Home
မြန်မာသတင်း
ပုသိမ်တွင် လမ်းဘေးဈေးဆိုင်များကို စည်ပင်ဝန်ထမ်းများက ဖျက်ဆီး
DVB
·
December 4, 2023

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မြို့တော်သန့်ရှင်းသာယာရေးခေါင်းစဉ်နဲ့ လမ်းဘေးဈေးဆိုင်တွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေက လိုက်လံဖျက်ဆီး သိမ်းဆည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့ကို မြို့နယ်သန့်ရှင်းသာယာစေရေး ခေါင်း‌စဉ်နဲ့ စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးက ၂၀၂၂ ဇွန်လကစပြီး လမ်းနယ်နိမိတ်အတွင်းမှာရှိတဲ့ လမ်းဘေးဈေးဆိုင်တွေ၊ နေအိမ်နဲ့ စားသောက်ဆိုင်တွေကို ဖယ်ရှားပေးဖို့ စည်ပင်ဝန်ထမ်းတွေကတဆင့် ညွှန်ကြားခဲ့ပါတယ်။

စတင်အမိန့်ထုတ်တဲ့အချိန်ကစပြီး စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ စည်ပင်ဝန်ထမ်းတွေက လမ်းဘေးဈေးဆိုင်တွေကို စတင်ဖျက်ဆီး သိမ်းဆည်းခဲ့ပြီး ကျန်ရှိတဲ့ ဆိုင်တွေကိုလည်း ကိုယ့်အစီအစဉ်နဲ့ ၂၀၂၃ နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းဖို့ စည်ပင်ဝန်ထမ်းတွေက ကြေညာခဲ့ပါတယ်။

ဖျက်သိမ်းဖို့ကျန်ရှိတဲ့ လမ်းဘေးဈေးဆိုင်တွေကို စည်ပင်ဝန်ထမ်းတွေက စည်ပင်ကားတွေနဲ့  ဒီဇင်ဘာ ၁ ရက်ကစပြီး လိုက်လံဖျက်ဆီးခဲ့သလို ပစ္စည်းတွေကိုလည်း သိမ်းဆည်း‌ခဲ့တယ်လို့ ပုသိမ်ဒေသခံတဦးက ပြောပါတယ်။

“ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး သူတို့က ပုသိမ်တမြို့လုံးမှာရှိတဲ့ လမ်းဘေးဈေး‌ဆိုင်တွေကို ဖျက်ပြီး စည်ပင်ကားတွေနဲ့ တခါတည်း သယ်သွားတယ်။ တမြို့လုံးအတိုင်းအတာနဲ့ဆို ဆိုင်က တော်တော်များတော့ အ‌ေရအတွက် အတိအကျ မသိပေမဲ့ ၁၀၀ နီးပါးတော့ ရှိမယ်ထင်တယ်။ ၁၃ ရပ်ကွက်ထဲမှာရှိတဲ့ ကင်မလင်းကျွန်လမ်းနဲ့ မဉ္ဇူလမ်းဘေးက ဆိုင်တွေကတော့ အများဆုံး ဖျက်သိမ်းခံရတယ်။”

လမ်းဘေးဈေးဆိုင်တွေ၊ လမ်းဧရိယာနဲ့မလွတ်တဲ့ နေအိမ်တွေနဲ့ ဆိုင်ခန်းတွေ အဖျက်ခံရတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ‌ဆိုင်ဖျက်သိမ်းခံရတဲ့ ဒေသခံတဦးက ပြောပါတယ်။

“မြို့တော်သန့်ရှင်းဖို့ ခေါင်းစဉ်တခုတည်းနဲ့ လိုက်လုပ်နေတော့ အနောက်က ဒေသခံတွေက အကုန် အခက်အခဲဖြစ်ရော။ စနစ်တကျ ဈေးရောင်းတာကို အရင်လုပ်လားဆိုတော့ မလုပ်ဘဲ လမ်းဘေးဈေးဆိုင်တွေကို ဖျက်တော့ ဈေးဆိုင်ဖွင့်တဲ့သူတွေက စားဝတ်နေရေး ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အနောက်က ပြည်သူကိုမကြည့်ဘဲ စိတ်ကူး‌တည့်ရာ လျှောက်လုပ်နေတယ်။”

မြို့တော်သန့်ရှင်းသာယာရေးအတွက် ပုသိမ်မြို့အတွင်းမှာရှိတဲ့ လမ်းဘေးဈေးဆိုင်၊ နေအိမ်နဲ့ ဆိုင်ခန်းစုစုပေါင်း ၆,၀၀၀ နီးပါးကို ၂၀၂၂ ဇွန်လကစပြီး စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေနဲ့ ရဲတွေက လိုက်လံဖျက်သိမ်း သိမ်းဆည်းနေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024