Home
မြန်မာသတင်း
ထီးချိုင့်မြို့ထဲ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကျပြီး နေအိမ်များ မီးလောင်နေ
DVB
·
November 30, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အထဲမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ပြန်ဖြစ်နေပြီး လက်နက်ကြီးကျလို့ နေအိမ်အချို့မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မြို့ထဲဝင်လာလို့ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲနောက်ပိုင်း အပြင်းထန်ဆုံးပဲလို့ ဆိုကြပါတယ်။

“မီးတွေ ထပ်ရှို့နေတယ်။ လက်နက်ကြီးနဲ့ တရစပ်ထုနေတယ်၊ မြတောင်ဘက်ခြမ်းကနေ၊ ထိတွေ့တိုက်ပွဲပေါ့။ မြိုပေါ်မီးလောင်နေတာ၊ မီးခိုးက တလူလူပဲ။ လက်နက်ကြီးပစ်သံလည်း ကြားရတယ်။ မြို့ပေါ် အလယ်တည့်တည့် ဈေးရှေ့၊ လျှပ်စစ်ဝန်းဘေးမှာ” လို့ မြို့အနားက တနေရာမှာ စစ်ရှောင်နေရတဲ့ မြို့ခံတယောက်က ပြောပါတယ်။

ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် မြို့မှာရှိတဲ့ နေအိမ် ၃ ပုံ၊ ၁ ပုံ လောက်သာ ကျန်ရှိတော့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့တအဝိုက်မှာ စစ်ကောင်စီတပ်က တပ်အင်အား ၅၀၀ ထက်မနည်းကို အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် ထီးချိုင့်-PDF၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ Tigyaing Revolution -TR တို့ဆီ DVB က ဆက်သွယ်ပေမယ့် သတင်းရေးသားချိန်ထိ စာပြန်တာမရှိသေးပါဘူး။

ဒါပေမယ့် နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းလောက်မှာ ထီးချိုင့်မြို့ထဲကို စစ်တပ်ဘက်က ဂျက်ဖိုက်တာသုံးပြီး ၄ ကြိမ်အထိ ဗုံးကြဲခဲ့ကြောင်း Tigyaing Revolution -TR က ထုတ်ပြန်ထားပါတယ်။

ထီးချိုင့်မြို့ပေါ်က ပြည်သူတွေကတော့  နိုဝင်ဘာ ၆ ရက်နေ့လောက်ကတည်းက မြို့ပေါ်ကနေ ဘေးလွတ်ရာ ကျေးရွာတွေမှာ စုပေါင်းခိုလှုံနေကြပြီး ၁ လနီးပါးကြာမြင့်လာချိန်မှာတော့ စားဝတ်နေရေး အခက်ခဲဖြစ်နေကြပြီလို့ ပြောပါတယ်။

“လုပ်ငန်းကိုင်ငန်း ဘာမှမရှိဘူးလေ။ ဒီထက်ရေရှည်ဆို ပိုဆိုးမှာ ဒီနေ့တောင်မှ မျက်ခုံးလှုပ်လှုပ် အထုပ်အပိုး ပြင်ထားရတာ။ ဆိုင်ကယ်လေးရောင်းလိုက်၊ ဟိုဟာလေးလုပ်လိုက်နဲ့ အသိတွေဆီက ပိုက်ဆံလွဲခိုင်းလိုက်နဲ့ ချေးငှားစားရတာပေါ့။ အလွန်ဆုံး ထပ်တောင့်ခံနိုင်ရင် ၁၅ ရက်လောက်ပေါ့။ PDF တွေကိုတော့ လုပ်မယ့်လုပ်၊ အဆုံးထိရောက်အောင်လုပ်လို့” ဒေသခံတဦးက ပြောပါတယ်။

စစ်ရှောင်အများစုကတော့ ထီးချိုင့်ပတ်ဝန်းကျင်မှာ အဓိက ခိုလှုံနေကြပြီး မန္တလေးဘက်ကို ဆင်းကြသူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နိုဝင်ဘာ ၈ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာလို့ သိရပါတယ်။

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024