Home
Lead Story
မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး၊ ၄ ဦး ဖမ်းဆီးရမိ 
DVB
·
December 14, 2023

စစ်ကိုင်း-ကချင်နယ်စပ် မော်လူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၄ ဦး ဖမ်းဆီးရမိထားတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန် ရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ PDF၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးABSDF၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ပူးပေါင်းအဖွဲ့တွေက သိမ်းယူလိုက်တာပါ။

စခန်းကိုသိမ်းယူနိုင်ဖို့ အချိန် ၄ နာရီကြာတိုက်ပွဲဝင်ခဲ့ရပြီး မော်လူးမြို့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တော်လှန်ရေးအစုအဖွဲ့တွေက စတုတ္ထမြောက်သိမ်းယူနိုင်ခဲ့တဲ့မြို့ဖြစ်လာပါတယ်။ 

ABSDF တပ်ဖွဲ့ဝင် ဗိုလ်စောက “စတိုက်တာကတော့ မနက် ၂ ခွဲက စတိုက်တာ၊ သိမ်းပိုက်ရရှိတာကတော့ မနက် ၆ နာရီခွဲဆိုတော့ ၄ နာရီကြာအောင် တိုက်ရတယ်။ မြို့ကို ထိန်းထားနိုင်တဲ့ အခြေအနေပါပဲ။ မော်လူးမြို့က နဂိုကတည်းက ကျနော်တို့အများဆုံး စိုးမိုးထားတဲ့နယ်မြေလို့ ပြောရင်မမှားဘူးဗျ။ မြို့ကိုထိန်းထားနိုင်တဲ့မြို့ပါ။ စခန်းကတော့ ပြည်သူကြားမှာရှိနေတဲ့ ရဲစခန်းဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူတွေအတွက်လည်း အန္တရာယ်ရှိလို့ ရှင်းပစ်လိုက်တာပါ။ နောက်ဆုံးကျန်တာ မော်လူးရဲစခန်းပဲ ကျန်တာ၊ အဲဒီမှာပဲ ကျနော်တို့ သိမ်းလိုက်တာပါ။ အရှင်ဖမ်းမိတာက မိန်းကလေး ၂ ယောက်၊ ယောက်ျားလေး ၂ ယောက်၊ စစ်ကြောရေးဝင်နေတယ်၊ သူတို့ ဘယ်အဆင့် ဘယ်ရာထူးလဲဆိုတာ လုပ်နေတယ်။ နောက်တခု သေဆုံးအလောင်း ၇ လောင်း ရတယ်။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဆက်လက် လိုက်လံဖမ်းဆီးနေတုန်းပဲ ဖြစ်တယ်ဗျ”လို့ ပြောပါတယ်။

မော်လူးမြို့ဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာ တည်ရှိပြီး မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း၊ မြစ်ကြီးနား လမ်းပန်းခရီးမှာ အဓိကကျတဲ့ ဒေသဖြစ်ပါတယ်။

မြေပြင်ကနေ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းတွေ မြစ်ကြီးနားဘက် တက်လာနိုင်ဖို့ ဗျူဟာကျတဲ့နေရာမှာ မော်လူးမြို့ဟာ တည်ရှိနေတာဖြစ်ပါတယ်။ 

ဗိုလ်စောက “စစ်ကူလာလည်း သူတို့စခန်းမှ မရှိတော့တာ၊ သူတို့ ဘယ်ကို စစ်ကူလာမှာလဲ။ စစ်ကြောင်းထိုးဖို့ပဲ ရှိတော့မှာပေါ့။ အဲဒါတခုရှိမယ်။ သူတို့ဘက်က ကျနော်တို့ စခန်းသိမ်းနေစဉ်ကာလအတွင်း မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာမှာရှိတဲ့ အမြာက်တပ် တပ်မ ၉၀၄ အဲ့ဒီကနေမှ ဟောင်ဝပ်ဇာတွေ တောက်လျှောက် ပစ်ကူတာတွေရှိတယ်။ နောက် မနက် ၇ နာရီ ၂၀ မှာ မော်လူးရဲစခန်းပတ်ချာလည်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲတယ်ဗျာ။ ၂ လုံးမှာ ၁ လုံးကွဲတယ်၊ ၁ လုံးမကွဲဘူး။ ပွိုင့် ၅ နဲ့ ပတ်ပစ်သွားတာရှိတယ်။ လေယာဉ်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ကတော့ ထိခိုက်မှုမရှိပါဘူး။ ဒေသခံပြည်သူတွေ တသောင်းကျော်တယ် ထွက်ပြေးကြရတာ”လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ တပြိုင်တည်းမှာ စစ်ကိုင်းတိုင်းထဲက PDF တွေက စစ်ကောင်စီအခြေစိုက်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကချင်ပြည်နယ်စပ်က ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကို အချိန် တလကျော်အတွင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Photo : Northern ABSDF 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024