Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ရိုးရာဆေးဖက်ဝင် ဓနိပင်
DVB
·
December 13, 2023

တော်လှန်ရေး ပတ်ဝိုင်းဆိုင်းသံက မြိုင်မြိုင်ဆိုင် လှိုင်လှပြီ။ စစ်မိစ္ဆာအာဏာလှေ တော်လှန်ဝဲအောက် ထိုးစိုက် မှောက်လုပြီ။ မကြာမီ စုန်းစုန်းမြုပ်ချိန် ရောက်ခါနီးပြီမို့ နွေဦးပြည်သူတွေ အားတင်းကာ ရှေ့ဆက်ချီရအောင် ကျန်းမာရေးကို အလေးထားဖို့ နှိုးဆော်သမှု ပြုလိုက်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဓနိပင်ရဲ့ ဆေးဘက်ဆိုင်ရာ အစွမ်းသတ္တိတွေနဲ့ အသုံးပြုပုံအကြောင်းကို မျှဝေတင်ပြသွားမှာ ဖြစ်ပါတယ်။

ဓနိပင်ကို သိပ္ပံလို Nypa fruticans လို့ခေါ်ပြီး အင်္ဂလိပ်လို nipa, the nipa palm, mangrove palm လို့ ခေါ်ကြပါတယ်။

ဓနိပင်ဟာ ကမ်းရိုးတန်းဒေသများနဲ့ ဒီရေရောက်ရာနေရာတွေမှာ အဓိက ပေါက်ရောက်ပါတယ်။ ဓနိပင်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ထိန်းသိမ်းခြင်းမှာ အလွန်အရေးပါတဲ့အပြင် လူမှုအသုံးအဆောင်ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ဓနိပင်မှာ သတိပြုဖွယ် ဆေးဘက်ဆိုင်ရာ အစွမ်းထက် အာနိသင်တွေလည်း များစွာပါဝင်ပါတယ်။

ဓနိပင်ဟာ အာဟာရနဲ့ ဆေးဝါး နှစ်မျိုးစလုံးအတွက် အလွန်တန်ဖိုးရှိတဲ့ ကျန်းမာရေး အာဟာရ ဓာတ်စက်ရုံ ဖြစ်ပါတယ်။ ဓနိပင်မှာ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ သီယာမင်ကဲ့သို့ ဗီတာမင်တွေ ပါဝင်တဲ့အပြင် ကြွက်သားနဲ့ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ပိုတက်ဆီယမ်နဲ့ ကယ်လ်စီယမ် ကဲ့သို့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဓနိသီးမှာ ကိုယ်ခန္ဓာထဲမှာ အန္တရာယ်ရှိတဲ့ ဓာတ်ကြွင်းပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးတဲ့ antioxidants ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဓနိပင်ဟာ ကယ်လိုရီနည်းပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုသူတို့အတွက် အကျိုးရှိပါတယ်။

ဓနိရည်ဟာ (ထန်းရည်ကဲ့သို့) ဓနိပင်ရဲ့ ပန်းခိုင် (အသီးအညှာ) မှ ထုတ်ယူရရှိတဲ့ ချိုမြိန် အရည်တမျိုး ဖြစ်တယ်။ ဓနိရည်မှာ sucrose၊ ဂလူးကို့စ်နဲ့ fructose လို အာဟာရဓာတ်တွေနဲ့ ဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းတွေ ကြွယ်ဝပါတယ်။

ဓနိရည်ဟာ သကြားဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်များ ကြွယ်ဝတဲ့ သဘာဝအချိုဓာတ်တမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဓနိရည်မှာ ပိုတက်ဆီယမ် ပါဝင်တဲ့အတွက် သွေးဖိအားကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ နို့တိုက်မိခင်တွေအတွက် နို့ထွက်ခြင်းကို အားပေးပါတယ်။

ဓနိရည်မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေခြင်းနဲ့ အမြင်အာရုံ ကောင်းမွန်စေခြင်းစတဲ့ ကျန်းမာရေး အကျိုးကျေးဇူး အမျိုးမျိုးကို အထောက်အပံ့ ပေးနိုင်ပါတယ်။

ဓနိရည်မှာ ထူးထူးခြားခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပါဝင်ပါတယ်။

ဓနိရည်ဟာ ဒီ ဗီတာမင်တွေရဲ့ အရင်းအမြစ်ဖြစ်ပြီး ကင်ဆာဖြစ်စေတဲ့ ဓာတ်ကြွင်းပစ္စည်းများကို တိုက်ဖျက်ရာမှာ ကူညီပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း B2(Riboflavin) နဲ့ ဗီတာမင် C လည်း ပါဝင်ပါတယ်။ ဓနိရည် လတ်လတ်ဆတ်ဆတ်ကို အသင့်အတင့် သောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် B2 ပမာဏကို လုံလောက်အောင် ပေးစွမ်းနိုင်ပါတယ်။ ဓနိရည်ဟာ မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့ သဘာဝကျန်းမာရေး အာဟာရတမျိုးလည်း ဖြစ်ပါတယ်။

ဓနိရည်မှာ သံဓာတ်၊ ဗီတာမင် B complex နဲ့ dried fig vitamins များ ပါဝင်တာကြောင့် ဓနိရည် အသင့်အတင့် သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ရှိ ဆဲလ်(ကလာပ်စည်း)များ ထိခိုက်မှုကို ပြုပြင်ပေးပြီး တစ်ရှူးအသစ်များ ဖွဲ့စည်းခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအပြင် အသားအရေ၊ ဆံပင်နဲ့ လက်သည်း ခြေသည်း ကျန်းမာရေးကို ထိန်းသိမ်းမြှင့်တင်ပေးပါတယ်။

ဓနိရည်မှာပါဝင်တဲ့ ပိုတက်စီယမ်ဟာ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး သွေးတိုးရောဂါကိုလည်း ကျဆင်းစေပါတယ်။

ဓနိရည် အသင့်အတင့် သောက်သုံးခြင်းဟာ နို့တိုက်မိခင်များ မိခင်နို့ လုံလောက်အောင် ထွက်စေတဲ့ ရိုးရာဆေးတလက်လည်း ဖြစ်ပါတယ်။

ဓနိရည်ရှာလကာကို များသောအားဖြင့် အစားအသောက်တွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဓနိရည်ရှာလကာမှာ ဆီးချိုရောဂါကို တိုက်ဖျက်ခြင်း၊ ဘက်တီးရီးယား ဆန့်ကျင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အကျိတ်ကို တိုက်ခိုက်ခြင်း၊ ကိုယ်ခံအား မြှင့်တင်ပေးခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူး များစွာ ပါရှိပါတယ်။

ဓနိရည်မှရရှိတဲ့ ထန်းလျက်ဟာ ကယ်လိုရီနည်းတဲ့အတွက် အစားအစာတွေမှာ သကြားအစားထိုးပစ္စည်းအဖြစ် သုံးစွဲနိုင်ပြီး သတ္တုဓာတ်များ ကြွယ်ဝတဲ့အတွက် သွေးတွင်း သကြားဓာတ် ပမာဏကို ထိန်းညှိပေးတဲ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးကိုလည်း ပေးစွမ်းပါတယ်။

ဓနိရည်ထန်းလျက်မှာ ဗီတာမင် B1၊ B2၊ B3၊ B6၊ B12၊ သံ၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကယ်လ်စီယမ်နဲ့ အမိုင်နိုအက်ဆစ်များနဲ့ sucrose၊ fructose၊ glucose တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဓနိရည်ထန်းလျက်ဟာ လူကြီးရော ကလေးများအတွက်ပါ စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။ သံဓာတ်ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါကို ကုသရာမှာ အထောက်အကူ ပြုပါတယ်။

အချိန်အနည်းငယ်အတွင်း ဓာတ်ပြိုကွဲပြီး ခန္ဓာကိုယ်မှ အလွယ်တကူ စုပ်ယူနိုင်တဲ့ အစာအမျိုးအစားဖြစ်ပြီး စွမ်းအင်ကိုလည်း အချိန်ကြာမြင့်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။

ဓနိရည်ထန်းလျက် ဟင်းစားဇွန်း ၁ ဇွန်းကို လက်ဖက်ရည်၊ ကော်ဖီ သို့မဟုတ် နွားနို့တခွက်နဲ့ ရောစပ်ပြီး နံနက်ခင်းနဲ့ ညနေခင်းများမှာ သောက်ပေးခြင်းဖြင့် စွမ်းအင်ပမာဏကို မြင့်တက်စေပါတယ်။

ဓနိရည်ထန်းလျက်ဟာ ဆဲလ်များအတွင်းရှိ electrolyte ပမာဏကို ထိန်းသိမ်းပြီး ရေဓာတ်ခန်းခြောက်တဲ့ ပြဿနာများကို ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း များကြောင့် ဆားနဲ့ သတ္တုဓာတ်များနဲ့အတူ ခန္ဓာကိုယ်တွင်း အရည်များ ဆုံးရှုံးနေသူတွေအတွက် ခံတွင်းမှ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်တဲ့အခါ ဓနိရည်ထန်းလျက်မှုန့် ကော်ဖီဇွန်း ၆ ဇွန်း၊ ဆား ကော်ဖီဇွန်းတဝက်ကို ‌‌ရေကြက်သီးနွေး ၁ လီတာနဲ့ ရောစပ်ပြီး ဓာတ်ဆားရည်ပြုလုပ် သုံးစွဲနိုင်ပါတယ်။

ဓနိရည်ထန်းလျက်ဟာ သကြားနဲ့ ပျားရည်တို့ထက် GI (Glycemic Index) နဲ့ ဂလူးကို့စ်ပါဝင်မှု နည်းပါးပြီး တခြားအချိုဓာတ်တွေထက် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။

ဓနိထန်းလျက်မှာ ပါဝင်တဲ့ GI ပမာဏ ၃၅ ဟာ သကြား GI ၆၈၊ ပျားရည် GI ၅၅ တို့နဲ့ နှိုင်းယှဥ်ပါက ဓနိထန်းလျက်မှာ GI ပါဝင်မှု အနိမ့်ဆုံးဖြစ်ပါတယ်။ GI နည်းပါးခြင်းကြောင့် သွေးတွင်းသကြားဓာတ်ကို ချက်ချင်းမတက်စေနိုင်တဲ့အတွက် ဆီးချိုဝေဒနာရှင်တွေ အချိုဓာတ် လိုအပ်တဲ့အခါ ဓနိရည်ထန်းလျက်ကို ရွေးချယ် စားသုံးနိုင်ပါတယ်။

ဓနိရည်ထန်းလျက်မှာ ပါဝင်တဲ့ အင်နူလင် (inulin) အမျှင်ဓာတ်ဟာ အစာချေဖျက်မှုကို ပိုမိုကောင်းမွန်စေပြီး အူထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို ထိန်းချုပ်ပေးပြီး ခန္ဓာကိုယ်တွင်း သတ္တုဓာတ်စုပ်ယူမှုကို ပိုမိုကောင်းမွန်စေတဲ့အတွက် အစာစားပြီးနောက် ဓနိရည်ထန်းလျက် စားသုံးခြင်းဟာ အူလမ်းကြောင်းများကို ရှင်းလင်းစေပြီး အစာချေစနစ်ကို ကူညီပေးတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်အောင် ကူညီပေးနိုင်တဲ့အပြင် ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။

ဓနိထန်းလျက် အနည်းငယ်ကို ပုံမှန်စားသောက်ခြင်းက အသည်းနဲ့ ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်စေပြီး သဘာဝအတိုင်း ကျန်းမာစေတဲ့ အာဟာရဓာတ်စာတမျိုး ဖြစ်ပါတယ်။ နွေရာသီမှာ ဓနိထန်းလျက် စားပေးခြင်းဟာ အစာအိမ်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

စမုန်နက်စေ့ ကော်ဖီဇွန်းဝက်၊ ဂျင်းခြောက်မှုန့် ကော်ဖီဇွန်းဝက်နဲ့ ဓနိထန်းလျက် ၅ လုံးခန့်ကို အိုးထဲမှာ တညလုံးစိမ်ထားပြီး နောက်တနေ့မနက်မှာ ဖျော်ရည်သောက်သုံးခြင်းဖြင့် ရေဓာတ် ထိန်းသိမ်းနိုင်ပါတယ်။

အသက်ကြီးသူတွေ နွေရာသီမှာ ရေငတ်ပြေဖို့နဲ့ အပူဒဏ်ကို တိုက်ဖျက်နိုင်ဖို့အတွက် အထက်ပါဖျော်ရည်ကို သောက်သုံးနိုင်ပြီး စွမ်းအင်အဆင့်ကို ချက်ချင်းမြှင့်တင်ပေးပါတယ်။

ဓနိရည်ထန်းလျက်မှာ ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်၊ သံ၊ ဇင့်၊ ဆီလီနီယမ်တို့ ပါဝင်တဲ့အတွက် ကူးစက်ရောဂါတွေကို ခုခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး ဓာတ်ကြွင်းတွေ တိုက်ခိုက်မှုကို တားဆီးပေးတဲ့အပြင် သွေးထဲမှာ ဟေမိုဂလိုဗင် (သွေးနီဥ) အရေအတွက် တိုးများလာအောင်လည်း အထောက်အကူပြုပါတယ်။

ဓနိရည်ထန်းလျက်မှာ ကလေးတွေရဲ့ ကြီးထွားမှုကို မြှင့်တင်ပေးတဲ့ သဘာဝအာဟာရ သံဓာတ်ပါဝင်တဲ့အတွက် ၆-လအထက် ကလေးတွေအတွက် ဖြည့်စွက်စာအဖြစ် စားသုံးနိုင်ပြီး ကလေးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဓနိရည်ထန်းလျက်မှာ အရိုးတွေနဲ့ ကြွက်သားတစ်ရှူးတွေ တည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ မရှိမဖြစ် သတ္တုဓာတ် ပိုတက်စီယမ် ပါရှိခြင်းကြောင့် အရိုးတွေ ကြွပ်ဆတ်ခြင်း၊ အရိုးပွခြင်း၊ အရိုးအားနည်းခြင်းတို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဓနိရည်ထန်းလျက်ဟာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်အဆင့် မြင့်မားပြီး ပုံမှန်နှလုံးခုန်ခြင်းနဲ့ ကြွက်သားကျုံ့ဆန့်ခြင်းနဲ့ အာရုံကြောစနစ် လုပ်ဆောင်မှုကို ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ပိုတက်စီယမ်ကို လုံလောက်စွာ စားသောက်ခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ဓနိထန်းလျက်ဟာ အထူးသဖြင့် ကလေးငယ်တွေဟာ ချောင်းခြောက်ဆိုးခြင်း၊ အအေးမိခြင်းနဲ့ လည်ချောင်းနာခြင်းကို ကုသရာမှာ သဘာဝဆေးတလက် ဖြစ်ပါတယ်။

ဂျင်းလက်ဖက်ခြောက် ရေနွေးကြမ်းကို ဓနိထန်းလျက် ဟင်းစားဇွန်း ၁ ဇွန်းထည့်ပြီး ‌သောက်ပေးခြင်းဖြင့် အအေးမိခြင်းကို သက်သာစေပါတယ်။ ဒီလိုသောက်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာ များစွာကို သက်သာစေပါတယ်။

ဓနိရည်ထန်းလျက်ဟာ အမျိုးသမီးများမှာ ရာသီလာခြင်းဆိုင်ရာ ကိုက်ခဲနာကျင်ခြင်းတွေ အတွက် ထိရောက်တဲ့ သဘာဝဆေးတမျိုးဖြစ်ပြီး ကြွက်တက်ခြင်းကိုလည်း သက်သာစေပါတယ်။ ရာသီမပေါ်မီ ဓနိရည်ထန်းလျက်ကို စားပေးခြင်းဖြင့် endorphin အင်ဒိုဖင်းတွေ ထွက်လာအောင် ကူညီပေးပြီး အမျိုးသမီးများ ရာသီလာစဥ် စိတ်ပျက်အားငယ်မှုနဲ့ စိတ်အပြောင်းအလဲတွေ အပါအဝင် ရာသီလာခြင်း ပြဿနာတွေကို လျော့ပါးစေပါတယ်။ သက်လတ်ပိုင်း အမျိုးသမီးတွေ ဓနိရည်ထန်းလျက် အနည်းငယ်ကို ‌ရေနွေးကြမ်းနဲ့ ပုံမှန်သောက်သုံးခြင်းဟာ သွေးဆုံးချိန် လက္ခဏာတွေကို သက်သာစေဖို့ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ဓနိရည်ထန်းလျက်မှာ နိုင်ယာစင် ပါဝင်တဲ့အတွက် သွေးအတွင်းရှိ LDL ကိုလက်စထရော (ကောင်းတဲ့အဆီ) ပမာဏကို ပုံမှန်ဖြစ်စေဖို့နဲ့ Triglycerides လျော့နည်းအောင် ကူညီတဲ့အပြင် နှလုံးရောဂါကို ကာကွယ်ပေးခြင်း၊ အမျိုးအစား-၁ ဆီးချိုရောဂါကို ကုသပေးခြင်း၊ အရေပြားကို ကောင်းမွန်စေခြင်းနဲ့ ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။

ဓနိရည်ထန်းလျက် စားပေးတာဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဓနိထန်းလျက်ကို စားသုံးခြင်းဖြင့် အဆစ်အမြစ်ကိုက်ခဲ ဝေဒနာတွေကို သက်သာရာ ရစေပါတယ်။ အရိုးတွေကို သန်မာစေဖို့အတွက် ဓနိထန်းလျက် ဟင်းစားဇွန်း ၁ ဇွန်းကို နွားနို့တဖန်ခွက်နဲ့ နေ့စဉ် သောက်သုံးနိုင်ပါတယ်။

ဓနိရည်ထန်းလျက်ဟာ ဆီးအိမ်အတွင်း ရောင်ရမ်းမှုကို လျှော့ချပေးပြီး ဆီးလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေကို ပျောက်ကင်းစေတဲ့ ဆေးတမျိုးလည်း ဖြစ်ပါတယ်။ နို့နဲ့ ဓနိရည်ထန်းလျက်ကို သောက်‌ပေးခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ ဆီးသွားခြင်းကို လှုံ့ဆော်ပေးပြီး အပူကို သက်သာစေပါတယ်။

ဓနိရည်ထန်းလျက်ကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

ရေယုန်ရောဂါမှာ ဓနိရည်ကို နို့နဲ့ရောစပ် လိမ်းပေးနိုင်ပါတယ်။ အရွက်ပြာနဲ့ အမြစ်တွေကို ခေါင်းကိုက်ခြင်းနဲ့ သွားကိုက်ခြင်းတို့အတွက် အသုံးပြုနိုင်ပါတယ်။ သွားတွေ မည်းနက်ခြင်းအတွက်  ဓနိရွက်ပြာနဲ့ ဓနိလက်မီးသွေးမှုန့်ကို သွားတိုက်ပေးနိုင်ပါတယ်။

အရွက်ပြုပ်ရည်ကို အနာဖန်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ ပေါက်ပြဲနာတွေမှာ အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။

သွားကိုက်ခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောဂါတွေနဲ့ သွားနှင့်ခံတွင်း ရောဂါတွေမှာ အရွက်ပြုပ်ရည်ကို ငုံပေးနိုင်ပြီး အရွက်ပြာကို သွားဖုံးနဲ့ သွားအရင်းမှာ သိပ်ပေးနိုင်ပါတယ်။

ဓနိပင်အမြစ်သွေးရည်ကို ကင်းခြေများကိုက်ခြင်းမှာ လိမ်းပေးနိုင်ပါတယ်။ ဓနိရည်ရှာလကာဟာ ချောင်းဆိုးတာနဲ့ အအေးမိတာအတွက် သဘာဝဆေးတလက်ဖြစ်ပြီး ဝက်ခြံနဲ့ ပိုးဝင်တာလို့ အရေပြားအခြေအနေတွေကို လိမ်းကျံကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်ခြင်းအတွက် ဓနိရွက်ကို ကျကျပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဓနိရွက်ပြုပ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ဖြစ်စေ အရွက်မှုန့် ကော်ဖီ ၁ ဇွန်းဖြစ်စေကိုလည်း ဝမ်းဗိုက်နာခြင်း၊ ဆီးချိုရောဂါ၊ ဖျားနာတာတွေမှာ တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဓနိရွက်လက်ဖက်ခြောက် ရေနွေးကြမ်းကို ပုံမှန်သောက်ပေးခြင်းဖြင့် ခုခံအားစနစ်ကို တိုးတက်စေပြီး ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေနဲ့ သက်ကြီးရွယ်အို မှတ်ဉာဏ်ချွတ်ယွင်းတာတွေကို ကြိုတင်ကာကွယ်နိုင်တဲ့အပြင် အရေပြားကျန်းမာရေးနဲ့ အိုမင်းရင့်ရော်ခြင်းဆိုင်ရာ လက္ခဏာတွေကိုလည်း လျော့ပါးစေပြီး ကျန်းမာ နုပျိုစေပါတယ်။ သွေးတွင်းအဆီကို လျော့ကျစေပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ဓနိပင်မှာ ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရရှိစေပေမဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

ဓနိသီး အမြောက်အမြား စားသုံးခြင်းက တချို့သူတွေအတွက် အစာခြေခြင်း အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ လေထိုးလေအောင့်ခြင်း၊ အစာအိမ်တင်းတောင့်ခြင်း၊ ဝမ်းလျှောခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

ဓနိသီးမှာ သကြားပမာဏများတဲ့အတွက် အလွန်အကျွံ သောက်သုံးပါက ကိုယ်အလေးချိန် တိုးလာစေနိုင်ပြီး ဆီးချိုရောဂါမှာ သွေးတွင်းသကြားဓာတ်ကို တိုးစေနိုင်ပါတယ်။ ဓနိသီးမှာ Oxalate ပါဝင်တဲ့အတွက် ကျောက်ကပ်ရောဂါအခံရှိသူတွေ၊ ဆီးကျောက် ဝေဒနာရှင်တွေ မစားသင့်ပါ။ တချို့ ဓနိသီး၊ ဓနိရည်နဲ့ ဓာတ်မတည့်သူတွေ စားသောက်တာကို ရှောင်ကြဥ်ပါ။

ဓနိရည်ကို တော်သင့်ရုံ သောက်သုံးပါက ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်ပြီး ဓနိရည် အလွန်အကျွံ သောက်သုံးတာက အသည်းကို ပျက်စီးစေတာလိုမျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဓနိရည်ကစော်မှာ အရက်ဓာတ် ပါဝင်တဲ့အတွက် အလွန်အကျွံ သောက်သုံးခြင်းဟာ အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဓနိရည်လတ်လတ်ဆတ်ဆတ် သောက်သင့်တဲ့ အများဆုံးပမာဏမှာ တခါသောက် ဖန်ခွက် ၁ ခွက်စာ တနေ့ ၂ ကြိမ်ခန့်မျှသာ ဖြစ်ပါတယ်။

ဓနိရည်ထန်းလျက် စားသုံးပြီး သွားတွေကို ဂရုစိုက်ဖို့လိုပါတယ်။ သွားတွေကို ဂရုမစိုက်ပါက သွားပိုးစားခြင်း၊ သွားနာ/သွားကိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေ ဓနိရည်ထန်းလျက် အလွန်အကဲ စားသောက်ခြင်းကို ရှောင်ကြဥ်ပါ။ နွေဦးပြည်သူတွေ ဓနိပင်ရဲ့ ဆေးဘက်ဆိုင်ရာ အကျိုးအာနိသင်တွေကို သိရှိပြီး သင့်တော်သလို သုံးစွဲနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

ခရီးဆုံးမှာ ကျန်းကျန်းမာမာ ဆုံတွေ့ကြပါစို့။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024