Home
မြန်မာသတင်း
သိန္နီဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျပြီး စစ်ဘေးရှောင် ၁ ဦး သေဆုံး၊  ၂ ဦး ဒဏ်ရာရ 
DVB
·
December 4, 2023

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပြီး   ဒီဇင်ဘာ ၄ ရက်  ဒီမနက်စောစောက ရှော့တိုက်ဒုံးကျလာလို့ စစ်ဘေးရှောင် ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသမီး ၁ ဦး ကတော့ ထိတ်လန့်ကာ နှလုံးသွေးရပ် သေဆုံးသွားပါတယ်။ 

ဒုံးကျည်ထိတဲ့ကျောင်းတိုက်မှာ သိန္နီမြို့အဝင် ကျောင်းခမ်းပရိယတ္တိစာသင်တိုက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေဟာ အသက် ၆၀ ကျော်အမျိုးသမီးကြီးတွေဖြစ်ကာ တိုက်ပွဲ ကြားထဲပိတ်မိနေတာကြောင့် ဆေးရုံဆေးခန်းမသွားနိုင်၊ အသုဘမချနိုင်ဖြစ်နေတယ်လို့ စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီနေ့မနက်စောစော ၅ နာရီလောက်က ကျောင်းဝင်းထဲကို ရှော့တိုက်ဒုံးကျည် ကျလာတယ်။ အသံတအားကျယ်တော့ အဒေါ်တယောက် နှလုံးသွေးရပ်ပြီး သေသွားတယ်။ နောက်အဒေါ်ကြီး နှစ်ယောက်က ဒဏ်ရာရတယ်။ သူတို့ကို မဟာမိတ်ဘက်ကကော စစ်ကောင်စီ ဘက်ကပါ ဘယ်သူမှကျောင်းဝင်းထဲက မထွက်ရဘူးလို့ ပြောလို့  ဆေးရုံ ဆေးခန်းလည်း မသွားရဘူး။ အသုဘလည်း မချရဘူး။ စားနပ်ရိက္ခာလည်း မရှိတော့ဘူးလို့ ပြောလာတယ်။ တိုက်ပွဲဖြစ်နေတော့ သွားကူညီဖို့လည်း မလွယ်ဘူး။”

အဆိုပါကျောင်းတိုက်မှာ စစ်ရှောင်ဦးရေ ၁၃၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် တိုက်ပွဲစဖြစ်ကတည်းက ရောက်ရှိနေကြတာပါ။

ကျောင်းတိုက်ဟာ စစ်ကောင်စီအမှတ် ၆၉ တပ်ရင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး အဲဒီ မရောက်ခင် အမှတ် ၁၆ တပ်ရင်းနဲ့ ၃၀၂ တပ်ရင်းတွေရှိနေကြောင်း၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဟာ သိန္နီမြို့တွင်းရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ သိမ်းပိုက်ထားပြီး မြို့အဝင်က စစ်ကောင်စီစခန်းတွေကိုပါ  သိမ်းဖို့ ကြိုးစားစဉ် တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း ပြည်သူတွေ မထိမိအောင် နှစ်ဘက်တပ်ဖွဲ့က အဝင်အထွက်ပိတ်ထာားပေမဲ့ စားနပ်ရိက္ခာ သယ်ဆောင်လို့မရတာကြောင့် အခက်အခဲဖြစ်နေသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း အဖြတ်ခံထားရတာကြောင့် သတင်းအချက်အလက်အပြည့်အစုံရဖို့လည်း ခက်ခဲနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024