ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့တိုင်မြို့နယ်မှာရှိတဲ့ မယ့်သမဆင်စခန်းမှာ ဆင်ကောင်ရေ ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ဆင်ဦးစီးအများစုက ဆင်တွေကို ထိန်းကျောင်းလေ့ကျင့်ပေးနေကြပါတယ်။
ဆင်ဦးစီး ဦးစောအေးရှားက ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာက ပရဲ တိုင်းရင်းသားလူမျိုးတစ်ယောက်လည်း ဖြစ်ပါတယ်။
ဦးစောအေးရှားက ဆင်ဦးစီးတွေကို ဦးဆောင်ရသူဖြစ်ပြီး ဆင်စခန်းမှာရှိတဲ့ အသက်အကြီးဆုံး ဆင်မကြီး ဘူးမား ကတော့ သူ့အချစ်နှစ်သက်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။
ဆင်ဦးစီး စောအေးရှားနှင့် အသက် ၇၆ နှစ်အရွယ် ဆင်မကြီးဘူးမား။
အသက်ကြီးရင့်နေပြီဖြစ်လို့ ဖျော်ဖြေရေးအလှပြမှုတွေ မလုပ်နိုင်တော့တဲ့ ဆင်မကြီး ဘူးမားကို ဆင်ဦးစီးက နေ့စဉ် ဆေးထည့်သန့်စင်ပေးရပါတယ်။
အလှအကကြိုက်တဲ့ ဘူးမားကို အလှပြင်ဆင် ဘီးဖြီးပေးရတာဟာလည်း ဆင်ဦးစီးတယောက်ရဲ့ အလုပ်ပါ။
စခန်းက တခြားဆင်ငယ်လေးတွေကတော့ နိုင်ငံခြားသားခရီးသွားတွေကို ကပြ ဖျော်ဖြေရပါတယ်။
ဆင်တွေနှာမောင်းနဲ့ ရေးဆွဲတဲ့ပန်းချီကားတွေကတော့ ထိုင်းဘတ် ၁၀၀၀ က စတင်ပြီး ဈေးအမျိုးမျိုးနဲ့ ရောင်းချကြပါတယ်။
ပရိသတ်တွေကို ဆွဲဆောင်ဖို့ ဖျော်ဖြေကပြတာလည်း ဆင်လေးတွေရဲ့ နေ့စဉ်အလုပ်တွေထဲက တစ်ခုပါ။
ကမ္ဘာလှည့်ခရီးသွားတွေကတော့ တောထဲ ဆင်စီးပြီးသွားလာရတာ သဘောကျ နှစ်သက်ကြပါတယ်။
ခရီးသွားတွေ ပါးသွားတဲ့ ညနေခင်းမှာတော့ ဆင်မကြီး ဘူးမားကို ချောင်းထဲမှာ ရေချိုးပေးဖို့ ဆင်ဦးစီးက ပြင်ဆင်ပါတယ်။
ရေချိုးပြီးတဲ့နောက်မှာတော့ ရေသန့်နဲ့ ထပ်မံသန့်စင်ပေးတာလည်း ဦးစောအေးရှားရဲ့ အလုပ်တွေထဲက တစ်ခုပါ။
ဆင်မကြီး ဘူးမားကို ရေချိုးပေးပြီးတဲ့နောက်မှာတော့ သံကြိုးမခတ်ချင်ဘဲ ခတ်ရတယ်လို့ ဦးစောအေးရှားက စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။
ညနေခင်းမှာတော့ ဆင်မကြီး ဘူးမားကို အစာကျွေးရပါတယ်။
အသက်ကြီးလို့ လှုပ်ရှားမှုတွေ နှေးကွေးသွားတဲ့ ဆင်မကြီး ဘူးမားကို ဦးစောအေးရှားက အချစ်ဆုံးလို့ ဆိုပါတယ်။
Photo- Wai Wai(DVB)