Home
မြန်မာသတင်း
စက်သုံးဆီမရသဖြင့် ရန်ကုန်မြစ်အတွင်းက ကူးတို့စက်လှေသမားများ အခက်ကြုံ
DVB
·
December 10, 2023

ရန်ကုန်မြို့နဲ့ ဒလဘက်ကမ်းကို  နေ့စဥ်ပြေးဆွဲနေတဲ့ ကူးတို့စက်လှေသမားတွေအနေနဲ့ စက်သုံးဆီဝယ်မရလို့ အခက်ခဲတွေနဲ့ရင်ဆိုင်နေရကြောင်း စက်လှေမောင်းနှင်သူတွေဆီကသိရ ပါတယ်။

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့မြို့တွေမှာ စက်သုံးဆီ မလုံလောက်ဘဲ ပြတ်လပ်ခဲ့တာကြောင့် ကူးတို့စက်လှေမောင်းနှင်သူတွေဟာလည်း ဆီဝယ်လို့မရလို့ အလုပ်မလုပ်နိုင်ဘဲ မိသားစုစားဝတ်နေရေးထိခိုက်လာ နိုင်တယ်လို့ ရန်ကုန် - ဒလ စက်လှေမောင်းနေသူတဦးက ပြောပါတယ်။

"အခက်ခဲတွေကအများကြီးရှိတာပေါ့။ မနေ့ကဆိုရင် စက်လှေစီးတဲ့ ခရီးသည်တွေထဲက ကိုယ်ပိုင်ကားနဲ့ လာတဲ့သူတွေမှာ ဆီတစ်ဘူးစာလောက်ရောင်းပေးပါဆိုပြီး ပြန်တောင်းဝယ်နေရ တာ။ ဆီဝယ်မရတော့ အလုပ်နားရမယ့်ကိန်းဆိုက်နေပြီ။ အနောက်မှာလည်း မှီခိုနေတဲ့မိသားစု ကတဖက်၊ အကြွေးကတဖက်နဲ့ဆိုတော့ တော်တော်ကို အခြေအနေဆိုးတာပေါ့။ အရင်က တစ်ရက်ကို နှစ်သောင်း၊ သုံးသောင်းလောက်ရှာနိုင်တာ။ အခုက ငါးထောင်ရဖို့ တောင်အနိုင်နိုင်ပဲ။”

စစ်ကောင်စီ လက်အောက်ခံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက လောင်စာဆီခွဲတမ်းကို နေ့စဉ် ၁ ရက်စာသာ ခွဲပေးပြီး  လုံလုံလောက်လောက် မရရှိကြောင်း စက်သုံးဆီ ရောင်းချသူတွေထံက သိရပါတယ်။

ဒလမြို့နယ်မှ ရန်ကုန်ကို နေ့စဥ်စျေးရောင်းချနေသူတဦးက "အစ်မတို့က နေ့တိုင်း စျေးရောင်းနေရတော့ စက်လှေကိုပဲ အားထားနေရတာ။ ပုံမှန်က လူနဲ့ကုန်ပါရင် လှေစီးခ ငါးရာပဲပေးရတာ။ မနေ့တုန်းက ခုနှစ်ရာဖြစ်သွားတယ်။ ဆီစျေးတက်ပြီးဝယ်မရဘူးလို့တော့ ပြောတယ်။ ဒီပုံအတိုင်းဆက်ပြီး ဓာတ်ဆီဝယ်မရလို့ စက်လှေတွေမထွက်ရင် ဒုက္ခရောက်မှာပေါ့။ တံတားကလည်း ဘယ်အချိန်ပြီးမလဲမသိသေးဘူး။ ပြီးခဲ့တဲ့အပတ်လောက်ကစပြီး တံတားဆောက်နေတဲ့ လုပ်ငန်းကလည်း ရပ်ထားတယ်" လို့ ပြောပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စက်သုံးဆီတွေကို လုံလောက်စွာမရရှိသေးဘဲ ဒေါ်လာ ရရှိမှုအပေါ် မူတည်ပြီး စက်သုံးဆီတွေ စျေးကွက်အတွင်း ဝင်ရောက်နေတာဖြစ်ကြောင်း စက်သုံးဆီရောင်းချသူတွေအကြား ပြောဆိုမှုတွေလည်းရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024