Home
မြန်မာသတင်း
အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု ကျူးလွန်သူများကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းနေ
DVB
·
December 12, 2023

အမျိုးသမီးထုအပေါ် အကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ စစ်ကောင်စီတပ် အပါအဝင် ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက ဘက်ပေါင်းစုံကနေ ကြိုးစားနေကြပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း စစ်ပဋိပက္ခဖြစ်ပွားရာဒေသတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုပြီး အစီအစဥ်တကျ ကျူးလွန်နေတဲ့ ဖြစ်ရပ်တွေဟာ ကာလကြာရှည် ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာတော့ ဘက်ပေါင်းစုံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ အမျိုးသမီးတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်မှုတွေဟာ ပိုဆိုးရွာလာတဲ့ အခြေအနေတခု ဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ယန္တရားတွေအထိ ထိရောက်စွာ အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေက ကြိုးပမ်းနေကြတာပါ။

အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူက “ကျမတို့တွေက ဒီဟာတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ တရားစီရင်တဲ့ဖြစ်စဥ်ကတော့ အချိန်ကြန့်ကြာမှုတော့ရှိတယ်။ စစ်တပ်က အုပ်ချုပ်ရေးအာဏာကို ရယူထားသရွေ့ ကာလပတ်လုံး လက်နက်နဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကာလပတ်လုံး အဲဒီလိုမျိုး တရားမျှတမှု၊ ပြစ်ဒဏ်ကျူးလွန်တဲ့သူတွေကို ထိရောက်တဲ့ ပြစ်ဒစ်ပေးဖို့ဆိုတာက မျှော်လင့်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့်လည်း နိုင်ငံတကာက တရားရုံးတွေ၊ နိုင်ငံတကာဥပဒေကို အသုံးပြုပြီးတော့ စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့အတွက်ကို တစ်ဖက်တစ်လမ်းကနေ ကြိုးစားနေကြတာ ဖြစ်တယ်”လို့ ပြောပါတယ်။

အာဏာမသိမ်းခင်ကာလကတည်း စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ယဥ်ကျေးမှု ထွန်းကားခဲ့ပြီး အခုလိုကျူးလွန်မှုတွေ ရှိခဲ့ပေမဲ့ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုကတော့ တကြိမ် တခါမှ မရှိခဲ့တာပါ။

၂၀၁၉ ခုနှစ် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက ဒေါ့ဖုန်းယန်ကျေးရွာ အနီးအနားမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သား ၂ ဦးက ဒေ့ါဖုန်းယန် အမျိုးသမီးငယ်လေးတစ်ဦးကို အကြမ်းဖက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်ပွားခဲ့ပြီး တရားမျှတမှုဘာတစ်ခုမှ မရှိခဲ့ဘူးလို့ ကျူးလွန်ခံရသူနဲ့ နီးစပ်တစ်ဦးက ပြောပါတယ်။

“ကောင်မလေးကို နောက်ကနေ တုတ်နဲ့ရိုက်ပြီး အဓမ္မပြုကျင့်တာပေါ့။ သူ နိုးလာတော့ တစ်ကိုယ်လုံး ဘာအဝတ်မှမရှိဘူး။ လည်ပင်းလည်း ညှစ်ခံထားရတော့ မျက်လုံးတွေလည်း နီရဲနေတာ။ ကောင်မလေး ပြောပြချက်အရတော့ အဲဒါ စစ်တပ်ကလူလုပ်တာလို့ ပြောတယ်။ ကောင်မလေး အဲဒီလိုဖြစ်တော့ ရပ်ကွက်ထဲကလူတွေ ရဲစခန်းကို တိုင်ချက်တော့ဖွင့်ကြပါတယ်။ ဒါပေမဲ့ ဘာမှ မလုပ်ပေးနိုင်ဘူးပေါ့။ အပျိုလေးဆိုတော့ တော်တော်လေးလည်း ရှက်သွားတယ်။ ရွာထဲမှာ တစ်ပတ်တောင် မနေဘူး။ ပြောင်းသွားတာ။ ကောင်မလေးအတွက် တရားမျှတမှုဆိုတာ ဘာမှမရှိခဲ့ဘူး။ ကောင်မလေး အမှုဖွင့်ခဲ့ပေမဲ့လည်း ဘာမှ အရာမထင်ဘူး။”

အာဏာမသိမ်းခင်ကာလတွေကတည်းက တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ပတ်သတ်ပြီး ဝန်မခံတဲ့အပြင် စုံစမ်းစစ်ဆေးမှုတွေ ဖမ်းဆီးအရေးယူမှုတွေလည်း မရှိသလောက်နည်းပါးခဲ့ပြီး ပြစ်ဒဏ်စီရင်ခွင့်ကနေ ကင်းလွတ်နေခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေက အများဆုံး ကျူးလွန်ခဲ့ကာ ၁၀၈ ကြိမ်အထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက သုံးသပ်ပြောဆိုထားပါတယ်။

စစ်ကြောရေးတွေနဲ့ ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေဟာ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားရာ နေရာတွေ ဖြစ်လာနေတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က စစ်ကိုင်းမြို့နယ် တာတိုင်ရွာက အစုလိုက်အပြုံလိုက် အသတ်ခံရသူ ၁၇ ဦးထဲမှာ အမျိုးသမီး ၃ ဦးက စစ်ကောင်စီတပ်သားတွေရဲ့ အုပ်စုဖွဲ့ အဓမ္မကျင့်ခံရပြီးမှ အသတ်ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အမျိုးသမီး ၃ ယောက်လုံးက အဝတ်အစားတွေ လန်နေတယ်။ ရင်သားတွေဆိုရင်လည်း ညိုမဲနေတာ၊ မိန်းမကိုယ်မှာလည်း ရောင်ကိုင်းနေပြီး သွေးတွေထွက်နေတာ။ တစ်ယောက်ကို ဆိုရင် ကြက်သွန်နီကြီးကို မိန်းမကိုယ်ထဲ ထည့်ထားခဲ့တာ။ ကျနော်တို့မှာ တရားမျှတမှုဆိုတာကို ဘယ်ကနေ သွားရှာရမလဲ မသိတော့ဘူး။ ဒီနိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း တောင်းဆိုခဲ့ပြီးပြီ။ ဘာမှ ဆက်ဖြစ်မလာဘူး။ ဒီမှာက ပြည်သူတွေကတော့ ကြောက်လန့်နေကြတာပဲ။ ဒါကြောင့်လည်း စစ်တပ်က စစ်ကြောင်းထိုးပြီဆို အကုန်ပြေးကြတာ။ တွေ့သမျှ အကုန်သတ်၊ မီးရှို့နေတာလေ။”

တချို့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရပြီး ရက်စက်စွာသတ်ဖြတ်ခံရတာ၊ တော်လှန်ရေးမှာ ပါဝင်တဲ့ အမျိုးသမီးတွေကို ဖမ်းဆီးခံရပြီး အချုပ်ခန်း၊ အကျဥ်းခန်းတွေမှာ နှိပ်စက်ခံရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့ ဖြစ်စဥ်တွေ အားလုံးအပေါ်မှာ အမြန်ဆုံး ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ လိုအပ်နေပါတယ်။

အမျိုးသမီးအရေးလှုပ်ရှားသူက “အဓိက တိုက်တွန်းချင်တာက တိတ်ဆိတ်မနေပါနဲ့ပေါ့။ အဲဒီလို ပြောတဲ့အခါမှာ ဒါဟာ မလွယ်ကူဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့လည်း မတရားမှုတွေကို တိတ်တိတ်ဆိတ်ဆိတ် နေပြီးတော့ လက်ခံလိုက်မယ်ဆိုရင် အဲဒီတရားမျှတမှုဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ မတရားတဲ့အရာကို ထုတ်ဖော်ပြောဖို့အတွက် တော်တော်လေးကို သတ္တိလိုပါတယ်။ အခက်အခဲတွေ အများကြီး ရှိတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့လည်း ဒီမတရားမှုတွေကို ထုတ်ဖော်ပြောဆိုနိုင်မှပဲ ဒီမတရားမှုတွေကို ကျူးလွန်နေတဲ့၊ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ပြစ်မှုတွေကို ကျူးလွန်နေတဲ့သူတွေကို အပြစ်ပေး အရေးယူနိုင်မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိ အာဏာသိမ်းကာလမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ကြည့်ရင် အာဏာသိမ်းစစ်တပ်တင်မက တော်လှန်ရေးအင်အားစုတွေရဲ့ ကျူးလွန်မှုတွေပါ ပါဝင်နေတာကို မြန်မာ့အမျိုးသမီးသမဂ္ဂက  နောက်ဆုံး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေက ထောက်ပြနေပါတယ်။

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာ လက်မှတ်ထိုးထားခဲ့တာပါ။

လက်ရှိမှာ နိုင်ငံတကာတရားရုံးတွေ၊ ခုံရုံးအဖွဲ့တွေ စစ်ဆေးနိုင်အောင် ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရာ(IIMM)စုံစမ်းစစ်ဆေးမှု ယန္တရားတစ်ခုကို ဖွဲ့စည်းပေးထားပြီး စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်တွေအတွက် အရေးယူဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့အတူ အမျိုးသမီးတွေအပေါ် ပိုပြီးပြင်းထန်လာတဲ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာလည်း တော်လှန်ရေးကာလအလွန်မှာ မြန်မာစစ်တပ် အပါအဝင် ကျူးလွန်သူတွေဟာ မလွဲမသွေ တာဝန်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024