Home
နိုင်ငံတကာ
အမေဇုန်ရှိ တရားမဝင် သတ္တုတူးဖော်ရေးနေရာကို ကိုလံဘီယာ ဖောက်ခွဲဖျက်ဆီး
DVB
·
December 7, 2023

အမေဇုန်ဒေသရှိ တရားမဝင် ရွှေတွင်းတူးနေတာတွေအပေါ် နှိမ်နင်းဖို့ ဘရာဇီးနဲ့ ပူးပေါင်းကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ကိုလံဘီယာ အာဏာပိုင်တွေဟာ ကိုလံဘီယာ နယ်မြေထဲက တရားမဝင် သတ္တုတူးဖော်ရေးနေရာကို ဖောက်ခွဲပစ်လိုက်ပြီး သတ္တုတွင်း ကိရိယာတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် တလကို ဒေါ်လာ ၁ သန်းခွဲလောက် အဖိုးတန်သတ္တု ထုတ်လုပ်နေပြီး မြစ်ချောင်းတွေကိုလည်း ပြဒါးတွေနဲ့ ညစ်ညမ်းနေရတဲ့ အမေဇုန် မိုးသစ်တောထဲမှာ ကိုလံဘီယာနဲ့ ဘရာဇီးတို့ဟာ တရားမဝင် သောင်တူးစက် ၁၉ လုံးကို ဖျက်ဆီးပစ်ခဲ့ကြောင်း ကိုလံဘီယာစစ်တပ်က ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။

တရားမဝင် တူးဖော်မှုကနေ လစဉ် ထုတ်လုပ်မှုဟာ ၂၃ ကီလိုဂရမ် ရှိကြောင်း ကိုလံဘီယာ အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ နှစ် နိုင်ငံ စစ်ဆင်ရေးဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း ဖမ်မီလီယာဒယ်နော့တေးရဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်တွေဆီက သိရပါတယ်။

ဖမ်မီလီယာ ဒယ်နော့တေး မှောင်ခို ရွှေတူးဂိုဏ်းရဲ့ တရားမဝင် ရွှေတူးဖော်မှုကနေ ပြဒါး ၁၁၄,၀၀၀ ဂရမ်ကို စွန့်ပစ်နေတာဖြစ်ပြီး လစဉ် ရေလီတာပေါင်း ၆၈ သန်း (ရေဂါလန် ၁၈ သန်း) ညစ်ညမ်းနေရကြောင်းလည်း ဆိုပါတယ်။

ဘရာဇီးနဲ့ ကိုလံဘီယာတို့ဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံမျိုးကွဲ အများဆုံးနိုင်ငံတွေထဲက ၂ ခုဖြစ်ပြီး သူတို့ရဲ့မြေထုကို အမေဇုန်မိုးသစ်တောတွေနဲ့ ဖုံးလွှမ်းထားတာပါ။

အမေဇုန်မိုးသစ်တောတွေဟာ ဖန်လုံအိမ်ဓာတ်ငွေ့ အမြောက်အမြားကို စုပ်ယူနိုင်တာကြောင့် ရာသီဥတု ပြောင်းလဲမှုကို နှေးကွေးစေဖို့အတွက် အရေးကြီးတယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024