Home
ဆောင်းပါး
‌နွေဦးပြည်သူတို့အတွက် ပိန္နဲပင် ဆေးဖက်ဝင်
DVB
·
December 6, 2023

တော်လှန်ရေးချိန်ခွင်လျှာ အလှည့်အပြောင်းမှာ နွေဦးပန်းတိုင် နီးလို့လာပြီ။‌‌ တော်လှန်အားသစ် ရှေ့ဆက်လျှောက်ဖို့ ကျန်းမာရေးလည်း ဂရုစိုက်စို့လို့ တိုက်တွန်းအားပေးလိုက်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ပိန္နဲပင် ဆေးဖက်ဝင်အကြောင်းကို မျှဝေတင်ပြသွားမှာ ဖြစ်ပါတယ်။

ပိန္နဲသီးကို သရေစာအဖြစ်လည်းကောင်း အမျိုးမျိုးစီမံပြီး ဟင်းလျာအဖြစ်လည်းကောင်း မုန့်ပဲသရေစာများပြုလုပ်၍လည်းကောင်း အမျိုးမျိုး စားသောက်ကြပါတယ်။

ပိန္နဲပင်ကို သိပ္ပံအမည်အားဖြင့် Artocarpus heterophyllus လို့ခေါ်ပြီး အင်္ဂလိပ်လို the jack tree လို့ ခေါ်ပါတယ်။ ပိန္နဲသီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဇင့်နဲ့ ဖောလစ်အက်ဆစ်တို့အပြင် အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေ အပါအဝင် ဗီတာမင်များစွာ ပါဝင်ပါတယ်။ ပိန္နဲသီးမှာ ကယ်လိုရီနည်းပြီး ဘက်တီးရီးယားပိုးမွှားများနဲ့ ဗိုင်းရပ်စ်ပိုးမွှားများကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများနဲ့ ကိုယ်တွင်းခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။

ပိန္နဲသီးအစေ့မှာ ပရိုတင်း၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ သံဓာတ်တို့အပြင် ဗီတာမင် B6၊ niacin၊ riboflavin နဲ့ ဖောလစ်အက်ဆစ်တို့ အပါအဝင် ဗီတာမင်ဘီတွေ ပါဝင်ပါတယ်။

ပိန္နဲရွက်မှာ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

ပိန္နဲသီးမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး အစာစားလိုစိတ်ကို လျှော့ချပေးတဲ့အတွက် ပိန္နဲသီး စားပေးခြင်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ အကူအညီပေးနိုင်ပါတယ်။ မလိုအပ်ဘဲ သရေစာများ စားသောက်ခြင်းကို လျှော့ချနိုင်တဲ့အပြင် ပိန္နဲသီးကို အသားအစားထိုးအဖြစ် စားသုံးခြင်းဖြင့် ကယ်လိုရီများကို သက်သာစေပါတယ်။

ပိန္နဲသီးမှာ ဗီတာမင် စီ ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ phytonutrients (lignans, isoflavones, and saponins) ဓာတ်များ ပါဝင်တာကြောင့်  အရေပြားကျန်းမာရေးကို မြှင့်တင်ပေးပြီး အိုမင်းရင့်ရော်မှုကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။

ပိန္နဲသီးမှာ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး သွေးတွင်းကိုလက်စထရော (အဆီ) ကို လျော့ကျစေပြီး သွေးပေါင်ချိန်နဲ့ ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့အတွက် နှလုံးကျန်းမာရေးကို ကူညီပေးပါတယ်။

အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန် လျှော့ချရေးမှာ အရေးပါတဲ့ အာဟာရတခုဖြစ်ပြီး ပိန္နဲသီးမှာ အများအပြား ပါဝင်တဲ့အတွက် အချိန်ကြာကြာ ဗိုက်ပြည့်နေစေဖို့ ကူညီပေးနိုင်သလို မလိုအပ်ဘဲ အဆာပြေအစာတွေ စားခြင်းကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် အသားအစားထိုးအဖြစ် ပိန္နဲသီးကို စားသုံးခြင်းဖြင့် ကယ်လိုရီတွေကို သက်သာစေပါတယ်။

ပိန္နဲသီးမှာ သံဓာတ်နဲ့ မဂ္ဂနီဆီယမ် နှစ်မျိုးလုံး ပါဝင်တာကြောင့် အိပ်စက်မှုစွမ်းရည်ကို ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

ပိန္နဲရွက်မှာ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ပိန္နဲရွက်စားသုံးခြင်းဟာ သွေးတွင်း ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး သွေးကြောကျဉ်းခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ နို့တိုက်မိခင်များအတွက် ပိန္နဲရွက်စားသုံးခြင်းဖြင့် prolactin ဟော်မုန်းကို အားကောင်းစေပြီး မိခင်နို့ထွက်နှုန်းကို ကောင်းစေပါတယ်။ ပိန္နဲရွက်ကို ဟင်းချိုဖြစ်စေ ဟင်းခါးဖြစ်စေ ချက်ပြုတ် စားသောက်ပေးနိုင်ပါတယ်။

ပိန္နဲရွက်စိမ်းမှာပါဝင်တဲ့ သဘာဝအော်ဂဲနစ်ပစ္စည်းများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း polyphenols ဒြပ်ပေါင်းများဟာ ခန္ဓာကိုယ်တွင်းရှိ မလိုလားအပ်တဲ့ အညစ်အကြေးများနဲ့ အဆိပ်အတောက်များကို ဖယ်ရှားရာမှာ ကူညီပေးပြီး ကျန်းမာရေးအတွက် အရေးကြီးတဲ့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။

ပိန္နဲရွက်သတ္တုရည်ကို ဒဏ်ရာများမှာ လိမ်းဆေးပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျှော့ချပေးပြီး အနာကျက် မြန်စေပါတယ်။

အစားအစာမှာ ပိန္နဲရွက်ကိုထည့်ပြီး ချက်ပြုတ်စားသောက်ခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်ပြဿနာရှိသူတွေကို ကူညီပေးနိုင်ပါတယ်။

ပိန္နဲရွက်မှာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ corosolic acid (ကော်ရိုလစ်အက်ဆစ်) ဓာတုပစ္စည်း ပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူများ ပိန္နဲရွက်ကို တို့မြှုပ်စားခြင်း၊ ရေနွေးကြမ်းလုပ်သောက်ခြင်း၊ အမှုန့်ပြုလုပ်၍ သောက်သုံးခြင်း စသဖြင့် သင့်သလို မှီဝဲနိုင်ပါတယ်။

ပိန္နဲရွက်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများနဲ့ ဆေးဝါးများကြောင့် အသည်းဆဲလ်များကို မပျက်စီးစေဖို့ တားဆီးပေးတဲ့ ဂုဏ်သတ္တိများ ပါဝင်ခြင်းကြောင့် ပိန္နဲရွက်ရေနွေးကြမ်း ပုံမှန်သောက်ပေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရောဂါများမှာ နာကျင်မှုနဲ့ ရောင်ရမ်းမှု လျော့ပါးစေပါတယ်။ သွေးတွင်းအဆီကို လျှော့ချပေးပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိတဲ့အပြင် ကိုယ်အလေးချိန် လျှော့ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။ အာရုံကြောစနစ်ကိုလည်း အားကောင်းစေပါတယ်။

ပိန္နဲစေ့မှာ သံဓာတ်ကြွယ်ဝတာကြောင့် ပိန္နဲစေ့စားသုံးခြင်းဖြင့် သွေးအားနည်းသူတွေကို အကျိုးပြုစေပြီး သွေးအားနည်းရောဂါ အမျိုးမျိုးကို ကင်းဝေးစေနိုင်ပါတယ်။ ဗီတာမင် အေ ပါဝင်မှုကြောင့် ပိန္နဲစေ့ကို စားသုံးခြင်းဖြင့် အမြင်အာရုံကိုလည်း အားကောင်းစေပါတယ်။ ပိန္နဲစေ့မှာ မန်းဂနိစ် flavonoids ပါဝင်ခြင်းကြောင့် သွေးခဲခြင်းအန္တရာယ်ကို လျော့ပါးစေပါတယ်။ ပရိုတင်းဓာတ် ပါဝင်တဲ့အတွက် ကြွက်သားများ တည်ဆောက်ရာမှာ ကူညီပေးနိုင်ပါတယ်။

အစေ့မှုန့်ကို ပျားရည်၊ နွားနို့တို့နဲ့ မျက်နှာပေါ်မှာ လိမ်းပေးခြင်းဖြင့် မျက်နှာအသားအ‌ရေကို ကြည်လင်ဝင်းပစေပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ပိန္နဲပင်အမြစ်သွေးရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ‌ရေနွေးနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါမှာ ပိန္နဲပင်အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်ကို အပူပေးပြီး ထိခိုဒဏ်ရာများပေါ်မှာ ကပ်ထားပေးနိုင်ပါတယ်။

ပင်စည်သစ်သားမှာ စိတ်ငြိမ်စေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။

အပင်ရဲ့အူတိုင်မှာ ကိုယ်ဝန်ကို ပျက်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။

ပင်စည်အခေါက်ပြာကို ပြည်တည်နာများမှာ အုန်းဆီနဲ့ လိမ်းပေးနိုင်ပါတယ်။

ဝမ်းကိုက်ရောဂါမှာ အပင်အခေါက်ရင့်ရင့် ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့  ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ခြေဖဝါးကွဲအက်ခြင်းအတွက် ပင်စည်မှ အစေးကို သုတ်လိမ်းပေးနိုင်ပါတယ်။

သတိပြုရန်အနေနဲ့ ပိန္နဲစေ့စားခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိပေမဲ့ ဘေးထွက်ဆိုးကျိုး တချို့လည်း ရှိပါတယ်။ ပိန္နဲစေ့မှာပါဝင်တဲ့ trypsin inhibitors နဲ့ tannins ဓာတ်တွေဟာ တခါတရံ အာဟာရစုပ်ယူမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ပိန္နဲစေ့ကို အလွန်အကျွံ စားသုံးခြင်းဟာ ဝမ်းလျှောခြင်းနဲ့ အစာမကြေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ ပိန္နဲစေ့ကို ရှောင်ကြဥ်သင့်ပါတယ်။

ပိန္နဲစေ့ကို မျှတစွာ စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများ ရှိနိုင်ပေမဲ့ လွန်ကဲစွာ စားသုံးမိပါက ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများနဲ့ အခြားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်တဲ့အတွက် သတိထားစေလိုပါတယ်။

ပိန္နဲသီးကို သင့်တင့်တဲ့ပမာဏ စားသုံးခြင်းက ယေဘုယျအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါ။ သို့သော် ပိန္နဲသီးနဲ့ ဓာတ်မတည့်သူများ ပိန္နဲသီးကို ရှောင်သင့်ပါတယ်။

နာတာရှည် ကျောက်ကပ်ရောဂါနဲ့ ကျောက်ကပ်ပြဿနာရှိသူများ သွေးထဲမှာ ပိုတက်စီယမ်များ တိုးပွားလာစေနိုင်တဲ့အတွက် ပိန္နဲအသီးနှင့် အရွက် စားသောက်ခြင်းကို ရှောင်သင့်ပါတယ်။

တော်လှန်ပြည်သူများ ပိန္နဲပင်ဆေးဘက်ဝင် အကြောင်းကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြအပ်ပါတယ်။

ကျန်းမာစွာဖြင့် ပန်းတိုင်မှာ ဆုံတွေ့ကြပါစို့။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024