ်အခြေစိုက် လုံခြုံရေးတပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့ (SFM: Security Force Monitor) က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ “ဘယ်သူ အမိန့်ပေးသလဲ” (Under Whose Command?) ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ ဖော်ပြထားတာတွေဟာ  ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်ကနေ ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်အထိ ၁၂ နှစ်တာကာလအတွင်း မြန်မာစစ်တပ်ရဲ့ အဆင့်ဆင့် အမိန့်ပေးစေခိုင်းမှုယန္တရားကို ပြည့်ပြည့်စုံစုံ  မှတ်တမ်းတင်ထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး  SFM Project ရဲ့ ဒါရိုက်တာဖြစ်တဲ့ မစ္စတာ တိုနီဝေလ်ဆင် (Mr. Tony Wilson) ကို DVB  သတင်းဌာနမှ မယမင်းမြတ်အေးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ လုံခြုံရေးတပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့ (SFM: Security Force Monitor) ဆိုတာ ဘယ်လိုစီမံကိန်းမျိုးဖြစ်တယ်ဆိုတာနဲ့  ဘယ်လိုအကြောင်းအရာတွေကို အဓိက အာရုံစိုက်ပြီး လုပ်နေတယ်ဆိုတာလေး အရင်ပြောပြပေးပါဦး။

ဖြေ။ ။  “ဟုတ်ကဲ့ ကျေးဇူးပါ။ ကျနော်တို့ SFM Project  ဆိုတာက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တည်ရှိပါတယ်။ နယူးယောက်မြို့ ၊ ကိုလံဘီယာတက္ကသိုလ်၊ လူ့အခွင့်ရေးဌာန က ပြုလုပ်ခဲ့တဲ့ စီမံကိန်းတခုပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ သတင်းအချက်အလက်တွေကို စုဆောင်းပြီးတော့မှ  ပြစ်မှုကျူးလွန်မှုတွေအပေါ် အဆင့်ဆင့် အမိန့်ပေးခိုင်စေမှုနဲ့ ပတ်သက်ပြီး လှုပ်ရှားလည်ပတ်နေတဲ့ ယန္တရားတခုလုံးကို ပုံဖော်ရတဲ့ အလုပ်ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ဖို့  ခိုင်းစေသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သတ်မှတ်နိုင်ဖို့နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိနေတဲ့ အစိုးရတွေနဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲ၊ စစ်တပ်နဲ့ တခြားလုံခြုံရေးဆိုင်ရာ တပ်ဖွဲ့တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင် ကြိုးပမ်းရတာမျိုးလည်း ပါဝင်ပါတယ်။”  

“ဒီစီမံကိန်းကို ၂၀၁၆ ခုနှစ်မှာ  စတင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၂၀ လောက်မှာ ရှိတဲ့   စစ်တပ်၊ ရဲ  (ဒါမှမဟုတ်) တခြားလုံခြုံရေးတပ်ဖွဲ့တွေအကြောင်းတွေကို မှတ်တမ်းတင်ပြီးခဲ့ပါပြီ။  အစပိုင်းမှာတော့ မက္ကစီကိုနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို  အာရုံစိုက်ပြီး လေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ တခြားနိုင်ငံတွေကိုပါ ထပ်တိုးလေ့လာခဲ့တာပါ။ ဆာဟာရ ဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ ယီမင်မှာ ဆော်ဒီက ဝင်ရောက်စွက်ဖက်တာတွေ၊ အခုတော့ မြန်မာနိုင်ငံ ကိစ္စတွေ ပါလာပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အနေအထားတွေကို လေ့လာမှတ်တမ်းတင်ခဲ့ပါတယ်။ ဒါတွေက ကျနော်တို့ သုတေသနလုပ်ရတဲ့ ပုံစံကိုပြောပြတာပါ။ တနည်းအားဖြင့် အချက်အလက်တွေ အားလုံးကိုစုပေါင်းပြီး အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်အောင် လုပ်ပေးရတာမျိုးပါ။ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို စိတ်ဝင်စားတဲ့ သတင်းထောက်တွေ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေအတွက် ရည်ရွယ်သလို လက်နက်ကိုင်အဖွဲ့တွေရဲ့ ဥပဒေဖောက်ဖျက်ကျူးလွန်မှုတွေကို အရေးယူလိုတဲ့သူတွေ အတွက်လည်း အထောက်အပံ့ဖြစ်စေဖို့လည်း မျှော်လင့်ပါတယ်။”

မေး။ ။  အခု SFM အစီရင်ခံစာဖြစ်တဲ့ ဘယ်သူအမိန့်ပေးသလဲ (Under Whose Command?) မှာ အဓိက ဇောင်းပေး ဖော်ပြထားတာ ဘာတွေများဖြစ်မလဲ။

ဖြေ။ ။  “အဓိက အကြောင်းရင်းလို့ပြောရရင် ဒီ ၁၂ နှစ် တာကာလအတွင်း မြန်မာနိုင်ငံအနှံ့က ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေရဲ့ အမိန့်ပေးစေခိုင်းမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စစ်ဆေး အတည်ပြုပေးထားတာဖြစ်ပါတယ်။ အဲဒီထဲက တပ်မှူး အယောက် ၈၀ နီးပါး (ရာခိုင်နှုန်း ၆၀) ကျော်ဟာ အမိန့်ပေးစေခိုင်းသူတွေအဖြစ် စွပ်စွဲခံထားရတာဖြစ်ပါတယ်။ ဆိုလိုတာက လက်အောက်ခံတပ်ဖွဲ့တွေ ကျူးလွန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ မတရား ဖမ်းဆီးမှုတွေဟာ အထက်က ပုဂ္ဂိုလ်တွေရဲ့ အမိန့်ကြောင့်လို့ စွပ်စွဲထားတာမျိုးတွေ ဖြစ်ပါတယ်။   ဒီအချက်အလက်တွေက  နိုင်ငံတွင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ ပြည်တွင်းပြည်ပက NGO တွေ၊ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွေမှာ တိုက်ရိုက် စွပ်စွဲထားကြတဲ့ အချက်တွေ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သုတေသန စာတမ်းထဲမှာ ဖော်ပြထားတာကတော့  ပြစ်မှုတခုမဟုတ် တခု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူတွေကို အတည်ပြု သတ်မှတ်ဖော်ပြပေးထားပါတယ်။ စွပ်စွဲခံထားရတဲ့သူတွေဟာ  အဲဒီပြစ်မှု ကျူးလွန်ချိန်မှာ ဘယ်အဆင့်မျိုးမှာ ရှိနေသလဲ၊ ဒီအမိန့်ပေးယန္တရားမှာ ဘယ်လို ပါဝင် ပတ်သက်နေသလဲ၊ ဘာတွေ လုပ်ခဲ့သလဲဆိုတာတွေကို အဆင့်ဆင့် မှတ်တမ်းတင်ထားပါတယ်။ အမိန့်ပေးခိုင်းစေခဲ့တဲ့ သက်ဆိုင်ရာ ဗိုလ်ချုပ်အဆင့်တွေအထိ မှတ်တမ်းတင်ထားတာမျိုးပါ။”  

“ဒီနေရာမှာတွေ့ရှိရတဲ့ ထူးခြားချက်ကတော့ အဲဒီလို ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့  (အနည်းဆုံးတစ်ကြိမ်ပဲဖြစ်ဖြစ်) စွပ်စွဲခံထားရတဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ တဝက်ကျော်ဟာ အဲဒီလိုအသံတွေ ထွက်လာပြီး မကြာခင်  ရာထူးတိုးသွားခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။  ရာထူးအဆင့်ဆင့်ကို ကျော်တက်သွားတာမျိုးတွေတောင် တွေ့ရပါတယ်။ နောက်ဆုံး တချက်ကတော့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ တာဝန်ယူခဲ့ဖူးသမျှ သူတိုင်းလိုလိုဟာ သူတို့တာဝန်ကျနေစဉ် ကာလတလျှောက် မတရားမှုတွေ ကျူးလွန်ဖို့ အမိန့်ပေးစေခိုင်းဖူးသူတွေ ဖြစ်နေတယ်ဆိုတာပါပဲ။ တွေ့ရှိချက်တွေအရဆိုရင် ကရင်ပြည်နယ်နဲ့   ရှမ်းပြည်နယ်အပြင် တခြားဒေသတွေမှာလည်း ဒေသကွပ်ကဲဖို့ တာဝန်ကျတဲ့ တပ်ဖွဲ့ ခေါင်းဆောင်တွေ ရှိကြပါတယ်။ တခါ သူတို့ရဲ့အပေါ်မှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ရှိနေကြတယ်။ တခါ အထူးစစ်ဆင်ရေးတွေ၊ ပူးတွဲခေါင်းဆောင်မှုတွေ စသဖြင့်လည်း ရှိကြပါတယ်။ အပေါ်ကနေ အောက်အထိ အဆင့်ဆင့် ဆင်းသက်လာတဲ့ ပုံစံကိုလေ့လာကြည့်ရင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာလည်း သူတို့တာဝန်ယူထားစဉ်ကာလမှာ ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်ဆိုတာမျိုး တွေ့ရှိရပါတယ်။”

မေး ။ ။ အဲဒီ ၁၂ နှစ်ကြာကာလအတွင်းမှာ တွေ့ရှိရတဲ့ အချက်တွေထဲမှာ  စစ်ရာဇဝတ်မှု (ဒါမှမဟုတ်) လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်နဲ့ သတ်မှတ်နိုင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေလို့ပြောရင် ဒီလိုချိုးဖောက်မှုအဖြစ် ညွှန်းဆိုနိုင်တဲ့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိခဲ့တာများ ရှိပါသလား။

ဖြေ ။ ။  “တကယ့်မေးခွန်းကောင်းပဲ။ ကျနော်တို့ ဒီစစ်တမ်းကို ပြုစုရတဲ့အကြောင်းတွေထဲက တချက်က စစ်ရာဇဝတ်မှု ဒါမှမဟုတ်ရင်လည်း လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဖြစ်နဲ့ အမှုဆင်ရတဲ့နေရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို စုစည်းတင်ပြနိုင်ဖို့ဖြစ်ပါတယ်။ ကျူးလွန်မှုတခုချင်းစီအတွက် တရားဝင်သက်သေအထောက်အထားတွေအဖြစ်နဲ့  တင်ပြနိုင်ဖို့ လိုသလို ဒီပြစ်မှုတွေရဲ့ သဘောသဘာဝတွေကို စုစည်းတင်ပြနိုင်ဖို့လည်းလိုပါတယ်။ ဒီပြစ်မှုတွေကို စနစ်တကျ အကွက်ဆင် ကျူးလွန်ခဲ့သလား၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြတာလား၊ မူဝါဒတခု  ချမှတ်ပြီး လုပ်ဆောင်ခဲ့တာမျိုးလား။ ဒါက နိုင်ငံတော်အဆင့် မူဝါဒလား၊ ကျူးလွန်သူတွေဟာ ဒီမူဝါဒအောက်က အစိတ်အပိုင်းတခုလား အဲဒီလိုမျိုးတွေပေါ့။  တရားရုံးမှာ သူတို့ကို စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့  စွဲချက်တင်တဲ့အခါ အဓိကထည့်သွင်းစဉ်းစားရတဲ့ အချက်တွေရှိပါတယ်။ အဲဒါက အဆင့်ဆင့် အမိန့်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဆိုလိုတာက ဒီ အမိန့်ပေးစေခိုင်းမှု ယန္တရားမှာ ပြစ်မှုတွေကို ဘယ်လောက်အတိုင်းအတာအထိ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့သလဲဆိုတာ ဖြစ်ပါတယ်။”

“ကျနော်တို့ရဲ့ စစ်တမ်းမှာ ရရှိထားတဲ့ တွေ့ရှိချက်တွေကို တရားရုံးမှာ အမှုစွဲဆိုတဲ့အခါမှာ အသုံးချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဥပမာ ကချင်ပြည်နယ်ကို စောင့်ကြည့်ရတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ကျခဲ့ဖူးတဲ့ ဗိုလ်ချုပ်တွေ အကုန်လုံးနီးပါးဟာ ဒီလို ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အထက်လူကြီးတွေ၊ အထူးစစ်ဆင်ရေး အဖွဲ့တွေကလည်း ဒီလို ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်။ ဒီအချက်အလက်တွေဟာ စစ်ရာဇဝတ်မှု (ဒါမှမဟုတ်) လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ  ကျူးလွန်ခဲ့ပါတယ် ဆိုတာကို တရားရုံးမှာ သက်သေအဖြစ်တင်သွင်းဖို့ အရေးပါတဲ့ တွေ့ရှိချက်တွေ ဖြစ်တယ်။ ဒီအစီရင်ခံစာမှာ တရားစွဲဆိုရာမှာ အသုံးချနိုင်မယ့် အချက်အလက်တွေ အများကြီး ပါဝင်ပါတယ်။”

မေး။ ။ သက်သေ အထောက်အထားနဲ့ မှန်ကန်တဲ့ အချက်အလက်တွေကို ရှာဖွေ စုဆောင်းရတာဟာ တော်တော်လေးတော့ ခက်ခဲတဲ့အလုပ်တွေပါ။ ဆိုတော့ ဒီ SFM Project ရဲ့  ရှာဖွေတွေ့ရှိမှုတွေဟာ ဘယ်အတိုင်းအတာလောက်ထိ ခိုင်မာအားကောင်းသလဲ ဆိုတာသိချင်ပါတယ်။

ဖြေ။ ။ “ဟုတ်ကဲ့၊ ကျနော်တို့ ဒီအချက်အလက်တွေကို စုဆောင်းတဲ့ အခါမှာ ခက်ခဲတဲ့အပိုင်းတွေ ရှိပါတယ်။ အဲဒါက  ရရှိလာတဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးရတာပါ။ တခါတခါ ရရှိတဲ့ သတင်းအရင်းအမြစ်တွေက တနေရာစီက ဖြစ်နေတတ်ပါတယ်။ ဒါက တပိုင်းပါ။ နောက် ကျနော်တို့လိုတဲ့ အချက်အလက်တွေကို ရှာဖွေနိုင်တဲ့ သတင်းရစ်မြစ်ကောင်းတခုကတော့ Global New Light of Myanmar သတင်းစာလို့ ပြောရမှာပါ။  အမှန်တော့ ဒါက သူတို့ ကိုယ်တိုင် ထုတ်ပြန်ခဲ့တဲ့ သတင်းတွေပါပဲ။”

“ဘယ်သူတွေက ဘယ်အချိန်မှာ ဘယ်တပ်ကို ကြီးကြပ်ကွပ်ကဲနေတယ်၊ သူတို့ရဲ့ ရာထူးအဆင့်က ဘယ်အဆင့်ဆိုတာတွေကို ဒီအထဲကပဲ သိရတာပါ။  ဒါပေမဲ့ တချို့ မှားယွင်းနေတာတွေလည်း တွေ့ရပါတယ်။ ဥပမာ သူတို့ ထုတ်ပြန်တဲ့ သတင်းတခုမှာဆိုရင် ရှမ်းပြည်နယ်မှာ  ဖြစ်ခဲ့တဲ့ ကိစ္စတခုအကြောင်း၊ အဲဒီတုန်းက ကွပ်ကဲတဲ့ တပ်မှူးက  ဗဟိုဌာနချုပ် ( Central Command) မှာလို့ သူတို့ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီရှမ်းပြည်နယ်မှာကတော့ (Central Command) ဆိုတာ မရှိဘူး။ ဘာလို့ အဲဒီလိုမှားလဲဆိုတာတော့ မပြောတတ်ဘူး။ သတင်းစာထဲမှာ အဲဒီအတိုင်း ရေးထားတာပါ။ တခြားသတင်းရင်းမြစ်တွေကရတဲ့ အချက်အလက်တွေမှာလည်း အဲဒီလို ဖြစ်ရပ်မျိုးတွေရှိပါတယ်။ အဲတော့ ကျနော်တို့က ဘာလုပ်ရလဲဆိုရင် ရသမျှ အချက်အလက်တွေကို တခုနဲ့တခု တိုက်ဆိုင်စစ်ဆေးရတာပဲ။ တနေရာကနေ တပ်ရင်း တခုအကြောင်း တိုင်ကြားထားတယ်ဆိုရင် တခြားတပ်ရင်းတွေအကြောင်း ပြောထားတဲ့ အချက်အလက်တွေနဲ့ တိုက်စစ်ရတယ်။ ဗိုလ်မှူးချုပ်တွေ အကြောင်းဆိုရင်လည်း တခြားဗိုလ်မှူးချုပ်တွေအကြောင်းနဲ့ တိုက်စစ်ရတယ်။ အဲဒါမှလည်း ကျနော်တို့က အခြေအနေကို သေချာနားလည်နိုင်တာပါ။ ပြီးတော့ ကျနော်တို့ရဲ့ သုတေသန မှန်ကန်ဖို့အတွက် ရတဲ့ သတင်းအချက်အလက်တွေကိုလည်း ပြန်ပြန်ပြီး စစ်ဆေးရပါတယ်။”

“တချို့ သတင်းအချက်အလက်တွေ လူတိုင်းသိနိုင်တဲ့ နေရာတွေက ရတာဆိုတော့ အချက်အလက်တွေ မှန်ကန်ဖို့အတွက်  ရနိုင်သမျှများများရဖို့  လိုက်စုရပါတယ်။ တကယ်လို့သာ securityforcemyanmar.org ရဲ့ မြန်မာကဏ္ဍမှာ အချက်အလက် ရှာဖွေရေးကနေ “ဘယ်သူအမိန့်ပေးသလဲ”အစီရင်ခံစာကို ရှာကြည့်ရင် စွပ်စွဲတိုင်ကြားခံရတဲ့ အမှုတွေအကုန်လုံးကို မြင်နိုင်တယ်။ အဆင့်ဆင့် အမိန့်ပေးခိုင်းစေတဲ့ ယန္တရားမှာ ပါဝင်သူတွေ အားလုံးရဲ့ အချက်အလက်တွေကိုလည်း ရရှိထားတာတွေ ရှိပါတယ်။ ဆိုတော့ ဒီအချက်အလက်တွေကို လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေ၊ သတင်းထောက်တွေနဲ့ တခြားလိုချင်သူတွေအားလုံးရော၊ သက်ဆိုင်ရာ တရားရုံးတွေနဲ့ တရားရေးဌာနတွေကလည်း ယူသုံးနိုင်ပါတယ်။ ဒီစာတမ်းဖြစ်လာဖို့အတွက် အချက်အလက်တွေ ဘယ်က ရခဲ့တယ်ဆိုတာတွေကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။”

မေး။ ။ ဘယ်သူအမိန့်ပေးသလဲ  "Under Whose Command?" ဆိုတဲ့ အစီရင်ခံစာအရ ၆၄ ရာခိုင်နှုန်းသော အကြီးတန်း မြန်မာစစ်ဗိုလ်ချုပ်တွေဟာ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရတယ်။ ဆိုတော့  စစ်ရာဇဝတ်မှုတွေအတွက် သူတို့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ တာဝန်ရှိနေသလဲ ဆိုတာကို တိတိကျကျ ပြောပြလို့ရနိုင်မလား။

ဖြေ ။ ။   “ရနိုင်ပါတယ်။  ဒီပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေမှာ သူတို့တွေ ဘယ်လိုတာဝန်ရှိနေသလဲ၊ ဒီ အဆင့်ဆင့် အမိန့်ပေးစေခိုင်းမှု ယန္တရားမှာ သူတို့ ဘယ်လို ပါဝင်ပတ်သက်နေလဲ ဆိုတာတွေက တွေ့ရှိပြီးသားပါ။ ဆိုလိုတာက စစ်ရာဇဝတ်မှုပဲဖြစ်ဖြစ်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲဖြစ်ဖြစ်၊ တခုခု စစ်ပွဲကာလအတွင်းမှာ ဖြစ်ခဲ့တယ်ဆိုရင် ဒါကို တစုတဖွဲ့ကလည်း တိုင်ကြားခဲ့တယ်ဆိုရင် တရားရုံးမှာ သက်သေနဲ့တကွ ပြန်ပြီး တိုင်တန်းစွပ်စွဲရမှာ ဖြစ်တယ်။”

“ဒါပေမဲ့ အခု ကျနော်တို့ရထားတဲ့ တိုင်တန်းချက်တွေနဲ့ ပတ်သက်ရင်တော့ ဥပမာ NGO အဖွဲ့ တစ်ဖွဲ့ ဆိုပါစို့။ တပ်စိတ်တခုက တယောက်ယောက်ကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုပြီး တိုင်လာရင် အဲဒီတပ်စိတ်ဟာ ဘယ်သူ့ရဲ့လက်အောက်က ဖြစ်တယ်ဆိုတဲ့ အချက်ကို  အချိန်ကာလကိုကြည့်ပြီး ဖော်ထုတ်ကြည့်ရတယ်။ တပ်ရင်းဆိုရင်လည်း ဘယ်တပ်ရင်း ဖြစ်တယ်၊ ဘယ်ဒေသဆိုင်ရာ ကွပ်ကဲရေးရုံးရဲ့ လက်အောက်ကဖြစ်တယ်ဆိုတာကို တခြား သတင်းရင်းမြစ်တွေကနေ သိအောင်လုပ်ရတယ်။ ပြီးရင် အခင်းဖြစ်ပွားတဲ့ နေရာဟာ ဘယ်မြို့နယ် ဘယ်ခရိုင်ထဲမှာ ပါတယ်ဆိုတာကို လိုက်လို့ရပါတယ်။ ဆိုလိုတာက အဲဒီဒေသကို ဘယ်သူက အုပ်ချုပ်တာလဲ၊ ဒီဒေသဟာ ဘယ်စစ်တိုင်းမှူးရဲ့ အုပ်ချုပ်မှုအောက်မှာရှိတာလဲ၊ အဲဒီက ဝန်ထမ်းတွေကို ဘယ်သူတွေက ပူးတွဲအုပ်ချုပ်တာလဲ ဆိုတာတွေ သိလာမယ်။”

“ဒီနေရာမှာ ရရှိခဲ့တဲ့ သတင်းရင်းအချက်အလက်တွေဟာ အခင်းဖြစ်တဲ့နေ့ တရက်တည်းမှာပဲ ရတဲ့ သတင်းတွေ ဖြစ်စရာမလိုဘူး။ အခင်းမဖြစ်မီမှာရော၊ အခင်းဖြစ်ပြီးနောက်မှာပါ ရတဲ့ အချက်တွေ ဖြစ်နိုင်တယ်။ ကျနော်တို့က ဘယ်အချိန်မှာ ဘယ်သူက ဘယ်အဖွဲ့ထဲမှာ ဘယ်ရာထူးဆိုတဲ့ အမိန့်ပေးစေခိုင်းခဲ့သလဲ၊ စေခိုင်းမှု ယန္တရားအဆင့်ဆင့်ကို သူ့အချိန်နဲ့သူ မှတ်တမ်းတင်ထားတယ်။ အဲဒီလိုပဲ ကျနော်တို့ရဲ့ အစီရင်ခံစာထဲမှာလည်း မြင်သာတဲ့ ပုံလေးတွေနဲ့ ပြထားတယ်။ ပြစ်မှုကျူးလွန်လို့ တိုင်တန်းထားတဲ့ နမူနာအနေနဲ့ ချပြထားသလိုမျိုးပေါ့။ ပြစ်မှုကျူးလွန်ကြောင်း တိုင်တန်းခံရတဲ့ တပ်ရင်းတရင်းရဲ့ အဆင့်ဆင့် အမိန့်ပေးစေခိုင်းမှု ယန္တရားကို ပုံဖော်ရာမှာ သုံးထားတဲ့ သတင်းတွေဟာ ပြစ်မှုကျူးလွန်မှု မဖြစ်ခင်ကလား၊ ဖြစ်ပြီးမှလား ဆိုတာကိုလည်း မြင်နိုင်ပါတယ်။”

“ကျနော်တို့ အမှုတည်ဆောက်ကြည့်တယ်။ ပြစ်မှုဖြစ်တယ်လို့ တိုင်တန်းလာတဲ့အချိန်ကိုတည်ပြီး ကျနော်တို့ အချက်အလက်တွေကို ချိတ်ဆက်ကြည့်လိုက်ပါတယ်။ အဲဒီအချိန်က အဲဒီနယ်မြေအတွက် တာဝန်ရှိတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ အဆင့်ဆင့်အမိန့်ပေးစေခိုင်းမှု ယန္တရားမှာ ချိတ်ဆက်မိနေတယ်ဆိုရင် အဲဒီလို ချိတ်ဆက်မှုတွေကနေ ဒီလိုပုံဖော်နိုင်ပါတယ်။  ဒီနယ်မြေမှာ အချိန်တခုမှာ ပြစ်မှုတခု ဖြစ်ခဲ့တယ်ဆိုရင် အဲဒီအချိန် ဒီဒေသမှာ ရှိနေတဲ့ တပ်ဖွဲ့နဲ့  နယ်မြေအလိုက် အဆင့်ဆင့်အမိန့်ပေးစေခိုင်းမှု ယန္တရားကို ချိတ်ဆက်ပြီး ကြည့်နိုင်ပါတယ်။ ဥပမာ ဘယ်သူ့လက်အောက်မှာရှိတာလဲဆိုတာ ဆက်စပ်ကြည့်တာမျိုးပါ။”

မေးခွန်း ။ ။  အခုဖော်ပြထားတာတွေဟာ Jigsaw လို့ ခေါ်တဲ့  အရုပ်ဆက်တဲ့ ပဟေဠိ ကစားပွဲထဲကလို အစိတ်အပိုင်းတွေ အများကြီးထဲက အစိတ်အပိုင်းလေးတခုသာဖြစ်တယ်လို့ မီဒီယာတခုမှာ ပြောထားတာ တွေ့ရပါတယ်။ ဘယ်လိုအဓိပ္ပာယ်ပါလဲ။

ဖြေ။ ။ “ဟုတ်တယ်။ ကျနော့် အမြင်ကတော့ စစ်တပ်တွေအနေနဲ့ ဘယ်လိုပဲ လျှို့ဝှက်ချက်တွေရှိတယ်ဆိုပေမဲ့ တချိန်ကျရင်တော့ သိလာနိုင်ကြတာပဲ။ အခုဆိုရင် ၁၂ နှစ်တာကာလအတွင်းမှာ ကျနော်တို့ သိထားတာတွေ ရှိနေပြီ။ ဒီကာလအတွင်း ဒီစစ်တပ်ကြီးတခုလုံးကို အုပ်စိုးခြယ်လှယ်နေတာ လူ ၈၀ မပြည့်ဘူး။ ဒါကို သိထားကြသလို ဒီအပေါ် ကောက်ချက်ဆွဲလို့ ရတာတွေ ရှိတယ်။ ဒါတွေက ကျနော်တို့ သတင်းရင်းမြစ်တွေဆီကနေရတဲ့ အချက်အလက်တွေကို ဆန်းစစ်ထားတာနဲ့ တိုင်ကြားထားချက်တွေကို ဆန်းစစ်ပြီး ရလာတာတွေဖြစ်ပါတယ်။ ဒါဟာ စစ်တပ်ရဲ့ သရုပ်မှန်လည်း ဖြစ်ပါတယ်။ မှတ်တမ်းတွေ ပိုမိုများပြားလာသလို ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို တိုင်ကြားနိုင်တဲ့ အဖွဲ့တွေလည်း ပိုမိုများပြားလာတာကြောင့် ဒီ အဆင့်ဆင့် အမိန့်ပေးစေခိုင်းမှု ယန္တရားနဲ့ ပတ်သက်တာတွေကို ပိုပြီးအချိတ်အဆက်မိမိ သိနိုင်လာကြတော့မှာ ဖြစ်ပါတယ်။”

“နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ဒီလုပ်ရပ်တွေ၊ သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေဟာ စနစ်တကျ ချမှတ်ထားတဲ့ မူဝါဒရဲ့ အစိတ်အပိုင်းတွေလားဆိုတာရယ်၊ ဒါတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေလားဆိုတာရယ်ပဲ၊ ဒါတွေဟာ နိုင်ငံတော်အဆင့် စီမံကိန်းထဲမှာ ပါနေတာလားပေါ့။ အဲဒီလို အရေးကြီးတဲ့ မေးခွန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အခုဆိုရင် ပိုပြီး သိလာကြတော့မှာဖြစ်သလို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့တွေက သော်လည်းကောင်း၊ တရားရေးနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေက သော်လည်းကောင်း၊ တခြားသက်ဆိုင်ရာတွေက  တဆင့်သော်လည်းကောင်း ပိုမိုလက်ဆင့်ကမ်းနိုင်လာကြပြီလို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီ အစီရင်ခံစာဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နောက်ထပ်ဖော်ထုတ်စရာတွေ အများကြီးထဲက အစိတ်အပိုင်းတခုလို့ ဆိုလိုတာပါ။”  

မေး ၇။ ။  ဒီအစီရင်ခံစာအရပေါ့နော်၊ လူ့အခွင့်အရေးချိုးဖောက်မှုကို အများဆုံး ကျူးလွန်ထားတဲ့  စစ်ဗိုလ်ချုပ်တယောက်အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါက  အံ့ဩစရာကောင်းတဲ့ အချက်တချက်ဖြစ်နေပါတယ်။  မေးချင်တာက သူ့အပြင် ဒီလူ့အခွင့်အရေးဖောက်ဖျက်မှုကို အဆိုးရွားဆုံး ကျူးလွန်ခဲ့တာ နောက်ထပ် ဘယ်သူတွေ ဖြစ်တယ်ဆိုတာမျိုး ပြောလို့ရနိုင်မလား။

ဖြေ။ ။ “ပြောရရင်တော့ ဒီစစ်တမ်းဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်ထားတဲ့ စစ်တမ်းဖြစ်ပြီး တနိုင်ငံလုံးအနှံ့က တိုင်တန်းမှုတွေပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ ဒါဟာ တပ်ဖွဲ့တချို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ရည်ရွယ်ပြီး တိုင်တန်းမှုတွေပေါ်မှာ ဆန်းစစ်ထားတာဖြစ်သလို အဆင့်ဆင့် အမိန့်ပေးစေခိုင်းမှု ယန္တရားနဲ့လည်း ဆက်စပ်နေတဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။ မြန်မာစစ်တပ်က စစ်သားတွေ ကျူးလွန်တယ်လို့ သတ်မှတ်ခံထားရတဲ့ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်သူတွေလည်း အများကြီးရှိနေတာကို ကျနော်တို့ သိထားရမှာဖြစ်ပါတယ်။”

“ဒီစစ်တမ်းပေါ်မှာ အခြေခံပြီး နောက်ထပ် စွပ်စွဲတိုင်ကြားချက်တွေကိုပါ ထည့်သွင်းလေ့လာ စစ်ဆေးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီအချိန်ကျရင်တော့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ နောက်ထပ်ပြစ်မှုတွေ ပိုမိုတွေ့ရှိလာမှာဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စု တရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးမှာ တရားစွဲဆိုဖို့ဆိုရင်တော့ ညှဉ်းပန်းနှိပ်စက်မှုတခု၊ သတ်ဖြတ်မှုတခုနဲ့တင် တရားဥပဒေအရ အရေးယူဖို့ အမှုတည်ဆောက်ဖို့ လုံလောက်ပါတယ်။ အဲဒါကြောင့် အခုစွပ်စွဲတိုင်တန်းမှုတွေနဲ့ ပတ်သက်ပြီး အဆင့်ဆင့် အမိန့်ပေးစေခိုင်းမှု ယန္တရားမှာ ပါဝင်နေတဲ့ ဒီစစ်ဗိုလ်ချုပ်တွေ အားလုံးပေါ်မှာ အာရုံစိုက်ပြီးထားဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒါမှ သူတို့ဟာ စစ်တပ်ရဲ့ အမိန့်ပေးအုပ်ချုပ်မှုစနစ် ထိန်းချုပ်မှုစနစ်တခုလုံးကို ဘယ်လို ကိုယ်စားပြုတယ်ဆိုတာကို နားလည်လာနိုင်မှာဖြစ်သလို တရားရုံးမှာ လူသားမျိုးနွယ်စု တရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို သက်သေခံရာမှာ ဒီစွပ်စွဲတိုင်တန်းချက်တွေဟာ ဘယ်လောက် အရေးပါလဲဆိုတာ သိလာနိုင်မှာဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်။”

မေး။   ။ ဟုတ်ကဲ့ အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024