Home
မြန်မာသတင်း
ထီးချိုင့်မြို့ခံ အားလုံးနီးပါး မြို့ကို စွန့်ခွာ စစ်ဘေးရှောင်ထွက်ပြေး
DVB
·
December 7, 2023

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်စပ် ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ဖို့  မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ အချိန်တလနီးပါးကြာမြင့်လာပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  မြို့ခံအားလုံးနီးပါး မြို့ကို  စွန့်ခွါထွက်ပြေးနေကြပါတယ်။

ထီးချိုင့်မှာ နိုဝင်ဘာ ၈ ရက် ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ မြို့ကိုထိန်းနိုင်ဖို့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေပါ အသုံးပြုခဲ့ရပြီး စစ်ကောင်စီလေယာဉ်တွေကို PDF တွေက မြေပြင်ကနေ ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့ခံတဦးက “သူတို့ MI 35 လာတဲ့အချိန်မှာ ကိုယ့်အောက်ဘက်ကနေပြီးတော့ ပြန်ဆော်တာရှိတယ်လေ။ အရင်တုန်းကတော့ သူတို့က မြတောင်တံတားထိပ်ရယ်၊ ဖုန်ကုန်းလေးဆိုတဲ့ရွာ ရှိတယ်၊ အဲ့ဒီနားက ကြံခင်းထဲမှာ ၄ ခေါက်လောက်ဆင်းတာ ကျနော်တို့ကိုယ်တိုင် တွေ့ဖူးတယ်လေ၊ ပစ္စည်းတွေလာလာပို့တာ တွေ့ဖူးတယ်။ ဟိုတနေ့ကတော့ MI 35 ကို ထီးချိုင့်ဘက်ကိုဝဲတဲ့အချိန်မှာ ၂ ကြိမ်ဝဲတာ ၂ ကြိမ်လုံး ပစ်ခတ်ခဲ့လို့ ကြားရတယ်” လို့ ပြောပါတယ်။

PDF တွေက ထီးချိုင့်မြို့ရဲ့ အနီးပတ်ဝန်းကျင်ကို ထိန်းချုပ်ထားတာကြောင့် မြို့တွင်းက တပ်သားတွေကို ထောက်ပို့ဖို့ စစ်ကောင်စီက လေကြောင်းကိုပဲ အသုံးပြုနေရတာပါ။

ထီးချိုင့်မြို့ခံတဦးက “တခါပစ်ရင် ၃၊ ၄၊ ၅ ကြိမ်ပေါ့ လေယာဉ်တစီးက။ အခုနောက်ပိုင်းကတော့ ဒီဇင်ဘာ ၁ ရက်လောက်ကစပြီးတော့ သူတို့ လာပစ်နေတာပေါ့။ မုံရွာကနေ ထွက်ပြီးတော့ ကန့်ဘလူမှာ တထောက်နား၊ အဲ့ဒီမှာ ဆီတွေဘာတွေဖြည့်ပြီးတော့ ဒီဘက်မှာ ‌ေတာက်လျှောက် မနားတမ်းဝဲပြီးတော့ သူတို့ထင်တဲ့နေရာတွေ ပြန်ပစ်တယ်ပေါ့နော်။ မြို့ရဲ့မြောက်ဘက်အခြမ်း၊ ဧရာဝတီမြစ်နဲ့ ကပ်လျက်နေရာတွေ၊ ဘောလုံးကွင်းတွေနဲ့ ကပ်တဲ့နေရာတွေ၊ စာသင်ကျောင်းတွေပေါ့နော်၊ အများစု တော်တော်ပျက်စီးသွားတယ်။ ၄၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတဲ့ အနေအထား ဖြစ်သွားပြီ။ သူတို့နေထားတဲ့ တောင်ကုန်းမှာ ချဉ်းကပ်လာလို့ရှိရင် သူတို့ လွယ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သက်သက်မဲ့ မီးရှို့ထားတာတွေရှိတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် ကောလင်းမြို့သိမ်းတိုက်ပွဲအပြီးမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နဲ့ ကသာမြို့တွေကို PDF တွေက ဆက်လက်သိမ်းယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ထီးချိုင့်မြို့ပေါ်မှာ ပိတ်မိပြီး ကျန်နေတဲ့ မြို့ခံပြည်သူ ၇၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်ပြီး နောက်ဆက်တွဲအခြေအနေတွေကို အတည်မပြုနိုင်သေးပါဘူး။

ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက မုံရွာမြို့နယ် တောင်ဘက်ခြမ်းက ကြာပိုင်ရွာကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်ပြီး အမျိုးသား ၁၁ ယောက်ကို တိုက်တခုထဲမှာ ပိတ်လှောင် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က မီးရှို့တာကြောင့် ကြာပိုင်ရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းခြေ ငွေကျပ်သိန်း ၃,၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ အိမ်ခြေ ၈၀၀ ကျော်မှာ နေထိုင်တဲ့ ရွာသား ၄,၀၀၀ ဝန်းကျင်ဟာ ရွာကိုစွန့်ခွာသွားကြပြီး စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

ကြာပိုင်ရွာသားတဦးက “ရွာပြန်လို့ကလည်း နေစရာမရှိတော့ဘူး။ ယာယီမိုးကာနဲ့ ထိုးနေရအောင်လည်း မလုံခြုံတော့ပါဘူး၊ ကလေးတွေနဲ့ ဘာတွေနဲ့ စိတ်မချရဘူး။ စိတ်ချရတဲ့ အခြေအနေကလည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ရွာက အကုန်လုံးထွက်ကြတာ တယောက်မှမရှိကြတော့ဘူး။ ဘုန်းကြီးကျောင်းတို့ မယ်သီလကျောင်းတို့ အကုန်လုံး စုနေကြရတာ။ ကျနော်တို့ တောထဲတောင်ထဲ ပေါက်တူးပေါက် ဘာညာ ထွက်တဲ့သူတွေ ကိုယ့်မျက်စိရှေ့တင် ဖမ်းသတ်တာဆိုတော့ ဘယ်လိုလုပ် နေရဲတော့မှာတုန်း” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်သွားတဲ့အပြင် ပြည်သူတွေပိုင်တဲ့ နေအိမ်တွေနဲ့ ရွာသားတွေပိုင်ဆိုင်တဲ့ လယ်ယာသုံး စက်ပစ္စည်းတွေကိုလည်း အကြမ်းဖက် ဖျက်ဆီးသွားကြတယ်လို့ ကြာပိုင်ရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့အိမ်မှာ ရှိသမျှ စည်းစိမ်တွေ အကုန်လုံး ထော်လာဂျီနဲ့ထိုးယူတယ်။ ထိုးယူပြီးရင် ဒီအိမ်ကို မရှို့ပါနဲ့လို့ ပြောတဲ့ကောင်တော့ ပါတယ်။ ဒါပေမဲ့ မရဘူး၊ ရှို့မှာဆိုပြီးတော့ သူများအိမ်က ဖြတ်စယူပြီး ကျနော်တို့အိမ်ကို မီးနဲ့ရှို့သွားတယ်ဗျ။ အဲ့ဒီလိုမျိုးဆိုတော့ ကျနော်တို့ကတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ လုံးဝမကျေနပ်နိုင်ဘူး။ တရွာလုံး ပေါင်းတယ်ဆိုရင် သိန်းသုံးထောင်လောက်တော့ ရှိမှာပေါ့။ ကာလပေါက်တဲ့ဈေးက တရာကျော်တယ်ဗျာ။ အဲ့လို‌ေထာ်လာဂျီက ၆ စီးပါတယ်ဗျာ။ ထွန်စက်ဆိုရင် ကျပ်သိန်း သုံးလေးရာတန် ထွန်စက်တွေ၊ အဲ့ဒါ ၃ စီးပါတယ်ဗျာ။ စီးမရတဲ့ဆိုင်ကယ်တွေဆိုရင် သေနတ်နဲ့ ပစ်ဖောက်သွားတယ်ဗျာ။ ဆီကန်တွေ တိုက်ဖောက်သွားတယ်၊ အင်ဂျင်အုံတွေ သေနတ်နဲ့ ပစ်ဖောက်သွားတယ်။”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းကစပြီး စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီစခန်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက် ထိုးစစ်ဆင်နေတာပါ။

စစ်ကောင်စီက သူတို့စခန်းတွေနဲ့ မြို့တွေကို လေကြောင်းပစ်ကူသုံးပြီး ထိန်းနေသလို လက်နက်မဲ့ ဒေသခံတွေကို တိုက်ခိုက်တဲ့နည်းလမ်းကို အသုံးပြုပြီး ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ အင်အားကို ပြန်ခွဲထုတ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံ နိုင်ငံရေးသမားတွေက  သုံးသပ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024